Latest News

Wednesday, December 21, 2016

အကြမ်းဖက်မှုများကို အဆုံးစွန် တိုက်ဖျက် ချေမှုန်းသွားမည်ဟု ရုရှားကြေညာ

အကြမ်းဖက်မှုများကို အဆုံးစွန် တိုက်ဖျက် ချေမှုန်းသွားမည်ဟု ရုရှားကြေညာ
သံအမတ်ကြီး၏ ရုပ်အလောင်းအား မော်စကိုမြို့သို့ သယ်ဆောင်လာစဉ်

သံအမတ်ကြီးတစ်ဦး လုပ်ကြံခံရသည့် ဖြစ်ရပ်အပြီးတွင် ရုရှား အစိုးရက အကြမ်းဖက် ဝါဒကို တုန်လှုပ်နေမည် မဟုတ်ဘဲ အဆုံးစွန် တိုက်ဖျက် ချေမှုန်းသွားမည်ဟု ကြေညာခဲ့သည်။

တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကို လူအများ မြင်ကွင်းရှေ့၌ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

အနုပညာ ပြခန်းတစ်ခုထဲတွင် သံအမတ်ကြီး အန်ဒရီ ကာလော့ဗ် မိန့်ခွန်းပြောကြားနေချိန်၌ အသက် ၂၂ နှစ်အရွယ် မက်ဗ်လတ် မတ် အယ်လ်တင်တက်စ်ဆိုသော အမျိုးသားက နောက်ဘက်မှ ပစ္စတိုဖြင့် ဆင့်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် တူရကီ ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး တာဝန်ချိန် မဟုတ်ဘဲ ထိုနေရာသို့ ရောက်နေခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

အယ်လ်တင်တက်စ်သည် သံအမတ်ကြီးကို ပစ်ခတ်ပြီးနောက် “ဘုရားသခင်ဟာ ကြီးမြတ်ပါပေတယ်။ အေလက်ပိုအကြောင်း မမေ့နဲ့။ ဆီးရီးယားကို မမေ့ကြနဲ့”ဟု အော်ဟစ်နေခဲ့သည်။ ရုရှားသည် အေလက်ပိုမြို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ ဆီးရီးယား ပြည်တွင်းစစ်တွင် ပါဝင် စွက်ဖက်နေခြင်းကို သေနတ်သမားက ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။ ၎င်းကို တူရကီ လုံခြုံရေး တပ်ဖွဲ့များက သုတ်သင် ရှင်းလင်းခဲ့ရသည်။

ပြီးခဲ့သည့်နှစ်က တူရကီ လေပိုင်နက်ထဲ လမ်းမှားဝင်လာသည့် ရုရှားဗုံးကြဲလေယာဉ် တစ်စီးကို တူရကီက ပစ်ချခဲ့သည့် ဖြစ်ရပ်ကြောင့် အေးခဲသွားသည့် ဆက်ဆံရေးကို နှစ်နိုင်ငံ ပြန်လည် ညှိနှိုင်း မြှင့်တင်နေစဉ် ယခုလို အခြေအနေ ကြုံလာခြင်း ဖြစ်သည်။ ရုရှားနှင့် တူရကီ အစိုးရများက ယခုဖြစ်ရပ်သည် ပြဿနာကို မီးမွှေးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုဟု လက်ခံထားပြီး မိမိတို့၏ ဆက်ဆံရေးကို အထိခိုက် ခံမည်မဟုတ်ဟု အသီးသီး ကြေညာသည်။ လတ်တလောတွင် တူရကီ ရဲတပ်ဖွဲ့က သေနတ်သမား၏ ဆွေမျိုးသားချင်း အချို့ကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက် ရှိသည်။

သံအမတ်ကြီး ကာလော့ဗ်၏ ရုပ်အလောင်းသည် ဒီဇင်ဘာ ၂၀ ညနေပိုင်းတွင် မော်စကိုမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ၎င်းအတွက် အထူးပြုလုပ်သည့် ဝမ်းနည်းမှု အထိမ်းအမှတ် အခမ်းအနားသို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး လက်ဗ်ရော့ဗ်ရော၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗ်လတ် ကာဗူဆိုဂလူတို့ပါ တက်ရောက်ခဲ့သည်။

လက်ဗ်ရော့ဗ်က ယခုဖြစ်ရပ်နှင့် စပ်လျဉ်းပြီး “ဒီဝမ်းနည်းစရာ ဖြစ်ရပ်ဆိုးက ကျုပ်တို့အနေနဲ့ အကြမ်းဖက်မှုကို  ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ဖျက်ပစ်ဖို့ တွန်းအားဖြစ်လာစေတယ်။ ရုရှားဟာ အခုလို အကြမ်းဖက်မှုမျိုးကို တုန်လှုပ်နေမှာ မဟုတ်ဘူး။ အကြမ်းဖက်သမားတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး သုတ်သင် ရှင်းလင်းဖို့ ကျုပ်တို့လုပ်ရမယ်”ဟု ဆိုသည်။

ကာဗူဆိုဂလူကလည်း ယခုအကြမ်းဖက်မှုကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးအတွက် ကြိုးစား တည်ဆောက်ထားမှုများကို လုံးဝ ထိခိုက်စေမည် မဟုတ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းသည် ဖြစ်ရပ်ကို စုံစမ်းရန် တူရကီသို့ ရောက်ရှိလာသည့် ရုရှား ထောက်လှမ်းရေး အဖွဲ့ကို ကိုယ်တိုင် ကြိုဆိုခဲ့သလို နောက်ကွယ်မှ ကြိုးကိုင်သူကို ဖော်ထုတ်နိုင်ရန် နှစ်နိုင်ငံ အစွမ်းကုန် ပူးပေါင်း ကြိုးစားသွားမည်ဟု ကြေညာခဲ့သည်။

လတ်တလောတွင် သေနတ်သမား အယ်လ်တင်တက်စ်၏ မိဘများ၊ အစ်မ၊ ဦးလေးနှင့် အခြားဆွေမျိုးများ၊ အတူနေသည့် အခန်းဖော်တို့ အပါအဝင် လူ ၇ ဦးကို ရဲများက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက် ရှိသည်။ နောက်ပိုင်းတွင်မူ အယ်လ်တင်တက်စ်၏ ဦးလေးဖြစ်သူကို အာမခံဖြင့် ယာယီ ပြန်လွှတ်ထားကြောင်း သိရှိရသည်။

Sources : CNN & 7 Day

No comments:

Post a Comment