Latest News

Tuesday, December 20, 2016

နတ်တော်လနှင့် ပွဲတော်များ

နတ်တော်လနှင့် ပွဲတော်များ

ဆောင်းပါး-ဒေါက်တာမောင်ဖြေ

နတ်တော်လသည် နတ်ကိုအကြောင်းပြု၍ ပေါ်ပေါက်လာသည်ဆို၏။ ဤလတွင် နတ်တို့ ပျော်မြူးလေ့ရှိ၍ 'နတ်ပျော်လ'ဟုဆိုရာမှ နတ်တော်လဖြစ်လာသည်ဟု ဆို၏။

'နတ်တော်လရောက် ကောက်ဆွပေါက်' ဟု ဆိုစကားရှိ၏။ ရိတ်သိမ်းပြီးသော ရွှေဝါရောင်ကောက်လှိုင်းစည်းတို့ကို လှည်းဖြင့်တိုက်၍ မိမိတို့လုပ်ငန်းခွင် တလင်း သို့အရောက် သယ်ဆောင်လာကြ၏။ ကောက်လှိုင်းပုံမှ ကောက်ပြန့်ခင်း၍ နွား၊ ကျွဲများဖြင့် စပါးနယ်ရ၏။ နင်းနယ်ပြီးသော ကောက်ပြန့်များကို ကောက်ရိုးတခြား၊ စပါးတခြားဖြစ်အောင် လယ်ယာလုပ်သားကြီးတို့က ကောက်ဆွပေးရခြင်းဖြစ်၏။

ရှေးခေတ်က စစ်မက်အင်္ဂါပြည့်စုံစေရန် ဆင်တပ်၊ မြင်းတပ်စသည်တို့က အဓိက ဖြစ်၏။ ဆင်တပ်၊ မြင်းတပ်ပြည့်စုံသော တိုင်းပြည်က စစ်ရေးစစ်ရာတွင် အသာရရန် များ၏။ ရှေးခေတ်က မြန်မာဘုရင်တို့သည် နတ်တော်လတွင် ဆင်ဖမ်းပွဲကို တခမ်း တနားကျင်းပခဲ့ကြကြောင်း တောင်ငူခေတ် စာဆိုအကျော်တစ်ဦးဖြစ်သော မင်း ဇေယျရ္တမိတ်က ဖွဲ့ဆိုခဲ့၏။
နတ်တော်လတွင် ရှေးမြန်မာဘုရင်တို့သည် စစ်ဘက်၊ စာပေဘက်၊ အုပ်ချုပ်ရေး ဘက်တွင် ထူးချွန်သော ပညာရှင်များ၊ မင်းညီမင်းသား၊ မှူးမတ်စသည်တို့အား ဘွဲ့ ထူး ဂုဏ်ထူးများ ပေးအပ်ချီးမြှင့်လေ့ရှိ၏။ ထိုသို့ ဘွဲ့နှင်းသဘင်ပွဲ ဆင်ယင်ကျင်းပ ခြင်းဖြင့် နိုင်ငံတော်တွင် စစ်သူရဲကောင်း၊ စာပေသူရဲကောင်း၊ အုပ်ချုပ်စီမံမှု ထူးချွန် သူများ ထွက်ပေါ်လာအောင် ဖန်တီးရာရောက်သဖြင့် တိုင်းပြည်အတွက်အကျိုးရှိသော ပွဲတော်မျိုးဖြစ်၏။
ဝေါဟာရလီနတ္ထပကာသနီဆရာကြီးက ပူဇော်ပသသော နတ်တော်အကြောင်းကို နှစ်မျိုးဖွင့်ဆိုထား၏။ ပထမတွင် 'ဂေါဇာနေမင်း၊ ဗြ္ဆိာချင်း၍' အစချီိသော ဟိတ ကာရီကျမ်းလင်္ကာကို ကိုးကား၍လည်းကောင်း၊ 'သဇင်ပွင့်ပေါ်၊ လနတ်တော်ကား၊ ပူဇော်ကြီးစွာ၊ မင်းဆရာတို့၊ မဟာပိန္နဲ၊ ကျွေးမြဲစီရင်၊ ရွှေကြိုးငင်လျက်'ဟူသော ဦးအောင်ကြီး၏ ဆယ့်နှစ်လရာသီလူးတားကို ထောက်၍လည်းကောင်း က္ဘာဦး ကာလက နတ်တော်လတွင် မဟာပိန္နဲနတ်မင်းကို ပူဇော်ပသလေ့ရှိကြသည်ဟု ဖွင့်ဆို ၏။

မဟာဂီရိနတ်ပွဲနှင့် မဟာပိန္နဲနတ်ပွဲ

မြန်မာလူမျိုးအများစု၏အိမ်တွင် ကြွက်မြီးပါသောအုန်းသီး၌ ရှာနီရှာဖြူတို့ကို ပတ်၍ ကိုးကွယ်သည့် နတ်မောင်နှမရှိ၏။ ထိုနတ်မောင်နှမကို 'အိမ်တွင်းနတ်'ဟူ၍ ခေါ်၏။ ယင်းနတ်မောင်နှမအနက် မောင်တော်နတ်အား ပုပ္ပားတောင်ကြီး၌ ကနား ရ၏။ ထိုတောင်ကြီး၌ပင် နေသည်ကိုစွဲပြီး တောင်ကြီးမောင်တော် ပါဠိဘာသာဖြင့် မဟာဂီရိ(မဟာကြီးသော+ဂီရိ=တောင်)ဟုလည်းကောင်း၊ နှမတော်နတ်အား မြန်မာဘာသာဖြင့် တောင်ကြီးရှင်ဟုလည်းကောင်း ခေါ်ကြ၏။

ရာဇဝင်အဆိုအရ သက္ကရာဇ် ၂၂၆ ခုနှစ် ပုဂံ သေလည်ချောင်မင်းလက် ထက်မှစ၍ မိဖုရား၊ မှူးမတ်ဗိုလ်ပါများနှင့်အတူ ပုဂံပြည်သူပြည်သား အပေါင်းတို့သည် နတ်တော်လသို့ရောက်လျှင် ပုပ္ပားတောင်သို့တက်ပြီး ကျွဲဖြူ၊ နွားဖြူ၊ ဆိတ်ဖြူ၊ ကြက်ဖြူ၊ သေရည်သေရက်စားပွဲများဖြင့် ပူဇော်ပသကြ၏။ ထိုမင်းလက်ထက်မှစ၍ ပုဂံမင်းအဆက်ဆက်တို့သည် ပုပ္ပားတောင်သို့တက်ပြီး မဟာဂီရိနတ်ပူဇော်ပွဲကို နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိ၏။

မှန်နန်းမဟာရာဇဝင်တော်ကြီးကို ထောက်ရှု၍ မဟာဂီရိနတ်သည် ပင်းယခေတ်၌ နန်းတွင်းနတ်အဖြစ် အရေးပါကြောင်း သိရှိရ၏။ မြန်မာနိုင်ငံတွင် နတ်ကိုးကွယ် မှုများသည် တစ်ခါတစ်ရံ တစ်ဖက်စွန်းသို့ ရောက်လာတတ်၏။ ထို့ကြောင့် မြန်မာ ဘုရင် မင်းကောင်းမင်းမြတ်တို့သည် မင်းအာဏာဖြင့် နှိမ်နင်းခဲ့ကြရသည်ကို မြန်မာ့ သမိုင်းများ၌ တွေ့ရှိရ၏။
အနော်ရထာမင်းလက်ထက်က လူတို့သည် မိမိတို့၏အိမ်ရှေ့တွင် နတ်အိမ်ငယ် များဆောက်လုပ်၍ နတ်ရုပ်များသွင်းကာ နေ့စဉ် အစားအစာများကိုတင်၍ ပူဇော် လေ့ရှိ၏။ ထိုအချိန်တွင် မင်းမဟာဂီရိ နတ်မောင်နှမတို့ ထင်ရှားခေတ်စားနေချိန်ဖြစ်၏။ အနော်ရထာမင်းသည် မင်းမိန့်ဖြင့် ထိုနတ်အိမ်များကို ဖျက်စေ၍ ပုဂံသူပုဂံသား တို့သည် မင်းမိန့်ကို မတော်လှန်ဝံ့ကြပေ။ နတ်ရုပ်တို့ကို သံကြိုးဖြင့်ချည်တွဲကာ ပုဂံ ရွှေစည်းခုံဘုရား တစ်နေရာ၌ စုထားစေ၏။ ယခုတိုင် ဘုရားရင်ပြင်တော်၏ တစ် ထောင့်တွင် ၃၇ မင်းနတ်ရုပ်များ ရှိ၏။

ပုဂံသူပုဂံသားတို့သည် မိမိတို့အိမ်တွင်း၌ အုန်းသီးများဆွဲကာ နတ်တို့၏ကိုယ်စား အဖြစ်လည်းကောင်း၊ ပူဇော်ပသခြင်းအဖြစ်လည်းကောင်း ကိုးကွယ်ထားကြ၏။ ယင်းအချိန်မှစပြီး မဟာဂီရိနတ်သည် အိမ်တွင်းသို့ ရောက်သွားဟန်ရှိ၏။

အိမ်တွင်းတွင် အုန်းသီးချိတ်ဆွဲ၍ ကိုးကွယ်သောနတ်ကို အိမ်တွင်းမင်းမဟာဂီရိဟု ခေါ်ဆိုနေ၏။ အုန်းသီးစိမ်းကို နတ်အုန်းသီးအဖြစ် တင်မြှောက်ပသထားခြင်းဖြစ်၏။ မဟာဂီရိနတ်မှာ စံကားပင်တွင်ချည်နှောင်၍ ဖိုကျင်ထိုးပြီး အသတ်ခံရ၏။ ထို့ ကြောင့် မီးကိုအလိုမရှိ။ မီးရောင်ကိုပင် အမြင်မခံလို။ မီးရောင်မထိအောင် ကာဆီး ထားရ၏။ အုန်းသီးစိမ်းရေသည် မီးလောင်ခံရသူတို့ကို အပူသက်သာစေ၏။ ယင်းအဓိပ္ပာယ်ဖြင့် မဟာဂီရိနတ်ကို အုန်းသီးစိမ်းဖြင့် ပူဇော်ပသထားခြင်းဖြစ်၏။ ရှာနီရှာဖြူမှာ နတ်ခေါင်းပေါင်းများအဖြစ် ပူဇော်ထားသော နတ်အသုံးအဆောင် များဖြစ်၏။
သက္ကရာဇ် ၉၁၈ ခု ဘုရင့်နောင်လက်ထက်တွင် နတ်ကိုးကွယ်ပသမှုတို့သည် အလွန် ကြမ်းတမ်းလာ၏။ မင်းမိန့်ဖြင့် နှိမ်နင်းတားမြစ် ဖျက်ဆီးယူရ၏။ ထိုအချိန် မှစပြီး မဟာဂီရိနတ်မောင်နှမအား သက်သတ်လွတ်ဘောဇဉ် အာဟာရများဖြင့် ပူဇော်ပသရ၏။ နောက်ပိုင်းတွင် နတ်တော်လ၌ မဟာဂီရိနတ်မောင်နှမအား ပူဇော်ပသမှုသည် ဗုဒ္ဓဝါဒနှင့်မကိုက်ညီ၍ တစ်စတစ်စ ကွယ်ပသွား၏။

မြန်မာဘုရင်များသည် နတ်တော်လကျရောက်သောအခါ မဟာပိန္နဲနတ်ကိုသာ ရထားတင်ဆွဲစေပြီး ပူဇော်ပူသကြ၏။ ဒုတိယအင်းဝ ခေတ်ဦးပိုင်း နတ်တော်လတွင် မဟာဂီရိနတ်ပွဲအစား မဟာပိန္နဲနတ်ပွဲကို ရာသီပွဲအဖြစ် ပြောင်းလဲကျင်းပသည်ဟု ခန့်မှန်းရ၏။

မဟာပိန္နဲနတ်မင်းသည် နတ်ကြီးငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ပရမီသွာ နတ်မင်းကြီး၏မိဖုရား ဟာရီနီမည်သော ဥမ္မာဒေဝီမှ ဖွားမြင်သောသား ဖြစ်၏။ ဖခင် ပရမီသွာနတ်မင်းနှင့် တူ၏။ ကွဲပြားခြားနားစေလို၍ လည်ပင်း၌ ဆည်းလည်းဆွဲ ထား၏။ စန္ဒကုမာရဟုလည်း ခေါ်၏။ ဥဒေါင်းယာဉ်ကို စီး၏။ ဇမ္ဗူဒီပါ တောင်မျက်နှာ အရပ်တွင်လည်းကောင်း၊ မြောက်မျက်နှာအရပ်ဖြစ်သော စိန့်တိုင်းတွင်လည်း ကောင်းနေသည်ဟု လောကပညတ္တိကျမ်း၌ ဆို၏။

တန်ဆောင်မုန်းလတွင်မွေးဖွား၍ အစွယ်တစ်ချောင်းရှိကြောင်း၊ ဆင်မျက်နှာနှင့်တူကြောင်း၊ လှံလက်နက်စွဲကိုင် ကြောင်း၊ ဥဒေါင်းယာဉ်ရှိကြောင်း၊ နတ်စစ်သူကြီးဖြစ်ကြောင်း သက္ကတအဘိဓာန်၌ ဖွင့်ကြ၏။ အမရကောသ အဘိဓာန်ကျမ်းတွင် မဟာပိန္နဲနတ်၏ အမည်များကို ဝိနာယက စသည်ဖြင့် ရှစ်မျိုးပြဆိုထား၏။

ဘိုးတော်မင်းတရား မေးလျှောက်၍ ပထမမောင်းထောင်သာသနာပိုင်ဆရာ တော်ဘုရားကြီး ဖြေဆိုတော်မူသည့် အမေးတော်ဖြေကျမ်းတွင် မဟာပိန္နဲနတ် ပူဇော် နည်းကို ပဉဒေဝတာကျမ်း၊ တ္တြသာရကျမ်းတို့နှင့်အညီ ဤသို့ပြဆိုထား၏။ ဖျင်ပုဆိုး တွင် ပွင့်ချပ်ရှစ်ခု၊ ဝတ်မှုန်ရှစ်ဆန်ပါသော ပဒုမ္မာကြာကိုရေးပြီး ယင်းအချပ်ရှစ်ခုနှင့် အလယ်ဝတ်မှုန်တွင် မာန်ကိုးပါးကိုချကာ ဒေါင်းယာဉ်ပျံရထားပေါ်၌ အသီးသီး ရပ်လျက် နတ်ပင့်မ္တာန်များကို ရွတ်ဖတ်၍ နတ်ကို ရထားပေါ်သို့ပင့်ရ၏။ ချိုးရေ၊ သောက်ရေတို့ကို ပသရ၏။ တစ်ဖန် နံ့သာရည်၊ ပန်း၊ ဆီမီး၊ သစ်သီး၊ အချိုအချဉ်၊ နွားနို့ထမင်း၊ အဖျော်များနှင့် ကွမ်းတို့ကို ပူဇော်ရ၏။ ထို့နောက် ပုဏ္ဏားရှစ်ယောက် တို့က ဂါထာရွတ်ဖတ်ရှိခိုးပြီး ဆုတောင်းဆုပန်ပြုကြရ၏ဟု ဖော်ပြပါရှိသည်။

ထိုမဟာပိန္နဲနတ် ပူဇော်ပွဲမှာ ရိုးရာပွဲတစ်ခုဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာကျမ်းဂန် များအရ ဖြစ်ပေါ်လာသော ပွဲတော်မဟုတ်ပေ။ ယင်းသို့သောပွဲတော်ကို 'ဆယ်နှစ် ဖြာငယ်၊ ရာသီဓနု၊ ရွှေဟင်္သာလဲ၊ တာရာဖြူလို့၊ ဇေယျူငယ်ဗြဟ္မာ၊ ဟေမ္တမို့၊ မဟာ ပိန္နဲ နတ်မင်းပွဲမှာ ကျွေးမြဲပူဇော် လနတ်တော်ကို ရှုမျှော်တိမ်ဆီ မိဂသီလဲ၊ ခါညီမွန်း လယ် ထွန်းရောင်ခြည်ခြယ်သောအခါ၊ နတ်ရွှေဝဥကင်မှာ ဂမုန်းအင်သဇင်မင်း ငယ်က သင်းလှတယ်လေး'ဟူ၍ မဟာအတုလမင်းကြီးက လွမ်းချင်းဖြင့် မှတ်တမ်းတင်ခဲ့သည်။

စာဆိုတော်ပွဲ

မျက်မှောက်အခါတွင် နတ်တော်လတွင် နတ်ပူဇော်ပွဲများပြုလုပ်သည့်ဓလေ့ ပပျောက်၍ စာဆိုတော်ပွဲသာလျှင် ကျင်းပလာကြသည်။ စာဆိုတော်ပွဲသည် ဘိုးတော်မင်းတရားလက်ထက်ကပင် စတင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ နတ်တော်လကို မျက်မှောက်ခေတ်ကာလတွင် စာဆိုတော်လအဖြစ်လည်းကောင်း၊ နှစ်စဉ်နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့ဟုလည်းကောင်း သတ်မှတ်ခဲ့ ကြသည်။

စာပေသည် အနုပညာအားလုံး၏ ကိန်းဝပ်ရာဖြစ်သည်သာမက ယဉ်ကျေးမှု အနုပညာ၏ အသက်သွေးခဲဖြစ်သည်။ အသိလိမ္မာ၊ ဉာဏ်ပညာ ထွန်းကားစေရန် အတွက်လည်း အထောက်အကူပြုသည့် မီးရှူးတန်ဆောင်ဖြစ်သည်။ ထိုမီးရှူးတန် ဆောင်ဖြစ်သည့် စာပေများကို ရှေးရှေးသော ကျမ်းပြုအကျော်အမော် ဆရာတော် ကြီးများ၊ ရဟန်းပညာရှိ၊ လူပညာရှိ၊ စာပေပညာရှိကြီးများက ရေးသားလမ်းညွှန် ကြသည်။ ထို့ကြောင့်ပင် ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ထွန်းကား ပြန့်ပွား ခြင်းဖြစ်သည်။

ယင်းသို့ တည်တံ့နေခြင်းမှာလည်း ပုဂံ၊ ပင်းယ၊ အင်းဝမှသည် ခေတ်အဆက်ဆက် အတွေးအခေါ်၊ အလိမ္မာ၊ ယဉ်ကျေးမှုစသည်တို့ကို ပေထက်တွင်ရေးခြစ်၍ မှတ်တမ်း တင်ထားသည်။ ကျောက်ထက်တွင်ထွင်း၍ ထိန်းသိမ်းခဲ့သည်။ စာရွက်ပေါ်တွင် ပုံနှိပ် မှတ်တမ်းတင်သည်။ စကားပြေ၊ ကဗျာစသည့် အရေးအဖွဲ့များဖြင့် ပြုစုထားခဲ့သည်။ ထိုစာပေတို့အား စာပေပညာရှင်များက လေ့လာမှီငြမ်း မှတ်တမ်းတင်၍ ဆည်းပူး လေသည်။
ယခုခေတ်အခါတွင်ကား နတ်တော်လသည် နတ်ပူဇော်ပွဲများပြုလုပ်သည့်လ မဟုတ်တော့ဘဲ နိုင်ငံတော်၏ အမျိုးသားရေးဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍအသီးသီးတွင် ဘက်စုံဖွံ့ဖြိုးစေရန်အတွက် အသက်ဝိညာဉ် ဖြစ်သည့် စာပေကို နိုင်ငံတော်က မြှင့်တင်လျက်ရှိသည့် အခါသမယ နတ်တော်လဟု ဆိုရမည်ဖြစ်ပေတော့သည်။ ။

Sources ; MOI

No comments:

Post a Comment