Latest News

Sunday, December 11, 2016

မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးအနီးရှိ အရက်ပုန်းဆိုင်များကို ရှင်းလင်းမည်

မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးအနီးရှိ အရက်ပုန်းဆိုင်များကို ရှင်းလင်းမည်

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးအား လုံခြုံရေးကင်မရာ (စီစီတီဗီ) အလုံးရေ ၇၀ ကျော်တပ်ဆင် မည်ဖြစ်ကြောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ အရက်ပုန်းဆိုင်များကို ရှင်းလင်းရန် စီစဉ်နေကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက News Watch သို့ ပြောသည်။

“လုံခြုံရေးအတွက် စီစီတီဗီတွေတပ်ဖို့ စီစဉ်နေပြီ။ ၀န်ထမ်းတွေ ကတ်ပြားတွေ လုပ်ခိုင်းထားတာရှိတယ်။ အရက်ပုန်းဆိုင်တွေကိုရှင်းလင်းဖို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းတွေနဲ့ ဆွေးနွေးထားပြီးပြီ''ဟု ၎င်းကပြောသည်။

ကြက်ဘဲဈေး၏အနံ့အသက်များကို ဈေး၏ရှေ့ဘက်ရှိ မူလတန်းကျောင်းနှင့် အနီးရှိရပ်ကွက်များမှ ဆိုးဝါးစွာခံစား နေရပြီး ရပ်ကွက်အတွင်းအရက်ပုန်းဆိုင်များကြောင့် ညစဉ်ညတိုင်းမူးယစ်ရမ်းကားသည့် ပြဿနာများ မကြာခဏကြုံတွေ့နေရသည်ဟု ပြည်သူအချို့မှ တင်ပြလာကြောင်း အဆိုပါဈေးကို အပြီးတိုင် ရွှေ့ပြောင်းပေးရန် ရပ်ကွက်နေ ပြည်သူများက လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာတာဝန်ရှိသူများထံ ပေးပို့ရန်စီစဉ်နေကြောင်း ဒေါ်ဖြူဖြူသင်းက ပြောသည်။

''ပြည်သူတွေကတော့ ဖျက်ချင်နေတဲ့ ပုံစံရှိနေတယ်။ ဒါပေမဲ့ လတ်တလော ဖြစ်နေတဲ့ လုံခြုံရေးကိစ္စတွေ၊ ဈေးက အနံ့အသက်ကိစ္စတွေ၊ သေသေချာချာ ကိုင်တွယ်ဖြေရှင်းဖို့ စီစီတီဗီတွေတပ်ဖို့ လုပ်နေတယ်။ ၀န်ထမ်းတွေကို ကတ်ပြားတွေထုတ်ပေးဖို့ လုပ်ထားတာတွေရှိတယ်။ နောက်ပြီးတော့ အဲဒီအနားမှာရှိတဲ့ အရက်ပုန်းဆိုင်ကိစ္စတွေ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့တွေ့ပြီး ရှေ့တပတ်မှာ ဆွေးနွေးမယ်။ အဓိက ဖြစ်နေတဲ့ ပြဿနာတွေက အရက်ကြောင့်လည်း ဖြစ်နေတာကိုး။ တရားမ၀င် ဖွင့်ထားတဲ့ အရက်ပုန်းဆိုင်တွေကို ဆွေး နွေးညှိနှိုင်းပြီးတော့ တမြို့နယ်လုံးမှာ ဘယ်နှဆိုင်ရှိလဲဆိုတာ ညှိရမှာပေါ့။ လတ်တလောလုပ်ရမယ့်ကိစ္စတွေ၊ ဖြေရှင်းရမယ့်ကိစ္စတွေကို အမြန်ဆုံးဖြေရှင်းမယ်။ ပြီးတော့မှ လိုအပ်ချက်တွေရှိနေတာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာပါ''ဟု ၎င်းက ပြောသည်။

ကြက်ဘဲဈေး၏ လုံခြုံရေးအား နည်းခြင်း၊ သန့်ရှင်းရေးအားနည်းခြင်းနှင့် ဈေးအနီးရှိ အရက်ဆိုင်များကိစ္စနှင့်ပတ်သက်၍ မြို့နယ်စည်ပင်၊ ဈေးတာဝန်ခံ၊ ဈေးသာယာရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြို့တော်စည်ပင်မှ တာဝန်ရှိသူများနှင့်လည်း လာမည့်တပတ်တွင် တွေ့ဆုံရန်စီစဉ်နေကြောင်း ဒေါ်ဖြူဖြူသင်းက ပြောသည်။

ကြက်ဘဲဈေးအား လုံခြုံရေးကင်မရာများတပ်ဆင်မှု၊ ဈေးအနီးရှိ အရက်ပုန်းဆိုင်များ ရှင်းလင်းဖယ်ရှားမှုနှင့်ပတ်သက်၍ ''ဒါက ဈေးသာယာရေးအဖွဲ့ဦးစီးပြီးတော့ ကိုယ့်အားကိုယ်ကိုး အစီအစဉ်နဲ့လုပ်ကြမှာပါ။ လောလောဆယ်ဆိုင်တွေကို ဆွေးနွေးတိုင်ပင်နေကြတယ်။ အလုံးရေကတော့ သူတို့ဆိုင်ခန်းအနေအထားနဲ့ စီစီတီဗီ ၁၀၀ လောက် ရှိမယ် ထင်တယ်။ ဦးတို့ဆီကိုတော့ စာရင်းတက်မလာသေးဘူး။ သူတို့ဆိုင်တွေကိုစည်းရုံးနေတုန်းပါ။ အရက်ပုန်း ဆိုင်တွေ ရှင်းလင်းမယ့်ကိစ္စကတော့ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းကပဲ သိလိမ့်မယ်။ ဦးတို့ကတော့ ဈေးဝင်းထဲမှာမရှိအောင်တော့ ကြပ်မတ်သွားမယ်''ဟု စည်ပင်ဈေးများဌာနမှ လက်ထောက်ဌာနမှူး ဦးကျော်မြင့်က ပြောသည်။
လင်းလင်းအောင်
News Watch

No comments:

Post a Comment