Latest News

Saturday, December 17, 2016

မြေနီကုန်း ငွေလဲကောင်တာဓားပြတိုက်ခံရမှု ပြည်သူအားလုံးမှာ တာဝန်ရှိဟု နယ်လုံဝန်ကြီးပြော

မြေနီကုန်း ငွေလဲကောင်တာဓားပြတိုက်ခံရမှု ပြည်သူအားလုံးမှာ တာဝန်ရှိဟု နယ်လုံဝန်ကြီးပြော

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ။             ။ မြေနီကုန်းရှိ နိုင်ငံခြားငွေလဲကောင်တာ ဓားပြတိုက်ခံရမှုတွင် တရားခံများလွတ်မြောက်သွားခြင်းသည် ပြည်သူများ၌ တာဝန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောဆိုခဲ့သည်။

"ငွေလဲကောင်တာကို ဓားပြ၀င်တိုက်သွားတာကို အပြင်မှာ အုပ်လိုက်ကြီး ရပ်ကြည့်နေကြတာမျိုးကလည်း တော်တော်လေး အခြေအနေဆိုးပါတယ်။ ၀င်ပြီး နပန်းလုံးစရာမလိုပါဘူး။  ဖုန်းဆက်ပြီး ပြောလိုက်ရုံနဲ့ ကျွန်တော်တို့ အလျင်အမြန် ဖမ်းဆီးနိုင်မယ့်အနေအထားမျိုးမှာ အလွယ်တကူပဲ လွတ်မြောက်သွားတဲ့အနေအထားမျိုးတွေဟာ အားလုံးမှာ တာဝန်ရှိပါတယ်" ဟု ၄င်းက ပြောဆိုခဲ့သည်။

ယမန်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ရန်ုကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့တွင် ဗိုလ်မှူးကြီးတင်အောင်ထွန်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့က စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ ရှမ်းကုန်းလမ်း တိုက် ၁၄/ဘီ မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် MS Group Exchange နိုင်ငံခြားငွေလဲကောင်တာ၌ လူနှစ်ဦးမှ   သေနတ်ဖြင့်ပစ်ခတ်ပြီး လုယက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကျူးလွန်သူနှစ်ဦးမှာ တိုင်းရင်းသားဘာသာဖြင့် စကားပြောဆိုကြောင်း၊ အသားညို ခပ်၀၀နှင့် တစ်ဦး၊ အသားဖြူအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူတစ်ဦးတို့ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

"စွန့်စွန့်စားစားနဲ့ သက်စွန့်ဆံဖျားမလုပ်ရဘဲ ဒီလိုလွယ်လွယ်ကူကူရပြီး လွတ်မြောက်သွားတာမျိုးက ကျွန်တော်တို့ လုံးဝမဖြစ်ခံပါဘူး။ ဒါကို မိအောင် ကျွန်တော်တို့တောက်လျှောက်ဆောင်ရွက်နေပါတယ်" ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောဆိုခဲ့သည်။

အဆိုပါလုယက်မှုတွင် ငွေကျပ် ၅ သိန်းအုပ် စုစုပေါင်း ၃၅ အုပ်၊ တန်ဖိုး ကျပ်သိန်း ၁၅၀ ခန့်၊ အံဆွဲအတွင်းမှ အမေရိကန်ဒေါ်လာ ၁၅၀၀၀ ခန့်၊ တန်ဖိုး ကျပ် ၄ သိန်းခန့်ရှိ ငွေဖြည့်ကတ်မျိုးစုံ ၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် အခြားပစ္စည်းများ ယူဆောင်သွားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


SOURCES MIZZIMA

No comments:

Post a Comment