Latest News

Thursday, December 15, 2016

အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှုကို အရေးယူဆောင်ရွက်မည်ဟု အိုဘားမားပြော

အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှုကို အရေးယူဆောင်ရွက်မည်ဟု အိုဘားမားပြော

ရုရှားဟက်ကာတွေက အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရစေရန် ကူညီခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်းတွေက ဆိုပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲကို စွက်ဖက်နှောင့်ယှက်မှုအတွက် ရုရှားကို အရေးယူဆောင်ရွက်ရန် လိုအပ်ပြီး ထိုသို့ လုပ်ဆောင်သွားမှာလည်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ရုရှားထောက်လှမ်းရေးအဖွဲ့တွေရဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲစနစ်ကို hack လုပ်မှုကို ကြီးကြပ်ညွှန်ကြားခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူ ၃ ဦးက ယမန်နေ့ (ဒီဇင်ဘာ ၁၅ ရက်) မှာ ပြောကြားထားပါတယ်။

ရွေးကောက်ပွဲကို စွက်ဖက်မှုအတွက် ရုရှားကို အရေးယူဆောင်ရွက်မည်ဟု အိုဘားမားပြော

ပူတင်က ၎င်းရဲ့ဟက်ကာတွေကို အသုံးချကာ အမေရိကန်ရဲ့ ဒီမိုကရေစီစနစ်ကို ဂုဏ်သိက္ခာကျစေပြီး အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရစေရန် ကူညီခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။ အမေရိကန်တာဝန်ရှိသူတွေက ထိုသို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် သမ္မတအိုဘားမား ကိုင်တိုင်က ရုရှားလုပ်ရပ်အပေါ် အရေးယူဆောင်ရွက်သွားမယ်လို့ အိုဘားမားက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ရုရှားဟက်ကာတွေက ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူများ အပါအဝင် တစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေရဲ့ အီးမေးလ်ကဲ့သို့ အချက်အလက်တွေကို hack လုပ်ပြီး အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ခြယ်လှယ်ရန် ကြိုးပမ်းခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက ကောက်ချက်ချထားပါတယ်။

အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေ အဆိုပါ ကောက်ချက်ချမှုအပေါ် ရွေးကောက်ခံသမ္မတ ထရန့်က ဒေါသထွက်ခဲ့ပြီး ၎င်းအနေနဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ တရားမျှတစွာ အနိုင်ရခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ထရန့်က ရွေးကောက်ပွဲစနစ်ကို ရုရှားဟက်ကာများ hack လုပ်ခဲ့ပြီး ၎င်းအတွက် ကူညီခဲ့ကြောင်း သတင်းတွေကို ရယ်စရာကောင်းပြီး မဖြစ်နိုင်ကြောင်းလည်း ပြောကြားထားပါတယ်။ ရုရှားတာဝန်ရှိသူတွေကလည်း အမေရိကန်ရွေးကောက်ပွဲမှာ စွက်ဖက်နှောင့်ယှက်ကြောင်း စွပ်စွဲမှုတွေကို ငြင်းဆိုထားကြောင်း သိရပါတယ်။
Source & Photo: CNN, CNA, BBC , Duwun
 

No comments:

Post a Comment