Latest News

Thursday, December 29, 2016

တေးသံရှင် မြန်မာပြည်သိန်းတန်နဲ့ တွေ့ဆုံခြင်း

တေးသံရှင် မြန်မာပြည်သိန်းတန်နဲ့ တွေ့ဆုံခြင်း

တေးသံရှင် မြန်မာပြည်သိန်းတန်နဲ့ တွေ့ဆုံပြီး Myanmar Idol Season 2 သီချင်းဆို ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေကို သေချာစိစစ် ရွေးချယ်ရတဲ့ အကြောင်းရင်း၊ ပြိုင်ပွဲဝင်တွေကို အကဲဖြတ် ရွေးချယ်တဲ့ စံနှုန်းများအကြောင်း၊ တေးသံရှင် ဟေမာနေဝင်းနဲ့ စုံတွဲ စီးရီးတစ်ခွေ ထွက်ဖို့ရှိတဲ့အကြောင်းနဲ့ ဖက်ရှင်ရုပ်ရှင် ဇာတ်ကား ရိုက်ကွင်း အတွေ့အကြုံများအကြောင်းကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice :  Myanmar Idol Season 2 အတွက် မြို့ ငါးမြို့မှာ အသံစစ်ဆေးမှုက ပြီးသွားပြီဆိုတော့ ပြိုင်ပွဲ ဝင်တွေရဲ့ Live Show သီဆိုယှဉ်ပြိုင်မှုက ဘယ်တော့လောက် စမှာလဲ။
MTT : မြို့ငါးမြို့ကနေ ဆန်ခါတင် ရွေးချယ်ခဲ့တဲ့ ကလေးတွေကို ဇန်နဝါရီလထဲမှာ ဦးတို့ဒိုင်တွေက ပရိသတ်ရှေ့မှာ Live Show သီဆို ယှဉ်ပြိုင်ခိုင်းမှာပေါ့နော်။ ဒိုင် တစ်ယောက် အနေနဲ့တော့ အခု ရွေးထားတဲ့ ကလေးတွေကို အားရ ကျေနပ်မှု ရှိပါတယ်။ ဦးကလည်း အကောင်း ကြိုက်တတ်တဲ့သူဆိုတော့ အကောင်းတကာ့ အကောင်းဆုံး ပြိုင်ပွဲဝင်တွေကို ရှာပြီး ရွေးချယ်ပါတယ်။ ကိုယ်မကြိုက်ဘူး ဆိုရင်တော့လည်း ငြင်းရတာပေါ့နော်။ ဦးက သူတို့ကို ရွေးချယ်တဲ့အခါမှာ တဒင်္ဂလေး သူတို့ အောင်မြင်ဖို့ ရွေးတာ မဟုတ်ပါဘူး။ ဂီတလောကမှာ ရေရှည် သူတို့ အလုပ် လုပ်နိုင်ဖို့အထိ ကြည့်ပြီး ရွေးတာပါ။ ဦးတို့ တိုင်းပြည်အတွက် အမာခံ အဆိုရှင်လေးတွေ ဖြစ်လာနိုင်မလား ဆိုတဲ့အထိကို ကြည့်ပြီးတော့ အကောင်းဆုံး ပြိုင်ပွဲဝင်တွေကို ရွေးချယ်တာပါ။  ပြိုင်ပွဲမှာ တဒင်္ဂပေါ်ပင်လေး ထွန်းပေါက်ဖို့ကို ကြည့်ပြီး ရွေးတာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဦးက ကြေးများပြီး အကောင်းဆုံးတွေကို ရွေးနေတာပါ။ တော်ရုံတန်ရုံ ကောင်းတာလောက်နဲ့တော့ ဦးက မရွေးချင်သေးဘူး။

Voice : ဒိုင်သုံးယောက်ထဲမှာ ဦးသိန်းတန် သဘောကျဖို့ ကြိုးစားရတာ အခက်အခဲဆုံး ဖြစ်နေတယ်လို့ ပရိသတ်တွေလည်း ပြောကြတဲ့အပေါ်ကိုရော ဘာပြောချင်လဲ။
MTT : ဦးကတော့  ပြိုင်ပွဲဝင်တွေထဲမှာ ကျောက်ကောင်းလေးတွေ၊ ပတ္တမြား ရတနာ အကောင်းလေးတွေကိုပဲ ကြည့်ပြီးတော့ ရွေးပါတယ်။ ဂီတလောကမှာ ဦးဖြတ်သန်းလာခဲ့ရတဲ့ နှစ်တွေ မနည်းပါဘူး။ ဦးရှေ့မှာဆို စန္ဒရား လှထွတ်၊ စန္ဒရား ချစ်ဆွေ၊ ဦးပြည်လှဖေတို့၊ ကိုဝင်းဦးတို့ ဘယ်လိုဆိုလဲ၊ အသံထုတ်လဲ ဆိုတာကို လေ့လာတယ်။ ဦးတို့ခေတ်ကျတော့ တက္ကသိုလ် အေးမောင်၊ စိန်လွင်၊ စိုင်းထီးဆိုင်တို့လို စတီရီယို အဆိုတော်တွေက ပရိသတ်ရဲ့ ရင်ထဲမှာ အကြာကြီး စွဲနေအောင် ဘယ်လို ကြိုးစားခဲ့လဲ ဆိုတာကို ကြည့်တယ်။ ဒီဘက်ခေတ်ထဲမှာဆိုလည်း အဆိုကောင်းတဲ့သူတွေ အများကြီး ရှိပါတယ်။ ပြိုင်ပွဲဝင်တွေထဲမှာဆိုလည်း အရင်ခေတ်က အဆိုကောင်းတဲ့ သူတွေရဲ့ အဆိုစွမ်းရည်မျိုးကို ပိုင်ဆိုင်စေချင်တယ်။ အဲ့ဒါကြောင့် ပြိုင်ပွဲဝင်တွေကို သေချာ အကဲဖြတ် ရွေးချယ်ပေးတာပါ။

Voice : ပြိုင်ပွဲဝင်တွေကို ရွေးချယ်တဲ့ အခါမှာရော ဦးသိန်းတန်က ဘယ်လိုစံနှုန်းတွေ သတ်မှတ်ပြီး ရွေးချယ်ပေးလဲ။
MTT : ဦးက ဂီတမှူးလည်း လုပ်ခဲ့တယ်။ တီးဝိုင်း ခေါင်းဆောင်လည်း လုပ်ခဲ့တယ်။ စတိတ်ရှိုးတွေလည်း အများကြီး ဆိုခဲ့တယ်။ ဦးရှေ့မှာ နာမည်ကြီးလာခဲ့တဲ့ ခေတ်ပေါ်စတီရီယို အဆိုတော်တွေကိုလည်း အများကြီး တွေ့ခဲ့ဖူးတယ်။ သီချင်း ဆိုပြိုင်ပွဲမှာ ဦးကိုယ်တိုင် ဒိုင်အဖြစ် ရွေးချယ်ရတဲ့အခါမှာ အဲ့ဒီလို ပေတံတွေနဲ့ တိုင်းပြီး ကြည့်တာပေါ့။ အဲ့ဒါကို ပရိသတ်လည်း သိမယ်လို့ ထင်ပါတယ်။ ဦးက ရိုးရိုး အဆိုတော် မဟုတ်ဘဲ ပညာရှင် တစ်ယောက်ဖြစ်နေတော့ နည်းနည်းတော့ ကြေးများတယ်။ ဦးတုန်းကတောင် ဂီတကို နားလည်တဲ့ လူကြီးတွေက မင်းဆိုတာ မပီဘူးလို့ကို ပြောခံရဖူးတယ်။ အဲ့ဒီလို ပြောခံရတော့ ကိုယ့်ရဲ့လိုအပ်ချက်ကိုလည်း သိသွားတယ်။ ကိုယ့်မှာ လိုအပ်တာလေးတွေကို ကြိုးစားပြီးပြင်ခဲ့တယ်။ သီချင်းဆိုတဲ့အခါမှာ အသံက ပီသကြည်မြရမယ်။ နောက်ပြီး မာန်တွေ၊ ဟန်တွေ၊ ဌာန်တွေ၊ အနွဲ့တွေ မျိုးစုံ ပါရမယ်။ ဒါမှ သူက ဂီတ လောကမှာ ရေရှည်ခံမယ့် အဆိုတော် တစ်ယောက် ဖြစ်နိုင်မှာပါ။ ဒါမှ ခေတ်ပေါ်သီချင်း၊ မြန်မာသံသီချင်း၊ ကာလပေါ် သီချင်းတွေ ဆိုနိုင်မယ်။ ရော့ခ်သီချင်းတွေ၊ Rap သီချင်းတွေလည်း ဆိုနိုင်မယ်။ ဒီလိုစွယ်စုံရတဲ့ သူတွေကို ဦးက ကြည့်ပြီး ရွေးနေတာပါ။

Voice : သီချင်းဆိုပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ချင်တဲ့ ဂီတ ဝါသနာရှင်လေးတွေကိုရော ဘယ်လို အကြံပြု စကား ဆိုချင်သေးလဲ။
MTT : ဒီလို သီချင်းဆိုပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ချင်တဲ့ ကလေးတိုင်းဟာ ကြိုတင် ပြင်ဆင်မှုတွေ တော်တော်များများ လုပ်ရလိမ့်မယ်။ ကိုယ်သီဆိုယှဉ်ပြိုင်မယ့် သီချင်းအပေါ်မှာ ဘယ်လိုဆိုသင့်လဲ၊ ဘယ်လိုဆိုရင် အကောင်းဆုံး ဖြစ်မလဲဆိုတာကို နည်းပေး လမ်းပြ လုပ်နိုင်မယ့် ပညာရှင်တွေကို မေးမြန်း ပြင်ဆင်သင့်ပါတယ်။ ကိုယ့်စိတ်ကြိုက်၊ ထင်သလို အတွေးလေးတွေနဲ့ လာပြိုင်တဲ့အခါမှာ အများကြီး လိုအပ်မှု ရှိနေတာကို တွေ့ရတယ်။ တတ်သိ နားလည်တဲ့ ပညာရှင်တွေ၊ အဆိုရှင်တွေဆီကနေ နည်းလမ်းလေးတွေတော့ ယူသင့်ကြတယ်။ ကိုယ့်ဘက်က အကောင်းဆုံး ပြင်ဆင်ပြီးတော့မှ ပြိုင်ပွဲကို လာပြိုင်သင့်တယ်။ ကိုယ်ပြိုင်မယ့် ပြိုင်ပွဲအပေါ်မှာလည်း အလေးအနက် ထားသင့်တယ်။ ဒီပြိုင်ပွဲကို အပျော် လာပြိုင်တာမျိုး၊ ကြုံလို့ လာပြိုင်တာမျိုး၊ သူငယ်ချင်းက တိုက်တွန်းလို့ လာပြိုင်တာမျိုး မဖြစ်စေချင်ပါဘူး။

Voice : ဂီတလှုပ်ရှားမှု အနေနဲ့ကျတော့ မဟေမာနေဝင်းနဲ့ စုံတွဲစီးရီးတစ်ခွေ ထွက်ဖို့ ရှိတယ်လို့လည်း ကြားပါတယ်။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါဦး။
MTT : ဟေမာနဲ့ ဦးနဲ့ စုံတွဲ စီးရီးလေးဆိုထားတာ ရှိပါတယ်။ ဒီစီးရီးက မဟေမာ စီစဉ်တာဆိုတော့ ခွေထွက်ဖို့ ကိစ္စတွေက သူ စီစဉ်လိမ့်မယ်လို့ ယူဆရပါတယ်။ ဦးဘက်ကတော့ ကိုယ်ဆိုစရာ ရှိတာကို ဆိုပေးထား လိုက်ပါတယ်။ ဒီစီးရီးမှာတော့ နာမည်ကြီးခဲ့တဲ့ သီချင်းဟောင်း အများစုကို ပြန်ဆိုထားတာပါပဲ။ တချို့ သီချင်းလေးတွေကျတော့ ကောင်းပေမယ့် ပြန်မဆို ဖြစ်တာလေးတွေ ရှိတယ်။ အဲ့ဒီလို အဟောင်းထဲက အကောင်းလေးတွေကိုလည်း ပြန်ဆိုထားကြပါတယ်။ ဒီစီးရီးက ဦး မြန်မာပြည် ပြန်ရောက်စတုန်းက လုပ်ထားတာဆိုတော့ နည်းနည်းတော့ ကြာပါပြီ။

Voice : တစ်လောတုန်းက ဖက်ရှင် ရုပ်ရှင်ဇာတ်ကားမှာ ဇေရဲထက်နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့တယ်နော်။ ရိုက်ကွင်း အတွေ့အကြုံလေးတွေလည်း ပြောပြပေးပါဦး။
MTT : ဇာတ်ကား ရိုက်ကူးတဲ့အခါမှာတော့ အပြင်မှာနေသလို၊ မျက်နှာထား၊ ကိုယ်ဟန်အမူအရာက သဘာဝ ကျဖို့ ကြိုးစားရတာပေါ့။ ဒါရိုက်တာရဲ့ ညွှန်ပြမှုအတိုင်း ကင်မရာ ရှေ့မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ သရုပ်ဆောင်တဲ့အခါမှာလည်း စိတ်ဖိစီးမှုတွေနဲ့ တောင့်တောင့်ကြီး ဖြစ်မနေဘဲ၊ ပေါ့ပေါ့ပါးပါးနဲ့ အပြင်မှာ နေသလို သက်သောင့်သက်သာ ဖြစ်ဖို့ ကြိုးစားရပါတယ်။ ဇာတ်ကားမှာ ပြောရတဲ့ ဒိုင်ယာလော့ခ်တွေကိုလည်း တိတိကျကျ ပြောနိုင်ဖို့ ခေါင်းထဲမှာ မှတ်ရတယ်။ ဒါရိုက်တာ ပြောစေချင်တဲ့ ဆိုလိုရင်းအတိုင်း ဖြစ်အောင်လည်း သတိထားပြီး ပြောရပါတယ်။

Sources; သန့်ဇင်ဦး The Voice

No comments:

Post a Comment