Latest News

Monday, December 5, 2016

ဘင်္ဂါလီအရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်ကို ကျေနပ်ကြောင်း မဘသ ဥက္ကဋ္ဌ မိန့်ကြား

ဘင်္ဂါလီအရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်ကို

ကျေနပ်ကြောင်း မဘသ ဥက္ကဋ္ဌ မိန့်ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်ကို ကျေနပ်မှု ရှိကြောင်း မဘသ (ဗဟို) ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ တိလောက ဘိဝံသ (အဂ္ဂမဟာ ပဏ္ဍိတ၊ နိုင်ငံတော် သြဝါဒါစရိယ) က မိန့်ကြားသည်။

ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် မလေးရှား ပြည်သူများသည် မြန်မာ အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စော်ကား ပုတ်ခတ် ဆန္ဒပြခြင်း၊ အလားတူ မလေးရှား ဝန်ကြီးချုပ် ဦးဆောင်၍ ယခုကဲ့သို့ ပြုလုပ်ခြင်းသည်  အစွန်းရောက်များကို အားပေးခြင်း ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန် ဖန်တီးခြင်းနှင့် အာဆီယံ နိုင်ငံများ၏ ပဋိညာဉ် စာတမ်းပါ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြား တစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်း မပြုရ ဟူသော သဘော တူညီချက်ကို ချိုးဖောက်ရာလည်း ရောက်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“စောစောတုန်းကဆိုရင် နိုင်ငံတော် အတိုင်ပင်ခံက ဘင်္ဂါလီအရေးနဲ့ ပတ်သက်ရင် ဘာမှ မပြောဘူး။ နောက်ပိုင်းမှာဆိုရင် ဘင်္ဂါလီအရေးနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံဘက်က ရပ်တည်တာ တွေ့ရတယ်။ ဆောင်ရွက်ချက်ကို ကျေနပ်မှု ရှိတယ်”ဟု ဆရာတော် ဘဒ္ဒန္တတိလောက ဘိဝံသက မိန့်တော်မူသည်။

NLD အစိုးရ၏ လက်ရှိ ဘင်္ဂါလီ အရေးနှင့် ပတ်သက်သော ဆောင်ရွက်ချက်များကို အားရကြောင်း ကျေနပ်မှု ရရှိကြောင်း၊ အလားတူ နိုင်ငံတကာမှ  သတင်း အမှားပေါ် ရပ်တည် ရေးသားချက်များကို လက်ရှိ အစိုးရက ချက်ချင်း တုံ့ပြန်မှုကိုလည်း အားရကျေနပ်မှု ရှိကြောင်း မဘသ (ဗဟို) ပြောရေး ဆိုခွင့်ရှိ ဆရာတော် ဦးတေဇနိယက မိန့်တော်မူသည်။

“သူတို့လည်း တော်တော်လေးကို ကိုင်တွယ် ဖြေရှင်းလာတာ တွေ့တယ်”ဟု ဆရာတော် ဦးတေဇနိယက ဆက်လက် မိန့်တော်မူသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် အင်္ဂါလီ အကြမ်းဖက် အဖွဲ့များ၏  အကြမ်းဖက်ခြင်းများ ဖြစ်ပေါ်ခြင်းကြောင့် အောက်တိုဘာလ ၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့နှင့် ပါဝင်ပတ်သက်သူ ၁၂၃၁ ဦးကို ဥပဒေအရ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ အောက်တိုဘာလ ၉ ရက်နေ့ မောင်တောဒေသရှိ နယ်ခြားစောင့် ရဲစခန်း ၄ နေရာကို ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့၏ တစ်ပြိုင်တည်း တိုက်ခိုက်ခြင်းကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး ကျဆုံးပြီး လက်နက် ၆၅ လက် ဆုံးရှုံးခဲ့သည်။

ထို့နောက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် တပ်မတော်မှ စစ်ကြောင်းမှူး ယာယီ တပ်ရင်းမှူး ကျဆုံးခဲ့သည်။

ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့များသည် ကျေးရွာများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဝါးပိတ်ကျေးရွာမှ အဆောက်အအုံ ၁ဝ၅ လုံး၊ ကြက်ရိုးပြင် ကျေးရွာမှ အဆောက်အအုံ ၃ဝ၊ ဒါးကြီးဇာကျေးရွာမှ အဆောက်အအုံ အလုံး  ၃ဝနှင့် ပြောင်ပိုက်ကျေးရွာမှ အဆောက်အအုံ  ၂ဝ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။                                                      
The Voice

No comments:

Post a Comment