Latest News

Monday, December 5, 2016

ဥပဒေကို လိုသလို အသုံးချမှုများရှိနေကြောင်းနှင့် အာမခံမရသည့်ပုဒ်မဖြင့် စွပ်စွဲခံရခြင်းကြောင့် အချုပ်ဖြင့် နေရသူများ များစွာနစ်နာနေကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

ဥပဒေကို လိုသလို အသုံးချမှုများရှိနေကြောင်းနှင့် အာမခံမရသည့်ပုဒ်မဖြင့် စွပ်စွဲခံရခြင်းကြောင့် အချုပ်ဖြင့် နေရသူများ များစွာနစ်နာနေကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

ဥပဒေကို လိုသလို အသုံးချမှုများရှိနေကြောင်းနှင့် အာမခံမရသည့် ပုဒ်မဖြင့် စွပ်စွဲခံရခြင်းကြောင့် အချုပ်ဖြင့်နေရသူများ များစွာနစ်နာနေကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။

ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် အိမ်မဲ မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၏အဆိုအား လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးစဉ် ထိုသို့ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။

“ဥပဒေကို မှန်ကန်သည့် နည်းဖြင့်သာ အသုံးချတတ်ဖို့လိုပါတယ်။ ဥပဒေကို နိုင်နင်းစွာ ကိုင်တွယ်တတ်သူ ဥပဒေပညာရှင်များရဲ့ အကြံပေးမှုကဏ္ဍဟာ အရေးကြီးတဲ့အခန်းက ပါဝင်နေတယ်ဆိုတာ တွေ့နိုင်သလို ရဲ၏စုံစမ်း စစ်ဆေးမှုအားနည်းသဖြင့် မတရားအမှု ဖွင့်ခံရခြင်း၊ ဥပဒေအကြံ တောင်းခံရာတွင် ရဲ၏စစ်ဆေး တွေ့ရှိချက်ထည့်သွင်းမှု အားနည်းခြင်း၊ အချို့သော ဥပဒေအကြံပေးများ၏ အလွယ်တကူ အကြံတောင်းခွင့်ပြု ပုဒ်မတပ်စေခြင်းများဟာ မတရားစွပ်စွဲခံရသူများ အတွက်လည်းကောင်း၊ အာမခံမရနိုင်သည့် ပုဒ်မတပ်လိုက်ပါက အာမခံမရ၍အချုပ်ဖြင့် နေရသူများအတွက် လည်းကောင်း၊ များစွာနစ်နာပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ဆွေးနွေးသည်။

“အမှုဖွင့်ခံရသူ၊ စွပ်စွဲခံရသူများဟာ တရားသူကြီး ဆုံးဖြတ်ချက်မချချိန်ထိ အပြစ်ရှိသူဟု မယူဆနိုင်ပါကြောင်း ပြဋ္ဌာန်းထားပါသော်လည်း အာမခံမရလို့ အချုပ်ဖြင့်နေရခြင်းသည်လည်း အကျဉ်းချခံရတာနဲ့ မခြားဖြစ်နေတဲ့ အပြင် အဲဒီအချုပ်ဖြင့်နေရတဲ့ ဒုက္ခများရဲ့ နောက်ကွယ်က ရှိစုမဲ့စုရောင်းချရ၊ ဘ၀ပျက်ရတဲ့ စွပ်စွဲခံရသူ မိသားစုဘ၀များစွာကိုလည်း ကြုံဖူးပါတယ်” ဟု ဒေါ်ခိုင်ဇင်ဦးက ဆက်လက်ဆွေးနွေးသည်။

တရားဥပဒေကို မတရားသည့်နည်းဖြင့် ချဉ်းကပ်ပြီး လူထုကို ဖိနှိပ်ညှဉ်းဆဲသည့်ခေတ် ကုန်ဆုံးသွားပြီလားဟု မေးခွန်းထုတ်စရာမလိုအောင် ဥပဒေကို ပညာရှိရှိ လှည့်စားကျင့်သုံးတတ်သည့် စိတ်ဓာတ်ရှိသူများကို ဒီမိုကရေစီ ကြိမ်ဒဏ်ပေးရန် အချိန်တန်ပြီဟု ပြောကြားလိုကြောင်း ကန်ကြီးထောင့် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက ဆွေးနွေးခဲ့သည်။

“တရားစီရင်ရေး အာဏာကို သီးခြား လွတ်လပ်ခွင့်ထားရှိပြီး ဥပဒေပြုရေးအာဏာနဲ့ အုပ်ချုပ်ရေးအာဏာတို့ရဲ့ သြဇာလွှမ်းမိုးမှု မရှိစေရပါဘူး။ တရားစီရင်ရာမှာ အုပ်ချုပ်ရေးအာဏာကို ကိုင်စွဲနေတဲ့ အစိုးရ၊ ဥပဒေပြုရေး အာဏာကို ကိုင်စွဲကျင့်သုံးနေတဲ့ လွှတ်တော်၊ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကို တာဝန်ယူ ထမ်းဆောင်နေကြတဲ့ တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့၊ နိုင်ငံတော်အဆင့်ဆင့်သော တာဝန်များကို ထမ်းဆောင်နေကြသော ၀န်ထမ်းများနဲ့ အရာရှိကြီးများတို့ရဲ့ သြဇာလွှမ်း မိုးမှုကနေ ကင်းရှင်းစေရမှာ ဖြစ်ပါတယ်” ဟု ဦးစိုးမိုးထွန်းက အဆိုနှင့်ပတသက်ပြီး ထောက်ပြဆွေးနွေးခဲ့သည်။

ရဲအရေး ပိုင်သောအချို့ အမှုများကို ပြည်သူများက ရဲစခန်းသို့သွားရောက် အမှုဖွင့်ရာတွင် ရဲကအမှုဖွင့် ပေးခြင်းမရှိဘဲ တရားရုံးသို့ ဦးတိုက်လျှောက်ထားစေခြင်းကြောင့် နစ်နာသူများ ပိုမိုဒုက္ခရောက်ကြရကြောင်း၊ အလားတူ ဖြစ်စဉ်များအား ရဲမှငွေကြေးပြည့်စုံသူများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ၎င်းတို့နှင့် ပတ်သက်သူများကိုသာ အမှုဖွင့်ပေးလေ့ရှိသည့်အတွက် ဥပဒေအထက်တွင် ထိုသူများ ရှိနေသည်ဟု ပြည်သူများက ထင်မြင်ယူဆလျက် ရှိနေကြကြောင်းလည်း ပုသိမ်မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ထည့်သွင်းဆွေးနွေး ခဲ့သည်။

အိမ်မဲ မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက ၎င်း၏အဆို၌ “ဥပဒေတိုင်းတွင် အတိမ်အနက်၊ အလျှော့အတင်းများ၊ ချွင်းချက်များရှိနေသည်ကို မှန်ကန်သည့် အသုံးချနည်းမဟုတ်ပါလျှင် တရားဥပဒေမှ မတရားဥပဒေများ ဖြစ်နိုင်ပါသည်။ ဥပဒေကို လိုသလို အသုံးချခြင်းမျိုး မဖြစ်စေရန်နှင့် မလိုအပ်သည့် ကိစ္စရပ်များကိုလည်း ဥပဒေကိုအသုံးချကာ တရားရုံးများတွင် ရင်ဆိုင်ဖြေရှင်းရခြင်းမျိုး မဖြစ်စေရန်လည်း အရေးကြီးလှပါသည်။ လူတစ်ဦးချင်းတန်းတူ ညီမျှသည့် ဥပဒေအကာအကွယ်များရရှိပြီး လူ့ဂုဏ်သိက္ခာကို မထိခိုက်စေရန်၊ ပြည်သူ့ အကူအညီဖြင့် သတင်းအချက်အလက်များ ရယူပြီး တရားဥပဒေ စိုးမိုးရေးကို စနစ်ကျစွာ ပူးပေါင်းဆောင်ရွက်စေရေး တိုက်တွန်းကြောင်း” ထည့်သွင်းတင်ပြထားသည်။

Writer:
အောင်ကျော်မျိုး (ဟင်္သာတ)
Eleven Media Group

No comments:

Post a Comment