Latest News

Thursday, December 22, 2016

ထိုင်းမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးထောင်ဝင်စာတွေ့

ထိုင်းမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးထောင်ဝင်စာတွေ့

ရနောင်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေကို သွားရောက်တွေ့ဆုံခဲ့တာပါ။
 
ထိုင်းနိုင်ငံထဲက အကျဉ်းထောင်အသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထောင်ဝင်စာသွားရောက်တွေ့ဆုံတာတွေ ပြုလုပ်နေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်းကြီး ဦးအောင်ကျော်သူရ ဦးဆောင်ပြီး ထိုင်းရောက်မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့ FED အဖွဲ့တာဝန်ရှိသူတွေက ရနောင်းမြို့ အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသားတွေကို ဒီဇင်ဘာ ၂၀ ရက်မှာ သွားရောက်တွေ့ဆုံခဲ့တာလို့ သိရပါတယ်။

‘‘အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေတဲ့ ကိုယ့် မြန်မာနိုင်ငံသားတွေကို သွားရောက်တွေ့ဆုံတာပေါ့။ သူတို့လည်း ကျွန်တော်တို့ကလာတွေ့တော့ ပျော်တာပေါ့။ သံရုံးက ပစ် မထားဘူး၊ လာတွေ့တယ်ပေါ့။ သူတို့ ဘာတွေ လိုအပ်လဲ၊ ဘာပြဿနာတွေရှိနေလဲ မေးရတာပေါ့’’လို့ ဦးမိုးအောင်ခိုင်က ပြောပါတယ်။

ဒါ့အပြင် မြန်မာသံရုံးအဖွဲ့တွေက  ထိုင်းကျောင်းသူတစ်ဦး သတ်ဖြတ်ခံရမှုနဲ့ မတရားဖမ်းဆီးခံရပြီး ရနောင်းအကျဉ်းထောင်မှာ ရှိနေတဲ့ မြန်မာလုပ်သား စိန်ကတုံးနဲ့ ဝေ လင်းတို့နှစ်ဦးကိုလည်း သီးသန့် တွေ့ဆုံခဲ့တယ်လို့ ဦးမိုးအောင်ခိုင်က ပြောပါတယ်။

ရနောင်းအကျဉ်းထောင်မှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားအမျိုးသား ၂၆၅ ဦးနဲ့ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၇၈ ဦး ရှိပြီး ထိုင်းနိုင်ငံမှာရှိတဲ့ အကျဉ်း ထောင် ၁၄၆ ခုမှာ အကျဉ်းကျခံသူ မြန်မာနိုင်ငံသား အများဆုံးရှိတဲ့ အကျဉ်းထောင်တွေက မဲဆောက်၊ ရနောင်း၊ မယ်ဆိုင်နဲ့ ဘန်ကောက်အကျဉ်းထောင်တွေဖြစ်တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : FED
 

No comments:

Post a Comment