Latest News

Monday, December 26, 2016

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်ဖို့ ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်ဖို့ ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်း



မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးမှာ လုံခြုံမှုအားနည်းပြီး အချူပ်အခြာအာဏာ ခြိမ်းခြောက်ခံလာရနိုင်သောကြောင့် နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်ရန် ဘူးသီးတောင်မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုကို ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး၊ အဌမနေ့တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ဒီအဆိုကို အမှန်တကယ် လိုအပ်လို့ အားလုံးကောင်းဖို့အတွက် တင်တာ ဖြစ်ပါတယ်။ ထောက်ခံ ဆွေးနွေးခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက လုံခြုံရေးအစီအမံတွေ မြှင့်တင်ပြီး ဆောင်ရွက်သွားမယ်။ လက်ရှိလည်း ဆောင်ရွက်နေပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါကို ကျွန်တော့အနေနဲ့ လည်း လက်ခံပါတယ်။ ဒီနေရာမှာ လက်ရှိအခြေအနေထက် ကောင်းမွန်တဲ့ အစီအမံတစ်ခုကို ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ကျွန်တော်တို့အားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ် ” ဟု အဆိုတင်သွင်းသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ဖြတ်သန်းပြီး နေ့စဉ် တရားမဝင် ခိုးဝင်မှုများ ရှိနေပြီး  မကြာသေးမီက နယ်စပ်အနီး ကျေးရွာများရှိ ရဲစခန်းများအား တိုက်ခိုက်ခံရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ဦးဇော်ဇော်မြင့်၏ အဆိုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ကန့်ကွက်ခြင်း မရှိကြောင်း၊ လက်ရှိ ဆောင်ရွက်နေဆဲ လုပ်ငန်းစဉ်များလည်း ဖြစ်သဖြင့် အဆိုကို မှတ်တမ်းအဖြစ် သိမ်းဆည်းသင့်ကြောင်း ပြည်နယ်နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဖြေကြားခဲ့သည်။

“ မြန်မာပြည်ရဲ့  နယ်စပ်တစ်လျှောက်မှာလည်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ယခုထက် ပိုမိုကောင်းမွန်တဲ့ လုံခြုံမှုစနစ်ကို ထားရှိပြီး ဒေသတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု ဗိုလ်မှူးကြီးထိန်လင်းက ပြောသည်။

နယ်စပ်ကို ကာကွယ်မှုပြုရာတွင် ရုပ်ဝတ္ထုပစ္စည်းများထက် ခြံစည်းရိုး၊ နည်းပညာများအပါအဝင် မိမိတို့၏လုံခြုံရေးများကိုလည်း နည်းပေါင်စုံနှင့် ကာကွယ်ရမည်ဖြစ်ကာ ယင်းသို့ ကာကွယ်မှုပြုရာတွင် တိုးတက်မှုအခြေအနေများကိုလည်း လုံခြုံရေးအရ စောင့်ကြည့်သွားသင့်ကြောင်း ဦးဇော်ဇော်မြင့်က ဆိုသည်။

ယခုအချိန်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးတလျှောက် ကင်းစခန်း ၅၂ ခုနှင့် တံတား ၉၆ စင်းကို တည်ဆောက်လျက်ရှိပြီး ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည်များကို ဘတ်ဂျက်ပေါ် မူတည်ကာ ပိုမိုကောင်းမွန်သည့် လုံခြုံရေးစနစ်များ ထားရှိဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ၂၂၆ ဒဿမ ၆၈ မိုင် ရှည်လျားသည့် အဆိုပါ နယ်စပ်ခြံစည်းရိုးတလျှောက် လှည့်ကင်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေး ကင်းလှည့်လမ်းများအဖြစ် ၁၃၄ ဒဿမ ၅၃ မိုင် ထိ ဖောက်လုပ်သွားမည်ဖြစ်ကာ ခြံစည်းရိုးလမ်း၊ ကင်းလှည့်လမ်း၊ ပင်မလမ်းတို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် လမ်းကွန်ရက်ကိုလည်း ၂၀၀ ဒဿမ ၄၄ မိုင်ထိ ဖြည့်စွက် ဆောင်ရွက်လျှက် ရှိကြောင်း ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၏ ပြောကြားချက်အရ သိရသည်။

Sources; Mizzima

No comments:

Post a Comment