Latest News

Monday, December 26, 2016

တိုင်းမှူးရာထူးအမည် အသုံးပြု ယာဉ်စည်းကမ်းဖောက်သူအား ရန်ကုန်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရေးယူ

တိုင်းမှူးရာထူးအမည် အသုံးပြု ယာဉ်စည်းကမ်းဖောက်သူအား ရန်ကုန်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရေးယူ



ပန်းပဲတန်းမြို့နယ်တွင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုကြောင့် စစ်ဆေးခြင်းကို တိုင်းမှူး၏ ရာထူးအမည် အသုံးပြုကာ လိုင်စင်မပြဘဲ ယာဉ်မောင်းနှင်ထွက်သွားသူအား  မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူထားပြီး  အမည်အလွဲသုံးစားပြုမှုအတွက် မှုခင်းရဲမှ အရေးယူသွားမည်ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ(၂) ရန်ကုန်မှ ရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

“ ယာဉ်နှစ်ထပ်ရပ်ပေါ့။ လိုင်စင်ကတော့ ၆လ ပိတ်တယ်။ ဒဏ်ငွေကတော့ သုံးသောင်းထက်မပိုသော ၆၅ နဲ့ပဲ အရေးယူတာ ” ဟု ၄င်းကပြောဆိုသည်။ ဒီဇင်ဘာလ ၂၅ရက်နေ့က ယာဉ်ပိုင်ရှင် ဒေါ်တင်တင်အောင် က  အဆိုပါအမှုအတွက် ၅၁ လမ်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (၂) ရန်ကုန်သို့ လာရောက်ဖြေရှင်းခဲ့ပြီး ယာဉ်မောင်းကို ယနေ့ ဒီဇင်ဘာလ ၂၆ ရက်တွင် လာရောက်ရန် ခေါ်ဆိုထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းမှူးဦးဝင်းနိုင်၏ ရာထူးအမည်အသုံးပြု၍ ယာဉ်စည်းကမ်းဖောက်ဖျက်ခြင်းနှင့်ပတ်သက်ပြီး ရဲမှူးကြီးအောင်ကိုဦးက “ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်လို့ လာရှင်းတာပေါ့။ လိုင်စင်ပိတ်မယ်၊ ဒဏ်ငွေဆောင်ခိုင်းမယ် ။ ရဲမှူးဝင်းနိုင်နာမည်သုံးတာကတော့ သူတို့ (မှုခင်းရဲ)အရေးယူမှာပေါ့ ” ဟုပြောသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ ရက်က ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း(အလယ်)ဘလောက်တွင် 5F-8266 Land Cruiser (Cygnus) အမျိုးအစားမော်တော်ယာဉ်တစ်စီးမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်ပြီး အချိန်ကြာမြင့်စွာ ရပ်တန့်ထားသဖြင့် အခြားယာဉ်ပိုင်ရှင်တစ်ဦးမှ မီးပွိုင့်တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးထံသို့ အကြောင်းကြားခဲ့သည်။ ယာဉ်ထိန်းရဲမှ ၄င်းယာဉ်မောင်းအား ကားဝှီးတက်နှင့် ယာဉ်မောင်းလိုင်စင်အား ပြသရန်ပြောဆိုစဉ် ၎င်းယာဉ်မောင်းနှင်သူမှ တိုင်းမှူးဦးဝင်းနိုင်ရဲ့သူငယ်ချင်း ဟု ပြောဆိုပြီး မော်တော်ယာဉ် မောင်းနှင်ထွက်သွားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရန်ကုန်မြို့တွင် အောက်တိုဘာတစ်လအတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်မှုပေါင်း ၃၅၀၀ ခန့်ရှိခဲ့သည်ဟု ယာဉ် ထိန်းရဲ တပ်ဖွဲ့ခွဲ(၂) ရန်ကုန်မှ ထုတ်ပြန်ထားသည်။


Sources;Mizzima

No comments:

Post a Comment