Latest News

Wednesday, December 28, 2016

ဂျပန်သည် ဘယ်သောအခါမျှ စစ်ဆင်နွှဲတော့မည် မဟုတ်ဟု ပုလဲဆိပ်ကမ်းရောက် ဝန်ကြီးချုပ် အာဘေး ကတိပြု

ဂျပန်သည် ဘယ်သောအခါမျှ စစ်ဆင်နွှဲတော့မည် မဟုတ်ဟု ပုလဲဆိပ်ကမ်းရောက် ဝန်ကြီးချုပ် အာဘေး ကတိပြု

ဟာဝိုင်အီ၊ ဒီဇင်ဘာ ၂၇

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့ရသူများအတွက် အမှတ်တရ ကျင်းပသည့် အခမ်းအနားသို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့်အတူ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်ခဲ့ပြီး သူ့နိုင်ငံသည် ဘယ်သောအခါမျှ စစ်ဆင်နွှဲတော့မည် မဟုတ်ကြောင်းလည်း ကတိပြုခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် သမ္မတဖြစ်ရန် ရက်ပိုင်းသာ လိုတော့ချိန်တွင် ဟာဝိုင်အီသို့ အာဘေး လာရောက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး  အားကောင်းခိုင်မာမှုကို မီးမောင်းထိုးပြလိုသည့် သဘော သက်ရောက်ခဲ့သည်။

“ဒီမှာအသက်ဆုံးခဲ့ရတဲ့ ဝိညာဉ်တွေ အားလုံးအတွက်ရော၊ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် သေဆုံးခဲ့ရတဲ့ ရဲရင့်တဲ့ အမျိုးသား အမျိုးသမီးအပေါင်းရဲ့ ဝိညာဉ်တွေ အားလုံးကိုရော ဒီနေရာကနေ ရိုးသားခိုင်မြဲတဲ့ ဝမ်းနည်းကြေကွဲမှုကို ဖော်ပြလိုပါတယ်” ဟု အာဘေးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဘယ်တော့မှ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ထပ်ကျော့ဖြစ်ပွားစေမှာ မဟုတ်တော့ပါဘူး။ ဒါဟာ ကျွန်တော်တို့ ဂျပန်ပြည်သူတွေရဲ့ ကျိန်ဆိုကတိပြုမှုပါပဲ” ဟု အာဘေးက ပြောကြားခဲ့သည်။

၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဂျပန်တပ်များသည် ပုလဲဆိပ်ကမ်းကို တော်ပီဒို လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ တိုက်လေယာဉ်များဖြင့်  တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ အမေရိကန်၏ ရေတပ်အင်အားကို ဖျက်ဆီးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

အာဘေးမှာ သူ၏ ကွန်ဆာဗေးတစ် ထောက်ခံသူများ အမျက်ထွက်စေနိုင်သည့် တောင်းပန်မှုမျိုးကိုမူ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။

ဂျပန်ကွန်ဆာဗေးတစ် အများစုကမူ အမေရိကန်၏ စီးပွားရေး အရေးယူပိတ်ဆို့မှုများကြောင့် ဂျပန်က  ယင်းကဲ့သို့ တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။

“ပုလဲဆိပ်ကမ်းကို သွားရောက်လည်ပတ်တာက စစ်ပွဲကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ဝိညာဉ်တွေကို နှစ်သိမ့်ဖို့ပါ၊ တောင်းပန်ဖို့ မဟုတ်ပါဘူး” ဟု အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒဲ ဆူဂါက တိုကျိုတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး နှစ်နိုင်ငံ မဟာမိတ်ဖြစ်မှု၏ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုကို အထောက်အကူပြုရန်လည်း ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ် အစောပိုင်းတွင် ဟီရိုရှီးမားသို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား သွားရောက်ခဲ့မှုမှာလည်း အမေရိကန်က အဏုမြူဗုံး ကြဲချခဲ့သောမြို့သို့ သွားရောက်သည့် ပထမဆုံး တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတအဖြစ် သမိုင်းဝင်ခဲ့သည်။ အိုဘားမားသည်လည်း ဂျပန်ကို အဏုမြူဗုံးကြဲချခဲ့မှုအတွက် မတောင်းပန်ခဲ့ပေ။                    

F-03

SOURCES THE VOICE

No comments:

Post a Comment