Latest News

Wednesday, December 14, 2016

ပါတီဝင်များကို အစဉ်မြဲ မထိန်းချင်တော့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ေပြောကြား

ပါတီဝင်များကို အစဉ်မြဲ မထိန်းချင်တော့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ေပြောကြား


နေပြည်တော်၊ ဒီဇင်ဘာ (၁၄)ရက်။

ပါတီဝင်များကို အစဉ်မြဲ မထိန်းချင်တော့ကြောင်းနှင့် လမ်းမှန်ပေါ်တွင် လျှောက်နိုင်ပြီး အေးဆေးသည့်  ကိစ္စမျိုးဖြင့်သာ နေချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ကျွန်မတို့ ပါတီဝင်တွေကို တစ်ချိန်လုံးထိန်းမနေချင်တော့ပါဘူး။ ပြောပါရစေ လမ်းမှန်ပေါ်မှာ လျှောက်နိုင်ပြီး အေးဆေးတဲ့ ကိစ္စမျိုးနဲ့နေချင်ပါပြီ။ အဲဒီအဆင့်တော့ မရောက်သေးဘူး စဉ်းစားဆဲပါ။ ပါတီဝင်တွေ အားလုံး ကလဲ ကြိုးစားပါ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကြိုးစားပါ။ ကျွန်မတို့ အုပ်ချုပ်ရေး တာဝန်ကစပြီး ထမ်းဆောင်တာ ဒီနှစ်ကုန်ရင်(၉)လရှိပါပြီ (၉)လဆိုတာ သိပ်များတဲ့အချိန် မဟုတ်ပါဘူး။ သို့သော်လည်းပဲ တိုတောင်းတယ်လို့ မဆိုနိုင်ပါဘူး။ တိုတောင်းသည်ဖြစ်စေ ရှည်သည်ဖြစ်စေ ပြည်သူ့တွေရဲ့ မျှော်လင့်ချက်ကို  အမြဲစဉ်းစားနေမှာဖြစ်ပါတယ်။ ဘယ်တော့မှ ကျသွားမှာ မဟုတ်ပါဘူး။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ဒီဇင်ဘာ(၁၃)ရက်က ပြုလုပ်သည့် ဝန်သိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ကိုနေစိုးအောင်နှင့် မအေမီစိုး၊  သာကေတမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်နှင့် မနှင်းသဇင် တို့၏ မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူအလိုမကျေ ပြုလုပ်ပါက အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

“ပြည်သူတွေဟာ သူတို့ရဲ့အကျိုးတွေကို အစိုးရက ထမ်းဆောင်ရမယ်လို့ အမြဲမျှော်လင့်နေပါတယ်။ မျှော်လင့် ပိုင်ခွင့်လဲရှိတယ်။ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို ကျွန်မတို့အားလုံးမှာတာဝန်ရှိတယ်။ ဒီလိုဖြည့်ဆည်း ပေးမယ်လို့ အနေအထားတွေနဲ့ စည်းရုံးခဲ့တာမလား။ ကျွန်မတို့အနေနဲ့ အကောင်းဆုံးကြိုးစားမယ်။ ကျွန်မတို့ ကိုယ်စားလှယ်ဟာ မလုပ်သင့်တာတွေလုပ်လို့ရှိရင် ပြည်သူမကျေနပ်တဲ့ဟာတွေလုပ်ရင် ကျွန်မတို့ ကိုယ်တိုင် အရေးယူသွားမယ် ဆုံးမမယ်လို့ ပြောခဲ့တယ်။ ပြည်သူကိုပေးတဲ့ ကတိကို ဘယ်တော့မှ မဖျက်ပါဘူး။ ပြည်သူရဲ့ အကျိုးနဲ့ မကိုက်ညီခဲ့ရင် ပြည်သူကတောင်းဆိုရင် ကျွန်မတို့ ကိုယ်တိုင်စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆုံးမသွားမှာ ပါ။”ဟု  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုသည်။

အဆိုပါ မင်္ဂလာပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ  ဦးဝင်းမြင့်၊ NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

(မြစ်မခ)

No comments:

Post a Comment