Latest News

Monday, December 26, 2016

ကာကွယ်ရေးဦးစီးချုပ် တာဝန်မှာ ဘဝ၏ အခွင့်ထူး ဖြစ်သည်ဟု အိုဘားမား ပြောကြား

ကာကွယ်ရေးဦးစီးချုပ် တာဝန်မှာ ဘဝ၏ အခွင့်ထူး ဖြစ်သည်ဟု အိုဘားမား ပြောကြား

ဟာဝိုင်အီ၊ ဒီဇင်ဘာ ၂၅

အမေရိကန်သမ္မတ တစ်ယောက် အနေနှင့် တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် တာဝန်ပါ ထမ်းဆောင်ရခြင်းသည် “မိမိဘဝ၏ အခွင့်ထူး” ဖြစ်ကြောင်း ဟာဝိုင်အီရှိ မရိန်းတပ်ဖွဲ့ အခြေစိုက်စခန်းသို့ ခရစ္စမတ်နေ့တွင် ရောက်ရှိစဉ် သမ္မတ ဘားရက်အိုဘားမားက ပြောကြားခဲ့သည်။

“ဒါဟာ သမ္မတတစ်ယောက် အနေနဲ့ ခင်ဗျားတို့ကို နောက်ဆုံး မိန့်ခွန်းပြောရတာ ဖြစ်ပေမယ့် နိုင်ငံသားတစ်ယောက် အနေနဲ့ ခင်ဗျားတို့ ကျေးဇူးတင် တန်ဖိုးထားတဲ့စိတ်နဲ့ ခင်ဗျားတို့ရဲ့ ခြေလှမ်းတိုင်းမှာ  အတူတကွ ရပ်တည်ပေးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ကတော့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး” ဟု ခရစ္စမတ်သစ်ပင်များ၊ သစ်ခက်ပန်းခွေများဖြင့် အလှဆင်ထားသော စားရိပ်သာတွင် ရာနှင့်ချီသော တပ်မတော်သား မိသားစုများကို ပြောကြားခဲ့သည်။

တပ်မတော်သားများနှင့် မိသားစုများကို သမ္မတတစ်ယောက် အနေနှင့် နှုတ်ခွန်းဆက်ရသည်မှာ သူအကြိုက်အဆုံး အလေ့အထတစ်ခု ဖြစ်ကြောင်းလည်း အိုဘားမားက ပြောကြားခဲ့သည်။

ပြည်ပရောက် တပ်မတော်သားများသည် လွတ်လပ်မှုအတွက် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း အမိမြေမှ အမေရိကန်များက နားလည်ထားသည်ဟု ခရစ္စမတ်နေ့ မတိုင်မီ တစ်ရက်အလိုကလည်း ဖုန်းဆက်သွယ် ပြောကြားခဲ့သေးသည်ဟု အိုဘားမားက ဆိုသည်။

စင်မြင့်ငယ်ထက်တွင် သမ္မကတော် မီရှဲလ်အိုဘားမားနှင့်အတူ ရပ်ပြီး စကားပြောခဲ့သော အိုဘားမားက လာမည့်နှစ် ဇန်နဝါရီ ရာထူးမှ အနားယူရချိန်တွင်လည်း ဟာဝိုင်အီတွင် တပ်စွဲထားကြသူများနှင့် သူစိမ်းဆန်နေမည် မဟုတ်ဘဲ ဤဒေသတွင်ပင် သူမွေးခဲ့ခြင်း ဖြစ်သလို မကြာခဏ အလည်အပတ်လာလေ့ ရှိကြောင်း ပြောကြားခဲ့သည်။

“နောင်နှစ်ပေါင်းများစွာ ခင်ဗျားတို့ကို ဆက်တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က သမ္မတဟောင်းဆိုတဲ့ ရာထူးသေးသေးလေးတော့ ရှိဦးမှာ ဆိုတော့လေ” ဟု အိုဘားမားက ရယ်လျက်ပြောကြားခဲ့ပြီး “ဒါကြောင့် စခန်းက အားကစားခန်းမကိုလည်း ကျွန်တော် သုံးရဦးမှာပဲ၊ ဂေါက်ကွင်းရောပေါ့” ဟု ပြောကြားခဲ့သည်။

F-03

Sources; The Voice

No comments:

Post a Comment