Latest News

Friday, December 16, 2016

ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသည့် ရွှေစင်၊ ရွှေပြားများ၏ အရည်အသွေး စစ်ဆေးမည်

ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသည့် ရွှေစင်၊ ရွှေပြားများ၏ အရည်အသွေး စစ်ဆေးမည်


ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မြန်မာတွင်သာမက ကမ္ဘာတွင်ပါ ကျော်ကြားသည့် ရွှေတိဂုံေ စတီတော်မြတ်ကြီးတွင် ကပ်လှူထားသည့် ရွှေစင်၊ ရွှေပြားများ၏ အရည်အသွေး စစ်ဆေးခြင်း လုပ်ငန်းကို ၂၀၁၇ခုနှစ် ပွင့်လင်းရာသီတွင် စစ်ဆေးမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် စေတီတော်၌ ကပ်လှူထားသည့် ရွှေစင်၊ ရွှေပြားများ၏ အရည်အသွေး၊ ထုထည်ပမာဏနှင့် အရောင်အဆင်းတို့မှာ ရွှေရောင်တောက်ပမှုတွင် မြင်ကွင်းပသာဒ မညီမညာ ဖြစ်နေခြင်းကြောင့် ထိုသို့ တစ်နှစ်ကြိုတင်၍ စစ်ဆေးခြင်း ဖြစ်ကြောင်း သာသနာရေးဦးစီးဌာန၊ ပြည်တွင်း၊ ပြည်ပဆက်ဆံရေး သတင်းနှင့် ပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ရှင်းပြသည်။
“ပုံမှန်ဆို ၂၀၁၈ ခုနှစ်မှာ စစ်ဆေးရမှာပါ။ စေတီတော်က ရာသီဥတုဒဏ်နဲ့ ကျေးငှက်တွေရဲ့ ထိုးဆိတ်မှု ဒဏ်တွေကို ခံနေရတဲ့အတွက် ဖြစ်လာတဲ့ အရောင်ပြောင်းလဲမှုကို ကြိုစောပြီး စစ်ဆေးတာပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိ ကပ်လှူထားသည့် ရွှေစင်၊ ရွှေပြားများ၏ အရည်အသွေး စစ်ဆေးရာတွင် သတ္တုတွင်း၊ သိပ္ပံနှင့် နည်းပညာရှင်များ အပါအဝင် ရွှေလုပ်ငန်းပညာရှင်များနှင့် ပန်းထိမ်တတ်သိပညာရှင်များ ပါဝင်သည့် အဖွဲ့များနှင့် ရာသီဥတုနှင့် သဘာဝဘေးဒဏ် ခံနိုင်သည့် အရည်အသွေးများ ရရှိစေရန် လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးအောင်ဆန်းဝင်းက ဆက်လက်ပြောဆိုသည်။

“စေတီတော်တစ်ခုလုံး ရွှေသင်္ကန်း ကပ်တာက ငါးနှစ်တစ်ကြိမ် ပုံမှန်ကပ်တာပါ။ နောက်ဆုံး ကပ်လှူထားတာက ၂၀၁၄-၂၀၁၅ မှာပါ” ဟု ရွှေတိဂုံစေတီတော် ဂေါပကရုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရွှေတိဂုံစေတီတော်တွင် လက်ရှိ၌ အောက်ခံ တစ်ပေပတ်လည် ကြေးပြားပေါ်တွင် ရွှေစင်ခြောက်ကျပ်သားဖြင့် ကပ်လှူထားသော ရွှေစင်ရွှေပြား၊ ရွှေစင် တစ်ကျပ်သားဖြင့် ကပ်လှူထားသည့် ရွှေစင်ရွှေပြားများ ဟူ၍ နှစ်မျိုးနှစ်စား ပါဝင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

ရွှေတိဂုံစေတီတော်ကို ရွှေစင်ရွှေပြားများ ကပ်လှူရာတွင် ရာသီဥတုဒဏ်နှင့် ကျေးငှက်တိရစ္ဆာန်တို့ကြောင့် ဖြစ်ပေါ်လာမည့် ပျက်စီးမှုဒဏ်တို့ကို ခံနိုင်ရန် ပုံမှန်အားဖြင့် အောက်ခံ တစ်ပေပတ်လည် ကြေးပြားပေါ်တွင် ရွှေစင်ခြောက်ကျပ်သားဖြင့် ကပ်လှူမှသာ နှစ်ကာလကြာရှည်စွာ ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ ဆက်လက်သိရသည်။

နိုင်ငံခြားသား ဧည့်ဝင်နှုန်းမှာ ရွှေတိဂုံစေတီတော်သို့ နိုဝင်ဘာလအတွင်း ၇၁,၉၈၂ ဦး တက်ရောက်ခဲ့ပြီး ဧည့်ဝင်ကြေး  ၅၇၅,၈၅၆,၀၀၀ ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

J-14

SOURCESTHE VOICE

No comments:

Post a Comment