Latest News

Wednesday, December 21, 2016

စိုးထိတ်စိတ်ဖြင့် ဖြတ်သန်းရမည့် ခြောက်ကြိမ်မြောက် ခရစ္စမတ်

စိုးထိတ်စိတ်ဖြင့် ဖြတ်သန်းရမည့် ခြောက်ကြိမ်မြောက် ခရစ္စမတ်


ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းတစ်ခု၌ စစ်ဘေးရှောင်မိသားစုတစ်စုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
နှင့် ရှမ်း(မြောက်)မှ စစ်ဘေးဒုက္ခသည်များအတွက်တော့ စိုးရိမ်ပူပန်မှုများဖြင့် ခရစ္စမတ်ပွဲတော်ကာလကို (၆)ကြိမ်မြောက် ဖြတ်သန်းရတော့မည်ဖြစ်သည်။

ယခင်အစိုးရ လက်ထက် ၂၀၁၁ ဇွန်လကစတင်၍ တစ်ကျော့ပြန် ဖြစ်ပွားသည့် ကချင်စစ်ပွဲ အပါအ၀င် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အစိုးရသစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ကြိုးပမ်းနေသော်လည်း ဒေသအချို့၌ ယမ်းငွေ့များ ဖုံးလွှမ်းနေဆဲဖြစ်သည်။

ထို့အတူ တစ်သိန်းကျော်သော စစ်ဘေးဒုက္ခသည်များကလည်း လုံးလည်ချာလည် ဆွေးနွေးပွဲများကို နားစွင့်ရင်း သေနတ်သံများကြား ပြေးလွှားရန် အထုပ်အပိုးပြင်ထားရဆဲဖြစ်သည်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က စတင်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများက လက်ရှိအချိန်အထိ သိန်းနှင့်ချီ စစ်ဘေးသင့်မြေစာပင်များကို အိမ်ပြန်ရန် မစွမ်းဆောင်နိုင်သေးပေ။

အစိုးရသစ်လက်ထက် သမိုင်းဝင် ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးအပြီး သြဂုတ်လလယ်ခန့်ကစ၍ ကချင်ပြည်နယ် ဂီဒွန်ဒေသအပါအ၀င် ဒေသအချို့တွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ၊ တအာင်း (TNLA)စသည့်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနှင့် မရှေးမနှောင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဝေဖန်မှုများ ထွက်ပေါ်၍ မကြာမီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်အဟန့်အတားဖြစ်စေခဲ့သည့် လှိုင်းဂယက်တစ်ခုက တရုတ်နယ်စပ်ကုန်သွယ်ရေးဒေသသို့ ရိုက်ခတ်ခဲ့ပြန်သည်။

၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း အပါအ၀င် မူဆယ်နှင့် မုံးကိုးဒေသများသို့ ကေအိုင်အေ၊ TNLA နှင့် ကိုးကန့် (MNDAA) ပူးပေါင်းအဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်အပါအ၀င် ပူးပေါင်းလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများက ၎င်းတို့ဒေသများတွင် တပ်မတော်က ထိုးစစ်ဆင်နေခြင်းအပေါ်တုံ့ပြန်၍ ကန့်သတ်စစ်ဆင်နွှဲခြင်းဖြစ်ကြောင်း ရှမ်းမြောက်ဒေသသို့ ၀င်ရောက်တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ဆိုသည်။

မူဆယ်နှင့် မုံးကိုးဖြစ်စဉ်များအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှုများကြောင့် ပူးပေါင်းလက်နက်ကိုင်အဖွဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

ပူးပေါင်းလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ရန် ဆောင်ရွက်မှုများရှိသော်လည်း အာဏာရဒီချုပ်ပါတီလွှမ်းမိုးသော ပြည်သူ့လွှတ်တော်တွင် လက်မခံခဲ့ဘဲ မှတ်တမ်းအဖြစ်သာ အဆိုကိုထားခဲ့သည်။ သို့သော် ပြည်ခိုင်ဖြိုးနှင့် တပ်မတော် ကိုယ်စားလှယ်အရေအတွက်များသော ရှမ်းပြည်နယ်လွှတ်တော်တွင် ပူးပေါင်းလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်အဆိုကို အတည်ပြုခဲ့သည်။


စစ်ဘေးဒုက္ခသည်စခန်းတစ်ခုရှိ စစ်ဘေးဒုက္ခသည်အမျိုးသမီးကြီးတစ်ဦးနှင့် ကလေးငယ်များ။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

ပူးပေါင်းအဖွဲ့သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူညီချက် (NCA) ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအ၀င်အဖွဲ့ရှစ်ဖွဲ့၊ အင်အား အကြီးဆုံးဟု သတ်မှတ်ထားသည့် ‘၀’ အဖွဲ့(UWSP)တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

မူဆယ်နှင့် မုံးကိုးဖြစ်စဉ်များကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နှောင့်နှေးကြန့်ကြာစေကြောင်း ဝေဖန်သုံးသပ်မှုများ ကျယ်ပြန့်စွာထွက်ပေါ်နေချိန်တွင် သြဂုတ်လလယ်က စတင်ခဲ့သည့် ဂီဒွန်ဒေသတိုက်ပွဲအရှိန်က အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်တွင်မူ KIA ၏ ဂီဒွန်စခန်းကို လေကြောင်း ပစ်ကူများအသုံးပြု၍ တပ်မတော်က သိမ်းပိုက်ခဲ့သည်။ ဂီဒွန်စခန်းကို ထိုးစစ်ဆင်သိမ်းပိုက်ရခြင်းအကြောင်းရင်းကို တပ်မတော်က ယခုကဲ့သို့ တရားဝင် ထုတ်ပြန်ခဲ့သည်။

‘‘KIA အနေဖြင့် မြောက်ပိုင်း မဟာမိတ်အသွင်စုဖွဲ့၍ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအကျပ်အတည်းဖြစ်စေရန် ရည်ရွယ်ကာ မုံးကိုးစခန်းကို နိုဝင်ဘာ ၂၀ ရက်ကစ၍ ၁၇ ရက်တိုင်တိုင် သာလွန်အင်အားစုဖွဲ့ပြီး အပြီးတိုင် ချဉ်းကပ်တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှုမရှိသည့်အပေါ် ဂီဒွန်စခန်းသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အချို့ကို ထပ်မံအားဖြည့်၍ မူလရည်ရွယ်ချက်အပေါ် လှုပ် ရှားလာမှုများကြောင့် တပ်မတော်အနေဖြင့် ရင်ဆိုင်ထိန်းချုပ်ခြင်းမှ ထိုးစစ်အသွင်ဖြင့် တပ်မတော် (လေ) လေကြောင်းပစ်ကူ၊ အနီးကပ်အကူ အပါအ၀င် လက်နက်ကြီးမျိုးစုံတို့ဖြင့် ဂီဒွန်စခန်းနှင့် ဆက်စပ်စခန်းများကို ရက်ပိုင်းအတွင်း အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း’’ တပ်မ တော် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။

လတ်တလော ဖြစ်စဉ်များကြောင့် လိပ်ခဲတည်းလည်း ငြိမ်းချမ်းရေးဖြစ်စဉ် အလှမ်းဝေးမည်ကို စောင့်ကြည့်လေ့လာသူများနှင့်ပြည်သူအားလုံးက ပူပန်နေကြသည်။ အထူးသဖြင့် NCA ရေးထိုးနိုင်ရန် KIO ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် အစိုးရတို့ ညှိနှိုင်းဆွေးနွေးမှုများ ပျက်ပြားမည်ကို ပူပန်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးသုဝေက သူ၏အမြင်ကို ယခုကဲ့သို့ပြောကြားသည်။

‘‘အဟန့်အတားတွေဖြစ်ကုန်တာပေါ့ဗျာ။ အကန့်အသတ်တွေ ပိုများသွားတာပေါ့’’ဟု ဦးသုဝေက မှတ်ချက်ပြုသည်။ ‘‘ငြိမ်းချမ်းရေးလုပ်နေတယ်၊ တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲတွေက တဖြည်းဖြည်း ကျယ်ပြန့်လာတယ်ဆိုတော့ ဒါတွေက အလားအလာမကောင်းဘူးပေါ့ဗျာ’’ဟု ၎င်းကဆို၏။

KIO ဦးဆောင်သည့် အဖွဲ့ခုနစ်ဖွဲ့ပါ UNFC နှင့် UNFC မှ ယာယီနုတ်ထွက်ထားသည့် တအာင်း၊ ကိုးကန့်အဖွဲ့အပြင် လိုင်ဇာအခြေစိုက် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့မှာ NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။ အဆိုပါ အဖွဲ့များဘက်က တပ်မတော်၏ ထိုးစစ်များအပေါ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရက နှုတ်ဆိတ်နေသည်ဟု ဝေဖန်စွပ်စွဲပြောဆိုခဲ့သည်။ TNLA အထွေထွေအတွင်းရေးမှူးက မူဆယ်ဖြစ်စဉ်အတွင်းက ၎င်း တို့ဒေသများတွင် ထိုးစစ်ဆင်နေ ခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တစ်စုံတစ်ရာ ၀င်ရောက်ပြောဆိုခြင်းမရှိဟု ဝေဖန်ခဲ့ဖူးသည်။

KIO အလုပ်အဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ‘‘စစ်ရေးဖိအားပေးပြီးတော့ နိုင်ငံရေးအဖြေမရှာစေချင်ဘူး။ တော်လှန်ရေး အဖွဲ့အစည်းတွေဟာ တိုင်းရင်းသားလူမျိုးတွေဖြစ်တယ်။ အားလုံးဟာ တစ်ပြိုင်နက်တည်း အနေအထားတစ်မျိုးကို စုစည်းစေပြီးတော့ လုံးဝစေ့စပ်ညှိ နှိုင်းမရမယ့် အနေအထားကို တပ်မတော်အနေနဲ့ မဖန်တီးသင့်ဘူး’’ ဟုပြောသည်။

‘‘လူထုရဲ့ အယုံအကြည်ရှိ လာအောင်၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အယုံအကြည်ရှိလာအောင်၊ ဥပဒေကြောင်းအရအယုံအကြည်ရှိလာအောင်၊ သဘောတူညီချက်တွေအရ အယုံအကြည်ရှိလာအောင် ဘယ်လိုလုပ်ဆောင်မ လဲဆိုတဲ့ဟာ အဓိကပါ။ အဲဒီအတိုင်းမရှိတော့ဘူးဆိုရင် ညှိနှိုင်းဆွေးနွေးရေးက အလကားပဲလေ’’  ဟု ၎င်းကပြောသည်။

စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ယခုကဲ့သို့ အတိအလင်းတုံ့ပြန်သည်။


စစ်ဘေးဒုက္ခသည်ကလေးငယ်တစ်ဦး။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

‘‘ပြောကြမယ်ဆိုရင် တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက် မှာလည်းပါတယ်။ ဒီနေရာ (ဂီဒွန် စခန်း)က ဘယ်လိုဘယ်လို ချဲ့ထွင်ထားတယ်။ အရင်တုန်းက သဘောတူညီချက်တွေထဲမှာ ဒါတွေမပါဘူးဆိုတာ တွေ့တယ်။ အဲဒီတော့ တပ်နေရာချဲ့ထွင်တဲ့ကိစ္စပေါ့။ နောက် ဒီတိုက်ပွဲစဖြစ်တဲ့အချိန်အခါကို ပြန်ကြည့်ပြန်ရင်လည်း ကျွန်တော်တို့က အဲဒီစဖြစ်တဲ့ဖြစ်စဉ်ပြန်ကြည့်ရင် မြန်မာ့တပ်မတော်စစ်ကြောင်းကို ချုံ ခိုတိုက်ခိုက်ပြီးတော့ စဖြစ်တာ။ အဲဒီလိုတွေ့ရတယ်’’ဟုသမ္မတရုံး ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးကပြောသည်။ ‘‘ဟိုဘက်ဒီဘက် ပြောနေကြတာ ထက်စာရင် ကျွန်တော်တို့ စကားပြောဖို့လိုတယ်။ စကားပြောရမယ်။ ဆွေးနွေးရမယ်။ မဆွေးနွေး ဘဲနဲ့တော့ နှစ်ဖက်ငြိမ်းချမ်းရေးလမ်းစဉ်က မဖြစ်နိုင်ဘူး’’ဟု ဆို သည်။

အစိုးရအနေဖြင့်တပ်မတော် နှင့် တိုင်းရင်းသားအဖွဲ့များကြားတွင် ယခင်ကပင် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင်လည်း ဆောင်ရွက်နေကြောင်း ဦးဇော်ဌေးကဆိုသည်။

လေ့လာသူအချို့ကမူ လတ်တလောဖြစ်စဉ်များကြောင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲများ နှောင့်နှေးစေနိုင်ကြောင်း သုံးသပ်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကမူ ‘‘ရှင်းရှင်းပြောရရင် ရှေ့တန်းရောက်နေတဲ့ တပ်မတော်သားတွေရော တစ်ဖက်က ပြန်လည်ခုခံနေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေပါ ဘယ်သူပဲကျ ဆုံးကျဆုံး ပြည်ထောင်စုဖွား တစ်ယောက်ကျဆုံးတာပဲ။ ထိုနည်းလည်းကောင်းပဲ။ စစ်ဘေးရှောင်ဒုက္ခသည်တွေဆိုတာလည်း ကိုယ့်ရဲ့ပြည်ထောင်စုဖွားတိုင်းရင်းသားတွေချည်းပဲ။ ဒါကြောင့်မို့လို့ ဘယ်သူ့ကို ထိခိုက်နစ်နာစေဦးတော့ ပြည်ထောင်စုကို တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ ထိခိုက်စေမှာပဲ’’ဟု သုံးသပ်သည်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA မူကို အစိုးရဘက်မှ စွဲကိုင်ထားပြီး ၂၁ ရာစုပင်လုံသည် နိုင်ငံရေးအရ အဖြေရှာမှု များအတွက်တစ်ခုတည်းသော လမ်းကြောင်းဟု အတိအလင်းထုတ်ဖော်ထားသည်။ KIO ဦး ဆောင်သော UNFC အင်အားစုများက NCA ရေးထိုးရန် ၎င်းတို့ တောင်းဆိုထားသည့် အားလုံးပါဝင်ရေး အပါအ၀င် ကြားကာလ အပစ်ရပ်စဲရေး၊ ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းများ ပိုမိုခိုင်မာစေရေး စသည့်အချက်များ ပြေလည်မှလက်မှတ်ရေးထိုးမည့် အနေအထားဖြစ်သည်။

ဦးဇော်ဌေးက တိုင်းရင်းသားများ အစဉ်တစိုက် တောင်းဆိုခဲ့သည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသည့် လက်ရှိ အစိုးရလက်ထက်တွင် ပြုလုပ်၍ အဖြေရှာရမည်ဖြစ်ကြောင်း ဆိုသည်။

‘‘အခု သူတို့နဲ့ ဆွေးနွေးရမယ်။ ဒီဘက်က နိုင်ငံရေးခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းပြည်ပထောက်ခံမှုပေါ့။ သူ့ရဲ့တရားဝင်မှုက မေးခွန်းထုတ်စရာမလိုဘူး’’ဟု ဦးဇော်ဌေးကပြောသည်။

‘‘အဲဒီလိုခေါင်းဆောင်မှုမျိုးနဲ့မှ ကျွန်တော်တို့က နိုင်ငံရေးဆွေးနွေးပွဲမသွားဘူးဆိုရင် နိုင်ငံရေး ဘယ်အချိန်ဆွေးနွေးမလဲ၊ ကျွန်တော်တို့က မေးစရာရှိတယ်။ ဘယ်လိုခေါင်းဆောင်မျိုးမှ သမာသမတ်ကျမယ်ထင်လဲ။ ဘယ်လို ခေါင်းဆောင်မျိုးနဲ့ ဆွေးနွေးမှ သူတို့ခေတ်အဆက်ဆက် တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုရနိုင်မယ်လို့ထင်သလဲပေါ့။ ဘယ်လိုခေါင်းဆောင်မျိုး လက်ထက်ရောက်မှ၊ ဆွေးနွေးတော့မှ တန်းတူရည်တူရှိမှု၊ အပြန်အလှန်လေး စားယုံကြည်မှု ဒါမျိုးတွေရှိတဲ့ ဆွေးနွေးပွဲ အဖြေတွေရလာမယ်လို့ ထင်လဲပေါ့’’

မပြေလည်သေးသည့် ဆွေးနွေးညှိနှိုင်းမှုများကြားတွင် ငြိမ်းချမ်းရေးရောင်ခြည်က မှေးမှိန်နေဆဲဖြစ်သည်။ ယာယီစခန်းများတွင် ခိုလှုံနေရသည့် မြန်မာပြည်မြောက်ဖျားရှိ စစ်ဘေးဒုက္ခသည်များမှာလည်း အေးမြလှသော ရာသီဥတုအောက်တွင် သေနတ်သံကြားတိုင်း အထုပ်အပိုးပြင်နေရဆဲဖြစ်သည်။

စစ်ဘေးဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဂွမ်ရှာအောင်က ယခုကဲ့သို့ ဆိုသည်။

‘‘ဆောင်းတွင်းကာလမှာ တိုက်ပွဲတွေ ပြင်းထန်လာတော့ စိုးရိမ်ပူပန်တာပါ။ အမှန်ဆိုရင် လွန်ခဲ့တဲ့နှစ် ဒီလိုအချိန်မှာဆို အိုင်ဒီပီတွေ တော်တော်များများက ကိုယ့်အိမ်ပြန်ဖို့ အခွင့်အလမ်းများပြီဆိုပြီး တော်တော်မျှော်လင့်ခဲ့တာပေါ့။ ပင်လုံညီလာခံတွေ ဖြစ်လာတော့ ပိုမျှော်မှန်းမိတာပေါ့’’ ဟု ဦးဂွမ်ရှာအောင်က ပြောကြားသည်။

‘‘ထိုးစစ်တွေ၊ တိုက်ပွဲတွေ ဖြစ်နေတာတွေ အမြန်ဆုံးရပ်တန့် ဖို့လိုပါတယ်။ အဲဒါက စစ်ဘေးဒုက္ခသည်တွေအတွက် နံပါတ်(၁)ဖြစ်ပြီးတော့ ငြိမ်းချမ်းရေးလမ်းကြောင်းအတွက် နိုင်ငံရေးဆွေးနွေးပွဲနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်’’

ကချင်နှင့် ရှမ်းမြောက်ဒေသရှိ စစ်ဘေးဒုက္ခသည်များအတွက်တာ့ ယေရှုခရစ်တော်မွေးနေ့ ခရစ္စမတ်ပွဲတော်ကာလကို စိုးရိမ်ပူပန်မှုများဖြင့် ဆဋ္ဌမအကြိမ် ဖြတ်သန်းရဦးမည်ဖြစ်ပါသည်။

Sources : 7 Day

No comments:

Post a Comment