Latest News

Thursday, December 8, 2016

မလေးရောက် မြန်မာလုပ်သားများ နေရပ်ကိုပြန်လာလိုသူ နည်းပါးနေသေး

မလေးရောက် မြန်မာလုပ်သားများ နေရပ်ကိုပြန်လာလိုသူ နည်းပါးနေသေး

ဘဂါင်္လီ အရေး ကိစ္စတွေကြောင့် မလေးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံကြား နိုင်ငံရေး အဆင်မပြေမှုတွေ ရှိနေပေမယ့် မလေးရှားမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ မိခင်နေရပ်ကို ပြန်လာလိုသူတွေ နည်းပါးနေတယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မူ လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) က မလေးရှားအလုပ်သမားကော်မတီ ခေါင်းဆောင် ဦးသန်းထွဋ္ဋ်ဦးက ပြောပါတယ်။

သူက ” ဟိုဘက်မှာတော့ သိပ်ထူးထူးထွေထွေပြဿနာမရှိပါဘူး။ ပုံမှန်အတိုင်းဘဲ သွားလာနေကြတယ်။

ဒါပေမယ့် တစ်ခုပဲ ၀န်ကြီးချုပ်ကိုယ်တိုင်က ဒီလိုမျိုးလုပ်လိုက်တယ်ဆိုတော့ နည်းနည်းလေးတော့ စိုးရိမ်စိတ်ဖြစ်သွားတာတော့ရှိတယ်။ ခုချိန်ထိတော့ ပြန်မယ်ဆိုတဲ့သူ မရှိပါဘူး ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ ဘဂါင်္လီ အရေးနဲ့ပတ်သက်ပြီးမလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်ကိုယ်တိုင်ဆန္ဒပြခဲ့တာကြောင့်မလေးရှားရောက် မြန်မာတွေအနေနဲ့သတိထားသွားလာကြဖို့ မြန်မာသံရုံးကဒီဇင်ဘာ၃ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် အလုပ်သမားတွေ အနေနဲ့ လုံခြုံရေး အခြေနေစိုးရိမ်နေရပြီး တရားမ၀င် အလုပ်သမားတွေကိုလည်း မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ကို မြန်မာသံရုံးတွင် ထုတ်ပေးနေကြောင်းသိရပါတယ်။

” ဟိုက လူတွေကလဲ ဒီကိုပြန်လာဖို့ အဆင်မပြေဘူး၊ ဘာလို့လဲဆိုတော့ ဒီကရတဲ့ လစာက နည်းတယ်လေ၊ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခက နည်းနေတော့ ပြန်လာရင်လည်း အဆင်မပြေဘူး။

ဒီတော့ ပြန်လာရင်လဲ အလုပ်မရှိမဲ့အတူတူ ဟိုမှာပဲ ပေကပ်လုပ်နေကြတယ်လို့ ထင်တယ်။

ဝန်ကြီးဌာန အနေနဲ့ အနည်းဆုံးလုပ်ခကို ပြင်ဆင်သတ်မှတ်ပေးလိုက်ရင် တော်တော်များများ ပြန်လာကြမှာပါ ” လို့ အလုပ်သမားရေးရာ ကျွမ်းကျင်သူ ဦးအောင်လင်းက သုံးသပ်ပါတယ်။

အလုပ်သမား ၀န်ကြီးဌာန အနေနဲ့ မလေးရှား အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရပြီး နေရပ်ပြန်ရန် အခက်ခဲရှိနေတဲ့ အလုပ်သမားတွေကို ပုဂ္ဂလိက အလှူရှင်တွေ အကူညီနဲ့ အခမဲ့ပြန်လည် ခေါ်ဆောင်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်လအထိ ၁၇၆၈ ဦးခေါ်ဆောင်ပေးခဲ့ပြီးဖြစ်တယ်။

နေရပ်ပြန်ဖို့ အခက်အခဲရှိ သူတွေအနေနဲ့ မလေးရှားရှိ မြန်မာသံရုံးမှာ စာရင်းပေးနိုင်ပြီး သတ်မှတ်လူဦးရေးပြည့်ပါက ခေါ်ဆောင်ပေးသွားမယ်လို့ အလုပ်သမား ညွှန်ကြားမူ ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ပြည်ပ အလုပ်ကိုင်အေဂျင်စီတွေက တရားဝင်ပို့ထားတဲ့ အလုပ်သမားပေါင်း ၁၄၀၀၀၀ ကျော်ရှိနေပြီး တရားမ၀င်လုပ်သားပေါင်း ငါးသိန်းကျော် ရှိနေတယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မူ လုပ်ငန်းရှင်များအဖွဲ့ထံကနေသိရပါတယ်။
Author - နေရဲရင့်/Kumudra

No comments:

Post a Comment