Latest News

Friday, December 9, 2016

ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ စိုးရိမ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံနားလည်လိမ့်မည်ဟု ယုံကြည်ကြောင်း နမ်ဘီးယားဆို

ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ စိုးရိမ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံနားလည်လိမ့်မည်ဟု ယုံကြည်ကြောင်း နမ်ဘီးယားဆို

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယားက မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုကိုသိရှိထားပြီး နားလည်လက်ခံပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဒီဇင်ဘာ၊၈ ရက်နေ့က ထုတ်ပြန်သည့်ကြေညာချက်တစ်ရပ်ထဲတွင် ပြောကြားထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်အရေးကိစ္စတွင် အခြေအနေမှန်ကိုအရှိအတိုင်းသုံးသပ်ရန်နှင့် အခြားအရေးကိစ္စများတွင်သူမဆောင်ရွက်ခဲ့သည့်အတိုင်း သူမ၏ နှလုံးသားအတွင်းကအသံကိုနားထောင်ကာ မြန်မာနိုင်ငံသားများကို လူမျိုးရေး၊ ဘာသာရေးနှင့်အခြားကွဲလွဲမှုများကိုကျော်လွှားကာ လူသားအချင်းချင်း ဂုဏ်သိက္ခာရှိရှိ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြစေရေး တိုက်တွန်းပြောကြားရန် တိုက်တွန်းလိုကြောင်းလည်း မစ္စတာနမ်ဘီးယားက ပြောကြားထားသည်။

ယင်းကြေညာချက်ထဲတွင် မစ္စတာနမ်ဘီးယားက ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အခြေအနေများနှင့်ပတ်သက်ပြီး စိုးရိမ်နေဆဲဖြစ်ကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် တည်ဆဲဥပဒေများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီလုပ်ဆောင်ရန်နှင့် အပြစ်မဲ့ပြည်သူများ၏အသက်အိုးအိမ်ဆုံးရှုံးနိုင်သည့်လုပ်ရပ်များကို ရှောင်ရှားရန်တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

နိုဝင်ဘာလအတွင်းက ဒေသတွင်း သံတမန်များနှင့် ကုလသမဂ္ဂမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရာရှိများ ပဋိပက္ခဖြစ်ပွားရာဒေသများသို့သွားရောက်လည်ပတ်အပြီးတွင် ကုလသမဂ္ဂ၏ အေဂျင်စီများက ရခိုင်ပြည်နယ်အတွင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများယိုယွင်းနေမှုအပေါ်စိုးရိမ်မိကြောင်းထုတ်ပြန်ခဲ့သည်ဟုလည်း မစ္စတာနမ်ဘီးယားက ပြောကြားထားသည်။

ထို့ပြင် ၎င်းအနေဖြင့် လက်ရှိတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဌအဖြစ်တာဝန်ယူထားသော ယခင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်၏ ရခိုင်ပြည်နယ်အပေါ်အကဲဖြတ် သုံးသပ်ချက်နှင့် ဒေသတွင်းလူ့အဖွဲ့အစည်းများကြား တင်းမာမှုများလျှော့ချနိုင်ရန် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် သတင်းမီဒီယာသမားများ သတင်းရယူနိုင်ခွင့်တို့ကို ကန့်သတ်ပိတ်ပင်ထားခြင်းမပြုရန် တိုက်တွန်းမှုကို သဘောတူကြောင်းလည်း မစ္စတာနမ်ဘီးယားက ပြောကြားထားသည်။
Sources ; The Voice

No comments:

Post a Comment