Latest News

Sunday, December 25, 2016

နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် ခရစ္စမတ်နေ့ ဘုရားကျောင်းမတက်နိုင်တဲ့ ဗြိတိန်ဘုရင်မကြီး

နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် ခရစ္စမတ်နေ့ ဘုရားကျောင်းမတက်နိုင်တဲ့ ဗြိတိန်ဘုရင်မကြီး

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ ၁၉၈၈ ခုနှစ်ကတည်း နှစ်စဉ် ခရစ္စမတ်နေ့တိုင်းမှာ စိန့်မေရီမက်ဂ်ဒီလီနီ ဘုရားကျောင်းကို တော်ဝင်မိသားစုဝင်တွေနဲ့အတူ တက်ရောက်လေ့ရှိပါတယ်။
 
ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ ယခုနှစ် ခရစ္စမတ်နေ့မှာ အအေးမိဝေဒနာ ခံစားနေရတာကြောင့် ဘုရားကျောင်းတက်ရောက်နိုင်ခြင်း မရှိကြောင်း ဘက်ကင်ဟမ်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အသက် ၉၀ နှစ်အရွယ် ဘုရင်မကြီးဟာ နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ခရစ္စမတ်နေ့မှာ ဘုရားကျောင်းတက်ရောက်နိုင်ခြင်း မရှိခဲ့တာလို့ ဆိုပါတယ်။

ဗြိတိန်ဘုရင်မကြီးဟာ သက်ရှိထင်ရှားရှိနေဆဲ ကမ္ဘာ့နန်းသက်အရှည်ဆုံးလည်း ဖြစ်ပါတယ်။ ဘုရင်မကြီးနဲ့ ကြင်ယာတော် အသက် ၉၅ နှစ်အရွယ် မင်းသားကြီးဖိလစ်တို့ဟာ အအေးမိဝေဒနာကြောင့် ၎င်းတို့ရဲ့ စန်ထရင်ဂမ်စံအိမ်ကို သွားရောက်ရန်လည်း တစ်ရက်နောက်ဆုတ်ခဲ့ရပါတယ်။

အအေးမိဝေဒနာမှ သက်သာလာတဲ့ မင်းသားကြီးဖိလစ်ကတော့ ခရစ္စမတ်နေ့မှာ ဘုရားကျောင်းတက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ ၁၉၈၈ ခုနှစ်ကတည်း နှစ်စဉ် ခရစ္စမတ်နေ့တိုင်းမှာ စန်ထရင်ဂမ်ရှိ စိန့်မေရီမက်ဂ်ဒီလီနီ ဘုရားကျောင်းကို တော်ဝင်မိသားစုဝင်တွေနဲ့အတူ တက်ရောက်လေ့ရှိပါတယ်။

"ဒီနှစ် ခရစ္စမတ်မှာတော့ ဘုရင်မကြီး ဘုရားကျောင်းကို တက်ရောက်မှာ မဟုတ်ပါဘူး၊ ဘုရင်မကြီးက အအေးမိဝေဒနာ ခံစားနေခဲ့တာ အခုမှ ပြန်သက်သာခါစပဲ ရှိသေးတော့ ပိုပြီးနေကောင်းလာအောင် အပြင်မထွက်ဘဲ နေရအုံးမှာပါ" လို့ နန်းတော်ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

Source & Photo: AP, BBC, Reuters, AFP; duwun

No comments:

Post a Comment