Latest News

Thursday, December 29, 2016

ကျိုက်ထီးရိုး တောင်တက်ကား ပြေးဆွဲခွင့် ရရှိရေး ဆန္ဒပြ

ကျိုက်ထီးရိုး တောင်တက်ကား ပြေးဆွဲခွင့် ရရှိရေး ဆန္ဒပြ

ကျိုက်ထို၊ ဒီဇင်ဘာ ၂၉

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ တောင်တက်မော်တော်ကား ပြေးဆွဲခွင့် ရရှိရေး ကင်မွန်းချောင်း ကျေးရွာခံ ၃၀၀ ခန့်တို့က ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်လိုင်းတွင် ဒေသခံ မော်တော်ယာဉ် အစီး ၃၀ ဝင်ရောက်ပြေးဆွဲခွင့် ရရှိရန် ပြည်နယ်အစိုးရအဖွဲ့သို့ အကြိမ်ကြိမ် အသနားခံ တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆန္ဒပြ ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ ပြည်နယ်ဝန်ကြီးချုပ်ထံကို အကြိမ်ကြိမ် စာတွေ တင်ပြထားတယ်၊ ဒေသခံတွေရဲ့ အဓိက လိုအပ်ချက်တွေကို တင်ပြပြီးတော့ သူတို့ (အစိုးရ) က ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

တောင်တက်မော်တော်ယာဉ်လိုင်းတွင် ဒေသခံများ ဝင်ခွင့်မရစေရန် တောင်တက်မော်တော်ယာဉ်လိုင်း ကော်မတီက ပိတ်ပင်ထားပြီး အခြားယာဉ်လိုင်းအသစ် တိုးချဲ့ရာတွင်လည်း တောင်တက်ယာဉ်လိုင်းမှ ပုဂ္ဂိုလ်များသာ လုပ်ခွင့်ရနေသည်ဟု ယင်းဆန္ဒပြ ခေါင်းဆောင်က ပြောကြားသည်။

လက်ရှိတောင်တက် ကားလမ်းအနေအထား၊ တောင်ပေါ်ရှိ ကားဂိတ်နေရာ ကျဉ်းမြောင်းနေသည့် အတွက်ကြောင့် ကားအစီးရေတိုးမည့် ကိစ္စသည် လတ်တလောတွင် မဖြစ်နိုင်သေးကြောင်း ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးဝိတင်က ပြောကြားသည်။

“တောင်တက်မော်တော်ယာဉ် လိုင်းထဲကို ဝင်ချင်သူတွေ အများကြီး ရှိပါတယ်၊ လက်ရှိမှာ ပြည်နယ်အစိုးရကို လိုက်နေတဲ့ အဖွဲ့တွေလည်း အများကြီးပဲ၊ လက်ရှိ တောင်တက်ကားလမ်း အနေအထားရယ်၊ တောင်ပေါ်မှာ ကားဂိတ်နေရာ ကျဉ်းတာရယ်၊ ထိန်းသိမ်းမှုအပိုင်း မနိုင်နင်းမှာ စိုးရိမ်တဲ့အတွက် ယာဉ်စီးရေတိုးဖို့ကို လတ်တလော မဖြစ်နိုင်သေးပါဘူး” ဟု ၎င်းက ပြောသည်။

တောင်တက်မော်တော်ယာဉ် ပြေးဆွဲခွင့်ရရှိရေး ဆန္ဒထုတ်ဖော်ကြသည့် ဒေသခံ ၃၀၀ ခန့်တို့သည် ‘ဒေသခံများ စီးပွားရေး အခွင့်အလမ်းများ ရရှိရေး တို့အရေး’၊ ‘ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တို့အရေး’၊ ‘ကျေးရွာသူ၊ ကျေးရွာသားများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး တို့အရေး’ ၊ ‘ငွေကြေးဓနရှင် လူတစ်စု၏ ဖိနှိပ်ထားမှုအပေါ် လွတ်မြောက်နိုင်ရေး တို့အရေး’ စသည့် ကြွေးကြော်သံတို့ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လက်ရှိတွင် တောင်တက်မော်တော်ယာဉ်လိုင်းတွင် ယာဉ် ၁၅၀ စီးဖြင့် ပြေးဆွဲလျက်ရှိပြီး ဒီဇင်ဘာလအတွင်း ကျိုက်ထီးရိုးဘုရားဖူး များလာခြင်း ကြောင့် တောင်တက်ကားများ ယခင်ပြေးဆွဲနေသည့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအချိန်အစား နံနက် ၂ နာရီမှ ည ၈ နာရီ အချိန် ပြောင်းလဲပြေးဆွဲနေရသည်ဟု တောင်တက်မော်တော်ယာဉ် အသင်းထံမှ သိရသည်။

Sources & Photo - ယဉ်စနိုင်း/Dawei Watch : The Voice

No comments:

Post a Comment