Latest News

Tuesday, December 20, 2016

လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနှင့် မင်းရွာအုပ်စု အုပ်ချုပ်ရေးမှူး အပြန်အလှန် အမှုဖွင့်

လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနှင့် မင်းရွာအုပ်စု အုပ်ချုပ်ရေးမှူး အပြန်အလှန် အမှုဖွင့်


ကလေး၊ ဒီဇင်ဘာ ၂ဝ

မကွေး တိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မင်းကျေးရွာတွင် စုန်းအတတ် တစ်ဖက်ကမ်းခပ် တတ်သူများ ရှိသည်ဟု လူမှုကွန်ရက်တွင် စွပ်စွဲရေးသားမှုနှင့် ပတ်သက်၍ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနှင့် မင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ဆက်သွယ်ရေး ပုဒ်မဖြင့် အပြန်အလှန် အမှုဖွင့်ထားကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မြတ်ထံမှ သိရသည်။

မင်းကျေးရွာတွင် စုန်းအတတ် တစ်ဖက်ကမ်းခပ် တတ်သူများ ရှိကြောင်း ဦးလှဆွေက  လူမှုကွန်ရက်တွင် ရေးသားခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်ချေပပြောဆို ရေးသားခဲ့သော မင်းရွာသူ မဇင်မာကြည်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့က နေပြည်တော် ကောင်စီနယ်မြေ ထုံးဘိုရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် ဦးလှဆွေက အမှုဖွင့်ခဲ့ပြီး ယင်းအမျိုးသမီးကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျေးရွာမှ ဖမ်းဆီးသွားကြောင်း ဦးလှဆွေကို ပြန်လည် အမှုဖွင့်ခဲ့သူ မင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မြတ်က ပြောကြားသည်။

စုန်းအတတ် တစ်ဖက်ကမ်းခပ်တတ်သူဟု စွပ်စွဲ ရေးသားမှုမှာ ရွာသူရွာသားများ၏ ဂုဏ်သိက္ခာ ထိခိုက်စေသောကြောင့် ဦးလှဆွေကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ဂန့်ဂေါမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း  ဦးတင်မြတ်က ပြောဆိုသည်။

မင်းရွာတွင် စုန်းအတတ် တစ်ဖက် ကမ်းခပ်တတ်သူများ ရှိကြောင်း စုန်းအတတ်ပညာဖြင့် အာဖရိကနိုင်ငံတွင် အလုပ် လျှောက်၍ရကြောင်း ဦးလှဆွေ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် စက်တင်ဘာ ၂ဝ ရက်နေ့က ရေးသားခဲ့မှုမှာ ယောဒေသကို ကောင်းကျိုးအဖြစ် မမြင်ပေးဘဲ မင်းရွာသူ ရွာသားများ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် ရေးသားသဖြင့် ရဲစခန်းတွင် တိုင်ကြားရခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ ယောသူ ယောသားဆိုတာ အမှုကို မလိုပါဘူးဗျ၊ ဖေ့စ်ဘွတ်ခ်ပေါ်မှာ မင်းရွာ ဂုဏ်သိက္ခာ ကျအောင် သူရေးရေးချင်း ကျွန်တော်တို့ ဘာမှ မလုပ်ဘူး၊ ကျွန်တော်တို့ရွာက မဇင်မာကြည်က ယောဒေသမှာ ပရဟိတွေ လုပ်နေကြတယ်။ ဘုရားဟော အသိပညာတွေနဲ့ ပတ်သက်ပြီး ကျယ်ပြန့်အောင် ဆောင်ရွက်နေတဲ့အကြောင်း ဦးလှဆွေ အနေနဲ့ ဒီလို မရေးဖို့ သူရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ပြန်တင်တဲ့အခါကျတော့ ကျွန်တော်တို့ ရွာသူလေးကို တရားစွဲတယ်၊ ယောဒေသက သာမန် မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့် ခေါ်သွားတယ်ဆိုရင် ယောဒေသကလည်း ဘာဖြစ်လို့ ခံနေရမှာလဲ ဆိုပြီး အရေး ယူပေးဖို့ ရဲစခန်းမှာ သွားတိုင်ခဲ့တာဗျ”ဟု ဦးတင်မြတ်က ပြောဆိုသည်။

ဦးလှဆွေ၏ ရေးသားမှုကို မင်းရွာသူ မဇင်မာကြည်က ဦးလှဆွေ၏ လက်ကျန် အချိန် နည်းနေသဖြင့် ကိုယ့်စိတ်နှင့် နှုတ်ကို ထိန်းရန်၊ ရွာသူရွာသားများက ဘာသာသနာအတွက် စည်ပင်အောင် လုပ်ဆောင်နေကြောင်း၊ ရပ်ကျိုးရွာကျိုးများ ဆောင်ရွက်နေကြောင်း၊ ယောနယ်သူ ယောနယ်သားများ၏ မကောင်းကြောင်းများကို ချိုးဖဲ့ မပြောဘဲ စေတနာ အမှန်ကို ချပြရန်၊ မင်းရွာတွင် ရွှေသီတာ ဘုရားပွဲ အကြောင်းပြုကာ အကြိမ် များစွာ စားဝါးခဲ့သည်ကို ပြန်ကျေးဇူးဆပ်နေသည်လောဟု မေးခွန်းထုတ်ကာ လူမှုကွန်ရက်တွင် ပြန်လည် ရေးသားခဲ့သဖြင့် မင်းကျေးရွာသူကို ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် အမှု ဖွင့်ခံရခြင်းဖြစ်သည်။

ဦးလှဆွေကို အမှုဖွင့်လှစ်မှုနှင့် ပတ်သက်၍ တိုင်ကြားသူကို စစ်ဆေးခဲ့ပြီး ဦးလှဆွေကို  မစစ်ရသေးကြောင်း၊ ဦးလှဆွေကို စစ်ဆေးရန်အတွက် ဆောင်ရွက်လျက်ရှိရာ ဂန့်ဂေါမြို့မရဲစခန်းမှ စခန်းမဒုရဲမှူး စိုးစိုးက ပြောကြားသည်။

ဆက်သွယ်ရေး ပုဒ်မဖြင့် တရား စွဲခံရမှုနှင့် ပတ်သက်၍ ဦးလှဆွေကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် “ဦးလှဆွေကို တရားစွဲတယ်ဆိုရင် ခင်ဗျားတို့က ထည့်ချင်တယ်လေ၊ မဖြေဘူးဗျ ဒါပဲ”ဟု ပြန်လည် ပြောကြားသည်။

မင်းကျေးရွာသူကို ဆက်သွယ်ရေး ပုဒ်မဖြင့် အမှုဖွင့်လှစ်ထားမှုနှင့် ပတ်သက်၍  နေပြည်တော် ကောင်စီနယ်မြေ ထုံးဘို ရဲစခန်းသို့ The Voice က ဆက်သွယ် မေးမြန်းရာတွင် ဖြေဆိုခြင်း မရှိချေ။


SOURCES : Photo / RFA & The Voice

No comments:

Post a Comment