Latest News

Tuesday, December 20, 2016

နိုင်ငံတကာမှကူညီထောက်ပံ့လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေများကို ခွဲဝေလျာထား အသုံးပြုရာတွင် ဦးစားပေး ကဏ္ဍကြီး ၄ ရပ် သတ်မှတ်ဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်

နိုင်ငံတကာမှကူညီထောက်ပံ့လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေများကို ခွဲဝေလျာထား အသုံးပြုရာတွင် ဦးစားပေး ကဏ္ဍကြီး ၄ ရပ် သတ်မှတ်ဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေး ဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB) ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတကာမှ ကူညီ ထောက်ပံ့လျက် ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေများ ခွဲဝေလျာထား အသုံးပြုရာတွင် ဦးစားပေး ကဏ္ဍကြီး ၄ ရပ် ထားရှိရေး အစည်းအဝေးက သဘောတူ ဆုံးဖြတ်ခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတကာအလှူရှင် များက ကူညီထောက်ပံ့လျက်ရှိသော  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ရန်ပုံငွေများနှင့်ပတ်သက်၍ ကန့်သတ်ထိန်းချုပ်ခြင်း မဟုတ်ကြောင်း၊ များပြားလှသော အဖွဲ့အစည်းများအကြား ထောက်ပံ့ကူညီမှု ရရှိနိုင်သည့်အခြေအနေ ကွာခြားချက် ကြောင့် မညီမျှမှု များစွာ ရှိနေကြောင်း၊ JCB အနေဖြင့် စီမံကိန်းများကို မျှမျှတတနှင့် ထိထိရောက် ရောက် ဖြစ်စေရန် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်းများ ရေးဆွဲရာတွင်လည်း အလှူရှင်ဘက်က ထောက်ပံ့ကူညီလိုသည့် စီမံကိန်းများ မဖြစ်စေဘဲ လက်တွေ့အခြေအနေ ပကတိ လိုအပ်ချက်များကို အခြေခံ စဉ်းစားသုံးသပ်ပြီး အလှူရှင်များဘက်က လိုအပ်သည့် အလှူငွေများ ဖြည့် ဆည်း ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုသော စီမံကိန်းများကို အလေးထား ဆောင်ရွက်နိုင်ရေး ဤအဖွဲ့က တာဝန်ယူ ညှိနှိုင်းပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံးအနေဖြင့် လိုအပ်ချက်များအလိုက် ဦးစားပေး ကဏ္ဍများ သတ်မှတ်နိုင်ရေး ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ရရှိရေး ရှာဖွေရန် ဖြစ်ကြောင်း၊ ထိုသို့ ရှာဖွေရာတွင် နိုင်ငံတကာကူညီထောက်ပံ့မှုသာမက ပြည်တွင်းမှ အလှူရှင်များ ပါဝင်လာနိုင်ရေးကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် ဖြစ်ကြောင်း၊ တတိယအချက် အနေဖြင့် နိုင်ငံတကာ ထောက်ပံ့ ကူညီမှုများကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ အလေအလွင့် အနည်းဆုံး ဖြစ်စေရေး၊ မလိုအပ်သော အပိုကုန်ကျမှု၊ အပိုသုံးစွဲမှုများ မရှိစေရေး တာဝန်ယူမှု အပြည့်အဝဖြင့် ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် တက်ရောက်လာကြသူများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (JCB) တာဝန်နှင့် ဝတ္တရားများနှင့် ဦးစားပေးကဏ္ဍများကို ဆွေးနွေးကြ သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေ ခွဲဝေသုံးစွဲရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကဏ္ဍ(Ceasefire Sector)၊ စေ့စပ် ညှိနှိုင်း ဆွေးနွေးရေးကဏ္ဍ(Negotiation and Dialogue Sector)၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ(Peace Supporting Development Sector) နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကဏ္ဍ (NRPC Sector) စသည်ဖြင့် ဦးစားပေးကဏ္ဍကြီး (၄) ရပ် သတ်မှတ်ဆောင်ရွက်ရန် အစည်းအဝေးက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

၎င်းအပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဥက္ကဌ အဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး အစိုးရဘက်မှ ဥက္ကဌ အပါအဝင် ကိုယ်စားလှယ် (၈)ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ် (၈)ဦးဖြင့် ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။

JCB တွင် ပါဝင်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA လက်မှတ် ရေးထိုးထားသောအဖွဲ့များ သာမက NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော အဖွဲ့များလည်း ပါဝင်သည်။

ယနေ့ကျင်းပသော JCB အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဌ ဒေါ် ရှီလာနန်တောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်း၊ Nationwide Ceasefire Agreement-NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ပဒိုစောကွယ်ထူးဝင်း(KNU အထွေထွေအတွင်း ရေးမှူး)၊ ခွန်ဥက္ကာ(PNLO ဦးဆောင် နာယက)၊ စိုင်းလျန်း(RCSS-SSA)၊ ဆလိုင်းထလာဟေး (CNF အထွေထွေအတွင်းရေးမှူး)၊ ဦးမျိုးဝင်း (ABSDF)၊ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စား နိုင်အောင်မငေး(DPN အဖွဲ့ဝင်)၊ ဦးထွန်းဇော် (DPN အဖွဲ့ဝင်)၊ နိုင်ဗညားမွန် (NMSP)၊ ဦးစံလော့ (“ဝ” အထူးဒေသ(၂)၊ ပြည်ပဆက်ဆံရေးဌာနမှူး) နှင့် ဦးခမ်းမောင် (အထူးဒေသ(၄) မိုင်းလား၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ) တို့ တက်ရောက်ခဲ့ကြသည်။

Sources ; Myanmar State Counsellor Office

No comments:

Post a Comment