Latest News

Wednesday, December 28, 2016

နှစ်သစ်ကူးည မန္တလေး ဆေးရုံကြီး အရေးပေါ်ဌာန ဖွင့်ထားမည်

နှစ်သစ်ကူးည မန္တလေး ဆေးရုံကြီး အရေးပေါ်ဌာန ဖွင့်ထားမည်

မန္တလေး၊ ဒီဇင်ဘာ ၂၈

မန္တလေးမြို့ပေါ်၌ နှစ်သစ်ကူးည (ဒီဇင်ဘာလ ၃၁ ရက်) တွင် အရေးပေါ် လူနာဌာန ဖွင့်ထားပေးမည်ဖြစ်ပြီး ဆေး ကုသမှု ပေးနိုင်ရန် ဆရာဝန် ၃ဝ ဦးနှင့် သူနာပြု ၄ဝ ဦး တာဝန် ချထားကြောင်း မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး ဆေး လူမှုဆက်ဆံရေး ဌာနထံမှ သိရသည်။

အရေးပေါ် လူနာများ ရောက်ရှိလာပါက အလျင်အမြန် ကုသပေးနိုင်ရေးအတွက် လူနာတင်လှည်း ၄ဝ၊ လက်တွန်းလှည်း ၂ဝ နှင့် ဆေးဝါးများ၊ ဓာတ်မှန်၊ ဓာတ်ခွဲစက် ကဲ့သို့သော ရောဂါ ရှာဖွေရေး စက်များကိုလည်း ပြင်ဆင်ထားကြောင်း၊ ယင်းညအတွင်း အရေးပေါ်ဌာန၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာန၊ အရိုးနှင့် ထိခိုက်ဒဏ်ရာ ကုသရေးဌာန၊ မျက်နှာနှင့် မေးရိုး အထူးကု ဌာနနှင့် ခွဲစိတ် ကုသဌာနတို့ ဖွင့်ထားပေးမည် ဖြစ်ကြောင်း ယင်းဆေးရုံ ဆေးလူမှုဆက်ဆံရေးဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောကြားသည်။

“အဲဒီညမှာက စည်းကမ်းတကျ ပျော်ပါးကြတဲ့သူတွေ ရှိသလို သောက်စားမူးယစ်ပြီး ထိခိုက်ဒဏ်ရာ ရတဲ့လူတွေလည်း နှစ်စဉ် ရှိတယ်။ အဲဒီလို လူနာတွေကို ကုသပေးနိုင်ဖို့ အသင့် ပြင်ဆင်ထားတာပါ”ဟု ၎င်းက ရှင်းပြသည်။

နှစ်သစ်ကူးညတွင် ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ အရက် အလွန်အကျွံ သောက်စားမှုကြောင့် အမူး လွန်နေသည့် လူနာများ နှစ်စဉ် ရောက်ရှိလာတတ်ကြောင်း၊ ထိခိုက်ရှနာ ဖြစ်ခဲ့သူများ၊ ဦးခေါင်း ထိခိုက်မှုများကို ကုသနိုင်ရေး အတွက်ပါ ပြင်ဆင်ထားကြောင်း ဦးမင်းလွင်က ဆက်လက် ပြောဆိုသည်။

မန္တလေးမြို့ခံ လူမှုကူညီရေး အသင်းများအနေနှင့် ယခင်နှစ် နှစ်သစ်ကူးညက  မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည့် လူနာ ၁၅ဝ ခန့် ရှိခဲ့ကြောင်း မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးထံမှ သိရသည်။

“ကျွန်တော်တို့ လူမှုရေးအသင်း အနေနဲ့ နှစ်သစ်ကူး ညမှာဆိုရင် အရင်နေ့တွေထက် လေး၊ ငါးဆလောက် ပိုပြီး ကူညီရတယ်။ ပုံမှန်မှာက တစ်ရက်ကို နှစ်ခေါက်လောက် ပို့ပေးရတယ်ဆိုရင် နှစ်သစ်ကူးနေ့မှာ ရှစ်ခေါက် ကိုးခေါက်လောက်အထိ သွားရတယ်”ဟု မဏိစလ လူမှုကူညီရေး အသင်းမှ ရုံးအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဆိုင်ကယ်မြို့တော်အဖြစ် ထင်ရှားသည့် မန္တလေးမြို့တော်၌ ယာဉ်စည်းကမ်း လိုက်နာမှု အားနည်းသောကြောင့် ယာဉ် မတော်တဆမှု လစဉ် မြင့်တက်လျက်ရှိရာ ၂ဝ၁၅ ခုနှစ် ခရစ္စမတ်နေ့ ညက မန္တလေး ဆေးရုံကြီးသို့ အရေးပေါ် လူနာ ၂ဝ ဦး ရောက်ရှိခဲ့ပြီး နှစ်သစ်ကူး ညတွင် လူနာ ၄ဝ ခန့် ရောက်ရှိခဲ့ကြောင်း၊ ယခုနှစ် ခရစ္စမတ်ညတွင် လူနာ ၂၇ ဦး ဆေးရုံတက် ကုသခဲ့ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။

M-04

Sources; The Voice

No comments:

Post a Comment