Latest News

Monday, December 19, 2016

ရုရှားသံအမတ် တူရကီတွင် ပစ်သတ်ခံရ


ရုရှားသံအမတ် တူရကီတွင် ပစ်သတ်ခံရ

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ် အန်ဒရေကာလော့ဗ်ဟာ တူရကီ ရဲဝန်ထမ်းတစ်ဦးရဲ့ ပစ်သတ်ခြင်းကို ခံလိုက်ရပါတယ်။

ရုရှားသံအမတ်ကို လုပ်ကြံပစ်သတ်ခဲ့တဲ့ ရဲဝန်ထမ်းဟာ အသက် ၂၂ နှစ်အရွယ် မက်ဗ်လက်မတ်အိုင်ဒင်တက်စ် ဖြစ်ကြောင်း တွေ့ရှိရပြီး ဆီးရီးယား ပြည်တွင်းစစ်မှာ ရုရှားနိုင်ငံက ဝင်ရောက်စွက်ဖတ်ခြင်းနဲ့ ပတ်သက်လို့ မကျေနပ်တဲ့အတွက် လုပ်ကြံခဲ့တာလို့ ယူဆရပါတယ်။

ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ကို ရုရှားက ကူညီထောက်ပံ့နေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြပွဲတွေ တူရကီနိုင်ငံမှာ ထွက်ပေါ်လာပြီး တစ်ရက်အကြာမှာပဲ အခုလို ရုရှားသံအမတ် လုပ်ကြံသတ်ဖြတ် ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

သံအမတ်ကာလော့ဗ်ဟာ ဓာတ်ပုံပြပွဲတစ်ခုကို တက်ရောက်စဉ် ရဲဝန်ထမ်း အိုင်ဒင်တက်စ်ရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပြီး အိုင်ဒင်တက်စ်ဟာ နောက်ပိုင်းမှာ ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးသွားတယ်လို့ ပြောဆိုနေပေမယ့် အာဏာပိုင်တွေက အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် အိုင်ဒင်တက်စ်ဟာ အဖွဲ့အစည်းတစ်ခုခုနဲ့ ပတ်သက်ခြင်း ရှိ၊ မရှိ ဆိုတာကိုလည်း မသိရသေးပါဘူး။

ယခုလုပ်ကြံသတ်ဖြတ်သူဟာ ရုရှားနဲ့ တူရကီရဲ့ ဆက်ဆံရေးကို ထိခိုက်အောင် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တူရကီသမ္မတက ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာ တူရကီနဲ့ ရုရှား နှစ်နိုင်ငံ သမ္မတတို့ ဖုန်းဆက်ဆွေးနွေးခဲ့ကြပြီး ယခုလုပ်ရပ်ဟာ ရန်စတဲ့ လုပ်ရပ်သာဖြစ်ကြောင်း နှစ်ဖက်လုံးက သဘောတူ လက်ခံခဲ့ကြပါတယ်။

ဒါ့အပြင် ရုရှား-တူရကီ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေလိုတဲ့သူတွေ အနေနဲ့ သူတို့လိုချင်တာကို ရမှာမဟုတ်ဘူးလို့လည်း တူရကီသမ္မတက ပြောကြားခဲ့ပါတယ်။

ယခုလုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးက ဝိုင်းဝန်းပြစ်တင် ရှုံချခဲ့ကြပါတယ်။

SOURCES : BBC & THE VOICE

No comments:

Post a Comment