Latest News

Saturday, December 17, 2016

ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်းအသင်း ပဉ္စမအကြိမ်မြောက် ဗိုလ်စွဲ

ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်းအသင်း ပဉ္စမအကြိမ်မြောက် ဗိုလ်စွဲ

ဘန်ကောက်၊ ဒီဇင်ဘာ ၁၇

ထိုင်းအသင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာဘောလုံးကွင်းတွင်ကျင်းပခဲ့သော ဆူဇူကီးဖလားဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း DPA က ဖော်ပြထားသည်။

ပထမအကျော့တွင် အင်ဒိုနီးရှားကို နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ထိုင်းသည် ပွဲစသည်နှင့် အင်ဒိုနီးရှားဘက်သို့ တိုက်စစ်ဖွင့်ဖိအားပေးခဲ့ကာ အင်ဒိုနီးရှားနည်းပြ အယ်လ်ဖရက်ရီဒယ်လ်က ခံစစ်အားပြုသည့် နည်းဗျူဟာကို ကျင့်သုံးခဲ့သည်မှာလည်း ထိုင်းအတွက် ကစားရလွယ်ကူသွားစေခဲ့သည်။

ထိုင်းသည် ကွင်းတစ်ဝက်နီးပါး အသာစီးယူ၍ အင်ဒိုနီးရှားကို စိတ်ကြိုက်ဖိအားပေးကစားသွားနိုင်ခဲ့ကာ အင်ဒိုနီးရှားက တစ်သင်းလုံးနီးပါး ခံစစ်တွင်ရှိနေခဲ့သည့်အချက်ကမူ ထိုင်းအတွက် ဂိုးရရန် ခက်ခဲသွားစေခဲ့သည်။

အင်ဒိုနီးရှားခံစစ်မှူးများသည် ထိုင်းတိုက်စစ်မှူး တီရာဆေးလ်ကို အဆင့်ဆင့်လူကပ်ထိန်းချုပ်သွားခဲ့ကြကာ ထိုင်းအသင်းအနေနှင့် ပွဲကစားချိန် ၃၇ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်မှာ ကံကြမ္မာ၏ဖေးကူမှုကြောင့်ပင်ဖြစ်သည်။
ထိုင်းအသင်းအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ချတ်သောင်က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ယင်းဂိုးမှာ ထိုင်းနောက်ခံလူဘန်မာသန် ဘယ်တောင်ပံက ဖြတ်တင်လိုက်သည့်ဘောလုံးကို အင်ဒိုနီးရှားခံစစ်က ရှင်းထုတ်လိုက်ရာတွင် ဘောလုံးမှာ ချတ်သောင်ကိုထိ၍ ဂိုးအဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

ထိုင်းသည် ဒုတိယပိုင်းစတင်အပြီး နှစ်မိနစ်အကြာတွင် ဒုတိယဂိုးဆက်လက်ရရှိသွားခဲ့ကာ ယင်းဂိုးကို အင်ဒိုနီးရှားခံစစ်ဇုန်အတွင်း ကစားသမားသုံးဦးရှိနေသည့်ကြားက ထိုင်းတိုက်စစ်မှူး ချတ်သောင်ကပင် ထောင့်ဖြတ်ကန်သွင်းယူသွားခဲ့ခြင်းဖြစ်သည်။

ထိုင်းအသင်းသည် ပွဲကစားချိန် မိနစ် ၈၀ တွင် တိုက်စစ်မှူး ချတ်သောင်ကို အင်ဒိုနီးရှားဂိုးသမား မိုင်ဂါက လူချကစားခဲ့သည့်အတွက် ပင်နယ်တီအခွင့်အရေးရခဲ့သေးသော်လည်း ယင်းပင်နယ်တီကို တီရာဆေးလ်ကန်သွင်းရာ တွင် ဂိုးသမားမိုင်ဂါက ကာကွယ်သွားနိုင်ခဲ့သည့် တတိယမြောက်ဂိုးရနိုင်မည့်အခွင့်အရေးကို ထိုင်းက လက်လွှတ်လိုက်ရသည်။

အင်ဒိုနီးရှားနောက်ခံကစားသမား လက်စတာလူဟူသည် ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ထိုင်းအရန်ခုံတန်းလျားကို ဘောလုံးဖြင့် တည်ကန်ခဲ့သည့်အတွက် တိုက်ရိုက်အနီကတ်ပြသထုတ်ပယ်ခံလိုက်ရပြီး ယင်းဖြစ်စဉ်၌ နှစ်ဖက်ကစားသမားများအကြား ခိုက်ရန်ဖြစ်ပွားနိုင်သည့်အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့သည့်အတွက် ဒိုင်အဖွဲ့တာဝန်ရှိသူများက နှစ်ဖက်အသင်းတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပွဲထိန်းနိုင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းလိုက်ရသည်။

ထိုင်းသည် ဆူဇူကီးဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အကြိမ်အရေအတွက်အများဆုံးအဖြစ် ငါးကြိမ်မြောက်ဗိုလ်စွဲခြင်းဖြစ်ကာ ထိုင်းအသင်းခေါင်းဆောင် တီရာဆေးလ်မှာ ပြိုင်ပွဲတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူဆုကို သွင်းဂိုး ခြောက်ဂိုးဖြင့် ဆွတ်ခူးရရှိသွားခဲ့သည်။
SOURCES VOICE

No comments:

Post a Comment