Latest News

Thursday, December 29, 2016

တန်ဖိုးမဖြတ်နိုင်သော အောင်ပန်း

တန်ဖိုးမဖြတ်နိုင်သော အောင်ပန်း



မြန်မာနိုင်ငံ၏ သမိုင်းကို ပြန်လည်လေ့လာ သုံးသပ်ပါက မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်၏ ကျူးကျော်စစ်ကို သုံးကြိမ်တိုင်တိုင် ရဲစွမ်းသတ္တိအပြည့်အ၀ဖြင့် စွမ်းစွမ်းတမံ ခုခံတိုက်ခိုက်ခဲ့သော်လည်း ခေတ်မီလက်နက် အင်အား ကွာဟချက်ကြောင့် ရှုံးနိမ့်ခဲ့ရပြီး တစ်နိုင်ငံလုံး သူ့ကျွန်ဘ၀သို့ ရောက်ရှိခဲ့ရသည်။ မြန်မာ့တပ်မတော်သားများမှာ ပြည်သူများအကြားတွင် စိမ့်ဝင်တပ်ဖျောက်ကာ နယ်ချဲ့အင်္ဂလိပ်အုပ်စိုးမှုကို ဆက်လက်တွန်းလှန် တိုက်ခိုက်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုး အသီးသီးကလည်း မိမိတို့၏ နယ်မြေဒေသအလိုက် နယ်ချဲ့အင်္ဂလိပ်အုပ်စိုးမှုကို တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။                              

၁၈၈၅ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ ကျရောက်သွားပြီးချိန်မှစ၍ သူ့ကျွန်မခံလိုသော မြန်မာတိုင်းရင်းသားများသည် ရရာလက်နက်ဖြင့် အင်္ဂလိပ်အုပ်စိုးမှုကို တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ ယင်းတော်လှန်တိုက်ခိုက်မှုများသည် မြန်မာပြည်တစ်ဝန်းလုံးတွင် နှစ်ပေါင်း ၁၀၀ ကျော် တိုင်တိုင်ကြာမြင့်ခဲ့လေသည်။ သို့သော် နောက်ဆုံးတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော တိုင်းရင်းသားပေါင်းစုံပါဝင်သည့် မြန်မာ့တပ်မတော်က အသက်၊ သွေး၊ ချွေးတို့ပေးဆပ်ပြီး လွတ်လပ်ရေးကို အရယူပေးခဲ့သည်။

၁၈၈၈ ခုနှစ်တွင် ရခိုင်ဒေသမှ ဗိုလ်မောင်ပိုင်နှင့် ဗိုလ်ငတာတို့ ဦးဆောင်သည့် ရခိုင်၊ ဗမာအမျိုးသားများ၏ နယ်ချဲ့အင်္ဂလိပ် တော်လှန်ရေးလှုပ်ရှားမှုများ ပေါ်ထွက်လာခဲ့သည်။ ဗိုလ်ငတာသည် စေတုတ္တရာမြို့သား ဗမာတစ်ဦးဖြစ်ပြီး စွမ်းရည်ပြောင်မြောက်မှုကြောင့် မက္ခရာမင်းသားက ရခိုင်ဒေသတွင် စစ်ဗိုလ်အဖြစ် ခန့်ထားခဲ့သည်။ ဗိုလ်ငတာသည် မြို့ဟောင်း ပုလိပ်စခန်း၌ အဖမ်းခံနေရစဉ် ၎င်း၏ အင်အားစုများဖြစ်သော ရခိုင်၊ ဗမာနှင့် ရှမ်းမျိုးချစ် ၂၀ ခန့်က ၁၈၈၈ ခုနှစ် ဧပြီ ၈ ရက် သန်းခေါင်ယံတွင် ဓားလွတ်များကိုသာ ကိုင်ဆောင်၍ မြို့ဟောင်းပုလိပ်စခန်းကို စီးနင်းတိုက်ခိုက်ကြသည်။ မြို့ဟောင်းပုလိပ်စခန်းကျပြီး လက်နက်များကို ယူဆောင်၍ ဗိုလ်ငတာကို ခေါ်ထုတ်သွားနိုင်ခဲ့သည်။ မြို့ဟောင်း ပုလိပ်စခန်းနှင့် မြို့ကိုမီးရှို့လိုက်ကြသည်။ ဧပြီ ၁၄ ရက်တွင် ဗိုလ်ငတာ၏ တပ်များနှင့် နယ်ချဲ့အင်္ဂလိပ်တပ်များ ပလက်ချောင်းဒေသတွင် တွေ့ဆုံတိုက်ပွဲဖြစ်ပွားသည်။ ဧပြီ ၁၆ ၊ ၁၇ ရက်တွင် နယ်ချဲ့အင်္ဂလိပ် ဆန့်ကျင်ရေးတပ်သား ၁၂၀ က ဗိုလ်ငတာနှင့် လာရောက်ပူးပေါင်းသည်။

၁၈၉၅ ခုနှစ်နှင့် ၁၈၉၇ ခုနှစ်များအတွင်း ကချင်တို့ ပြန်လည်လှုပ်ရှားလာသည်။ ၁၈၉၇- ၁၈၉၈ ခုနှစ်များအတွင်း တင်းကော်နယ်မှ နယ်ချဲ့အင်္ဂလိပ်ဆန့်ကျင်ရေးသည် အပြင်းထန်ဆုံး ဖြစ်သည်။ ၁၈၉၈ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်တွင် နယ်ချဲ့အင်္ဂလိပ်တပ်များက တင်းကော်နယ်မှ ကချင်အမျိုးသားများကို ချီတက်နှိမ်နင်းကြသည်။ ကသာမှ အင်္ဂလိပ်တိုင်းမှူးက ဂရားအမျိုးသားများထံမှ လက်နက်များသိမ်းယူရန် အဖွဲ့တစ်ဖွဲ့စေလွှတ်လိုက်ရာ ဂရားစော်ဘွားက အင်္ဂလိပ်အဖွဲ့ဝင်အားလုံးကို သုတ်သင်ပစ်လိုက်သည်။ ဤတွင် နယ်ချဲ့အင်္ဂလိပ်တပ်များက လက်နက်အပြည့်အစုံနှင့် လာရောက်တိုက်ခိုက်ရာ ဂရားစော်ဘွာ တိမ်းရှောင်ရလေသည်။ မကြာမီ ဂရားစော်ဘွားသည် ရွှေဂူတိုက်ပွဲ၌ အင်္ဂလိပ်တို့ကို အသက်စွန့် တိုက်ခိုက်သွားလေသည်။ ကချင်တော်လှန်ရေးသည် သက်တမ်းကြာလာသလို ပိုမိုပြင်းထန်လာသည်။ နယ်ချဲ့အင်္ဂလိပ်တို့က တိုက်ပွဲများ ဖြစ်ပွားတတ်သောနေရာများတွင် ခံတပ်ကြီးများ ဆောက်လုပ်ကြသည်။ ၁၉၀၀ ပြည့် နှစ်တွင် အဇီးနှင့် ဂျိန်းဖော့ဒူးဝါးကြီးများ ဆွေးနွေးကြပြီး နယ်ချဲ့အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ စစ်သည်အင်အား ၄၀၀ ကျော်ပါဝင်သော အင်္ဂလိပ်တပ်ကို မလီးချောင်းကမ်းပါးမှ စောင့်ဆိုင်းတိုက်ခိုက်ရာ ကပ္ပတိန်မာရီဆင်နှင့် တပ်သား ၇၀ ကျော် ကျသည်။

အထက်မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့က သိမ်းပိုက်ပြီးနောက် ရှမ်းအမျိုးသားများကလည်း နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများကို တစ်ခဲနက်ဆင်နွှဲခဲ့ကြရာ မိုးနဲစော်ဘွား စောခွန်ကြည်၊ ရပ်စောက်စော်ဘွား စောဝိုင်း၊ မိုင်းပွန်စော်ဘွား စောခွန်တီ၊ ကျိုင်းတုံစော်ဘွား စောခမ်းဖု၊ မိုင်နောင်စော်ဘွားနှင့် မောက်မယ်စော်ဘွားတို့သည် ထင်ရှားသော ရှမ်းခေါင်းဆောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ကနောင်မင်းသား၏ သားတော်တစ်ပါးဖြစ်သော လင်းပင်မင်းသားနှင့် ပူးပေါင်း၍ လင်းပင်အုပ်စုကိုဖွဲ့စည်းကာ နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်ခဲ့ကြသည်။ ၀န်းသိုစော်ဘွား ဦးအောင်မြတ်ကလည်း ကသာခရိုင် ၀န်းသိုနှင့် မိုးကောင်းမြို့များမှ အင်္ဂလိပ်တို့အား တော်လှန်တိုက်ခိုက်ခဲ့လေသည်။

နယ်ချဲ့အင်္ဂလိပ်တို့က ချင်းတောင်သို့ နိုင်ငံရေးလှုပ်ရှားမှုများ ကူးစက်လာမည်ကို စိုးရိမ်သဖြင့် တသီးတခြားဖြစ်အောင် ပိတ်ပင်တားဆီးထားခဲ့သည်။ သို့ရာတွင် ပထမကမ္ဘာစစ် ဖြစ်သောအခါ တပ်သားများလိုအပ်သဖြင့် ချင်းအမျိုးသားတို့ကို တပ်ထဲသို့ဆွဲသွင်းသည်။ ၎င်းတို့ကို ပြင်သစ်စစ်မျက်နှာသို့ပို့ရန် စီစဉ်သောအခါ ချင်းစစ်သားများက ငြင်းဆန်ပုန်ကန်ကြသည်။ “ဟားခါးတပ်တွင်း ပုန်ကန်မှု” ဟု အမည်ရသည်။ ထိုပုန်ကန်မှုကို ချိုးနှိမ်ခဲ့သည်။ ၁၉၁၆ ခုနှစ်တွင် ယောချောင်းတိုက်နယ် “ဟုန်းသာ” ရွာသားများကို အင်္ဂလိပ်တပ်များက သွားရောက်တိုက်ခိုက်ရာ ရာဇ၀တ်အုပ် တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ဖလမ်းခေါင်လီဒေသမှ“နော့အာရ်” ခေါင်းဆောင်၍ အင်္ဂလိပ်တို့ကို ဆန့်ကျင်ခဲ့ကြပြန်သည်။ ၎င်းတို့အားလုံးကိုဖမ်းပြီး ဖလမ်းဘောလုံးကွင်းကို တည်ဆောက်စေခဲ့သည်။ တီးတိန်နယ် ထာဒိုဒေသမှ “ငိုလ်ဘို့လ်” နှင့် ဦးရှ ညီအစ်ကိုနှစ်ဦးက ဦးဆောင်၍ ဆန့်ကျင်ကြပြန်ရာ ၎င်းတို့နှစ်ဦးစလုံးကို အင်္ဂလိပ်တို့က ပစ်သတ်ခဲ့သည်။ ၁၉၁၇ ခုနှစ် နိုဝင်ဘာလတွင် မင်းတပ်အပိုင် ချဲချောင်းတိုက်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ ကပ္ပတိန်အလက်ဇင်းဒါးနှင့် ဆာဂျင်တစ်ဦး ကျဆုံးခဲ့လေသည်။ ဤသို့ဖြင့် တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်နှမများ ဖြစ်ကြသည့် တိုင်းရင်းသားများသည် ရရာလက်နက်စွဲကိုင်ကာ သူ့ကျွန်မခံလိုသောစိတ်ဓာတ်ဖြင့် ဗြိတိသျှနယ်ချဲ့ကို တွန်းလှန်ခဲ့ကြသည်။

၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာရာ “အင်္ဂလိပ်အခက် ဗမာ့အချက်”  ဟူသော ကြွေးကြော်သံများဖြင့် တိုင်းရင်းသားများသည် အင်္ဂလိပ်အစိုးရအား အရှိန်မြှင့်တိုက်ပွဲဝင်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် ဂျပန်ပြည်သို့သွားကာ စစ်ပညာသင်ယူပြီး ဂျပန်စစ်တပ်နှင့် ပေါင်းကာ ဗြိတိသျှတို့ကို ၁၉၄၂ ခုနှစ်တွင် မြန်မာ့မြေမှ တိုက်ထုတ်နိုင်ခဲ့သည်။ တိုင်းရင်းသား ပြည်သူများနှင့် တပ်မတော်၏ စုစည်းမှုကို အားအဖြစ်စု၍ ဗြိတိသျှနယ်ချဲ့တို့အား အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့သည်။ နှစ်ပေါင်း ၁၀၀ ကျော်မျှ ခါးသီးစွာခံစားခဲ့ရသော နယ်ချဲ့စနစ်ကို မောင်းထုတ်နိုင်ခဲ့ပြီး တိုင်းရင်းသားတို့ လွတ်လပ်ရေးရပြီဟု မှတ်ယူခဲ့ကြသည်။ ၁၉၄၃ ခုနှစ် သြဂုတ် ၁ ရက်တွင် ဂျပန်က မြန်မာပြည်ကို လွတ်လပ်ရေးပေးလေသည်။ သို့သော်လည်း ဂျပန်တို့ပေးသော လွတ်လပ်ရေးသည် ရွှေရည်စိမ်မျှသာဖြစ်ပြီး ဖက်ဆစ်ဂျပန်တို့ လက်အောက်သို့ ကျရောက်ခဲ့ရပြန်သည်။        

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့တပ်မတော်ကြီးနှင့်တကွ တစ်ပြည်လုံးကို ခေါင်းဆောင်လျက် ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင် ဖက်စစ်ဂျပန်တို့အား အတိအလင်း စစ်ကြေညာ၍ သုတ်သင်ရှင်းလင်းပြီးလျှင် ပြည်သူလူထုကြီး တစ်ရပ်လုံးကို ဖက်ဆစ်တို့၏ ကြမ်းကြုတ်ရက်စက်မှုဘေးမှ ကယ်တင်လိုက်သည်။ ဖက်ဆစ်တော်လှန်ရေးကိုလည်း မြန်မာပြည်အနှံ့ တိုင်းရင်းသားခေါင်းဆောင်များ စုစည်းတိုက်ပွဲဝင်ခဲ့မှုကြောင့် ဂျပန်တို့ မြန်မာ့မြေမှ ဆုပ်ခွာထွက်ပြေးသွားရသည်။ သို့သော်လည်း နယ်ချဲ့အင်္ဂလိပ်တို့ ထပ်မံဝင်ရောက်လာရာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော တိုင်းရင်းသားညီအစ်ကိုများသည် အင်္ဂလိပ်တို့အား လက်ရုံးရည်၊ နှလုံးရည်တို့ဖြင့် တိုက်ခိုက်ရပြန်သည်။

ဤကဲ့သို့ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားလူမျိုးများသည် ရရာလက်နက်စွဲကိုင်ပြီး နယ်မြေဒေသအလိုက် ကိုလိုနီနယ်ချဲ့တို့နှင့် ဖက်ဆစ်တို့ကို တွန်းလှန်ခဲ့ကြသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားလိုသော အမျိုးသားရေး စိတ်ဓာတ်တို့ဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲတွန်းလှန်ခဲ့ကြခြင်းကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကို ၁၉၄၈ခု ဇန်န၀ါရီ ၄ ရက်တွင် ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက် နံနက် ၄ နာရီ မိနစ်၂၀ အရုဏ်တက်၊ ဝေလီဝေလင်း၊ နှင်းမှုန်မှုန်ကြားထဲ၌ ထိုစဉ်က ပထမဦးဆုံးသမ္မတ စ၀်ရွှေသိုက်၊ ၀န်ကြီးချုပ် ဦးနု၊ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန်စ်တို့နှင့် အတူဝန်ကြီးများ၊ လွှတ်တော်အမတ်များ တက်ရောက်ပြီး မြန်မာ့ဆိုင်းဝိုင်းကြီး၊ ကြည်း၊ ရေ၊ လေ ဂုဏ်ပြုတပ်ဖွဲ့၊ တပ်မတော်တီးဝိုင်းအဖွဲ့တို့နှင့် အောင်စည်သံရွမ်းပြီး မင်္ဂလာအချိန်ကျရောက်သည်နှင့် ခရုသင်းမှုတ်ကာ မြန်မာ့အောင်လံလွှင့်တင်သည်။ မြန်မာ့အောင်လံတော်သည် လေထဲတွင် ငွါးငွါးစွင့်စွင့်နှင့် တိုင်ထိပ်၌ တလူလူလွင့်ပျံနေသည်။ ကမ္ဘာ့အလယ်တွင် လွတ်လပ်သော မြန်မာနိုင်ငံဟု ၀င့်ဝင့်ထည်ထည် ပေါ်ထွန်းလာခဲ့သည်။ ထိုကဲ့သို့ ဘိုးဘွားဘီဘင် တိုင်းရင်းသားညီနောင်များ၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် စွန့်လွှတ်စွန့်စားရ ယူခဲ့သော တန်ဖိုးမဖြတ်နိုင်သော၊ ပြည်ထောင်စု လွတ်လပ်ရေးအောင်ပန်းကို အမြဲတမ်းရှင်သန်နေစေရန် ဆက်လက်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်မှာ နိုင်ငံသူနိုင်ငံသားအားလုံး၏ သမိုင်းပေးတာဝန်ပင် ဖြစ်ပေတော့သည်။

Sources;  ဒေါက်တာအောင်သန်းဝင်း (အရှေ့တိုင်းပညာ )Eleven Media Group

No comments:

Post a Comment