Latest News

Tuesday, December 20, 2016

ဥပဒေများ အာဏာတည်ကြောင်း အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် တင်ပြ

ဥပဒေများ အာဏာတည်ကြောင်း အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် တင်ပြ

မြန်မာနိုင်ငံ တ၀န်းရှိ ဥပဒေတွေ အာဏာတည်တယ်လို့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်က ပြည်ထောင်စုလွှတ်တော်မှာ မနေ့က တင်ပြခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က နိုင်ငံတဝန်း အာဏာမတည်တဲ့ ဥပဒေတွေကို အာဏာတည်စေရေးကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့ဝင် ဦးခင်မောင်ဝင်းက တင်ပြခဲ့တာပါ။

ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ရှမ်း(တောင်)ခရီးစဉ်မှာ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်က ရှမ်းပြည်နယ်အတွင်းမှာ အချို့ဥပဒေတွေ အာဏာမတည်တဲ့အပြင် အာဏာသက်ရောက်မှုကလည်း တနေရာနဲ့ တနေရာ မတူညီဘူးလို့ တင်ပြခဲ့ပေမယ့် အဲဒီကာလမှာ ပြီးပြတ်အောင် မဆောင်ရွက်နိုင်ခဲ့တာကြောင့် အစိုးရသစ်လက်ထက် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို အာဏာမတည်တဲ့ ဥပဒေတွေ ပေးပို့ဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက ပေးပို့လာတဲ့ အာဏာမတည်တဲ့ ဥပဒေတွေကို အခြေခံပြီး နိုင်ငံတဝန်း အာဏာမတည်တဲ့ ဥပဒေတွေစာရင်းကို ကော်မရှင်အနေနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့နဲ့ ဆွေးနွေးစိစစ်ခဲ့တယ်လို့ ပြောပါတယ်။

မူလစိစစ်ချက်အရ အာဏာမတည်တဲ့ ဥပဒေပေါင်း ၁၀၇ ခုရှိရာ ထပ်မံစိစစ်ခဲ့ရာ ဥပဒေ ၁၀၃ ခုကနေ ထပ်မံစိစစ်ခဲ့တာ အာဏာမတည်တဲ့ ဥပဒေပေါင်း ၈၁ ခုသာ ကျန်ရှိခဲ့တာကို ထပ်မံစိစစ်ခဲ့တာမှာ ၆၃ ခုသာ ကျန်ရှိတယ်လို့ ဆိုပါတယ်။

နောက်ဆုံးစိစစ်ချက်အရ ၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ပေါ်လာတဲ့အကြောင်းနဲ့ ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပြဋ္ဌာန်းချက်တို့အရ ဥပဒေအားလုံးဟာ တနိုင်ငံလုံး အတည်ဖြစ်တယ်လို့ ဖော်ထုတ်ရရှိပေမယ့် နိုင်ငံတော်သမ္မတရဲ့ အမိန့်ကြေညာစာထုတ်ပြန်ဖို့ လို၊ မလို စိစစ်ရန် ဥပဒေပေါင်း ၁၆ ခုပဲ ကျန်တယ်လို့ စိစစ်ရရှိတယ်လို့ ပြောပါတယ်။

ဒီဥပဒေတွေဟာလည်း မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် အင်္ဂလိပ်အစိုးရက ပြဋ္ဌာန်းပေးခဲ့တဲ့ ဥပဒေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“နိုင်ငံတဝန်း အာဏာမတည်တဲ့ ဥပဒေတွေ ကိစ္စကို စိစစ်တာမှာ အကြိမ်ကြိမ် ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး ဆွေးနွေးညှိနှိုင်းမှုတွေအရ နိုင်ငံတော်သမ္မတက အမိန့်ကြေညာစာထုတ်ပြန်ဖို့ လို၊ မလို စိစစ်တဲ့ဥပဒေ ၁၆ ခုမှာလည်း အမိန့်ကြေညာစာ ထပ်မံထုတ်ပြန်ဖို့ မလိုဘဲ တနိုင်ငံလုံးမှာ အာဏာတည်အသုံးပြုနေတာကို တွေ့ရှိရပါတယ်” လို့ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဝင်းက ဆိုပါတယ်။

ဒါကြောင့် နိုင်ငံရဲ့ အချို့ဒေသတွေမှာ အာဏာမတည်တဲ့ ဥပဒေတွေ ရှိနေတယ်ဆိုတဲ့ အယူအဆ အပြောအဆိုတွေဟာ ရှေးဟောင်းဥပဒေပြဋ္ဌာန်းချက်တွေကို အကြောင်းပြုပြီး တင်ပြနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ယခင်က ဇဝေဇဝါဖြစ်နေတဲ့ ဥပဒေတွေဟာ အခုအချိန်မှာ အာဏာတည်ပြီးဖြစ်တဲ့အတွက် တနိုင်ငံလုံးရှိ ဥပဒေတွေ အာဏာတည်တယ်ဆိုတာ သိရှိနိုင်ဖို့ တင်ပြပါတယ်” လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။

နိုင်ငံတဝန်း အာဏာမတည်တဲ့ ဥပဒေတွေကို အာဏာတည်စေရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။

Sources ; DVB

No comments:

Post a Comment