Latest News

Monday, December 26, 2016

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တချို့ကို ပြန်လည် တုန့်ပြန်မယ့် သူတွေ မထသနဲ့ ပူးပေါင်းဖို့ ပြော

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တချို့ကို ပြန်လည် တုန့်ပြန်မယ့် သူတွေ မထသနဲ့ ပူးပေါင်းဖို့ ပြော

ရန်ကုန်မြို့က လိုင်းကားတွေပေါ်မှာ ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတာတွေနဲ့ ကိုယ်ထိ လက်ရောက် ကျူးလွန်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ပြန်လည် တုံ့ပြန်မယ့်သူတွေ အနေနဲ့ မထသ (ဗဟို) နဲ့ ပူးပေါင်းပြီး ဥပဒေနဲ့အညီ ဖြေရှင်းဖို့ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး အဖွဲ့ ဗဟိုဌာနမှာ မထသရဲ့ ခရိုင် အသီးသီးက တာဝန်ရှိသူတွေ၊ ယာဉ်လိုင်း တည်ထောင် ထားသူတွေနဲ့ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဦးလှအောင် က ပြောခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးက ပြည်သူတွေ အနေနဲ့ ဘတ်စ်ကားကို နေ့စဉ် အသုံးပြုနေရတာ ဖြစ်ပါတယ်။ ယာဉ်လုပ်သားတွေရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်တာ တွေကို ပြန်လည် အရေးယူရာမှာ ကျူးလွန် တာနဲ့ညီမျှတဲ့ ပြစ်ဒဏ်မျိုးကို ဥပဒေကြောင်းအရ ထိထိရောက်ရောက် ပေးသင့်တယ်လို့ ပြောပါတယ်။

လိုင်းကားတွေပေါ်မှာ ယာဉ်နောက်လိုက်၊ ယာဉ်မောင်း တွေက ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတာတွေနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေကို ပြန်လည် တုံ့ပြန်မယ့် သူတွေ စုပြီး မ.ထ.န လို့ခေါ်တဲ့ "မိုက်ရိုင်း မော်တော်ယာဉ် နှိမ်နှင်းရေး" အဖွဲ့ကို ဖွဲ့စည်းနေပါတယ်။

လိုင်းကားယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်တွေရဲ့ ကိုယ်ထိ လက်ရောက် ကျုးလွန်မှု တွေကို အရေးယူတာတွေ အားနည်းတဲ့ အတွက် ခရီးသွားပြည်သူ အချို့ စုပြီး ပြန်လည် တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ ကိုကျော်ဥာဏ်ဟိန်း က ပြောပါတယ်။

"မော်တော်ယာဉ် ဘတ်စ်ကားတချို့ပေါ့နော်။ ခရီးသွား ပြည်သူတွေကို ရိုင်းပြတဲ့ဆက်ဆံမှုတွေ၊ ကိုယ်ထိ လက်ရောက် ကျုးလွန်တာမျိုးတွေ ဖြစ်ပေါ် လာပါတယ်။ ဖြစ်ပေါ်လာတဲ့အခါမှာ သက်ဆိုင်ရာ အရာရှိတွေက အရေးယူတာ အားနည်းတယ် ခင်ဗျ၊ အားနည်းတဲ့အခါမှာ ကျုးလွန်မှုတွေ များလာတဲ့အခါ ခရီးသွားပြည်သူတွေက ဆန့်ကျင်တွန်းလှန်တဲ့အတွက် Campaign တစ်ခု ဖြစ်ပေါ်လာတာပါ။ ကျုးလွန်လိုက်တဲ့ ဘတ်စ်ကား ဒါမှမဟုတ် အဲ့ဒါမျိုးကို အဖွဲ့လိုက်သွားမယ်။ သွားပြီးတော့ ဒီလိုမျိုးဖြစ်စဉ်တွေကို နောက်မလုပ်ဖို့ ပြောဆိုမယ် ပေါ့နော်။ သူတို့တွေက လက်မခံနိုင်ဘူး ၊ လက်မခံဘဲ တုံ့ပြန်လာမယ်ဆိုရင် တုံ့ပြန်လာတဲ့အတိုင်း ပြန်ပြီးတော့ ထိထိရောက်ရောက် တုံ့ပြန်မယ်လို့ စဉ်းစားထားပါတယ်။"

လိုင်းကားတွေပေါ်မှာ ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာတွေနဲ့ ကိုယ်ထိလက်ရောက် ထိုးကြိတ်တာတွေ စော်ကားတာတွေ ရှိလာခဲ့ရင် ဗွီဒီယို ဒါမှမဟုတ် ဓာတ်ပုံ ရိုက်ယူပြီး အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဖေ့စ်ဘွတ်မှာ တင်ပေးရမှာဖြစ်ပါတယ်။

လိုင်းကားတွေ တစ်စီးနဲ့ တစ်စီးပြိုင်မောင်းတာ၊ ခရီးသည်တွေကို အတင်အချ လုပ်တဲ့အခါ အတင်း ဆွဲချတာတွေ တွန်းချတာတွေ၊ သတ်မှတ်ထားတဲ့ ယာဉ်စီးခထက် ပိုတောင်းတာတွေကြောင့် ခရီးသည်တွေနဲ့ စကားများပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တချို့က ခရီးသည်တွေအပေါ် ကိုယ်ထိလက်ရောက် ကျုးလွန်တာတွေ ရှိနေတဲ့အတွက် ဝေဖန်မှုတွေ ရှိနေပါတယ်။

အဲဒီလိုလုပ်ဆောင်နေတဲ့ ယာဉ်လိုင်းတွေ၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို အရေးယူမှုအပေါ် ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

Photo: Aung Thain Kha/ RFA


Sources; RFA


No comments:

Post a Comment