Latest News

Thursday, December 22, 2016

အမေရိကန်ရဲ့ နျူကလီးယားလက်နက် တိုးချဲ့ရမယ်လို့ ဒေါ်နယ်ထရန့်ပြော

အမေရိကန်ရဲ့ နျူကလီးယားလက်နက် တိုးချဲ့ရမယ်လို့ ဒေါ်နယ်ထရန့်ပြော

ရုရှားသမ္မတပူတင်က ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ နျူကလီးယားစွမ်းရည်ကို မြှင့်တင်တိုးချဲ့ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး နာရီပိုင်းအကြာမှာ ထရန့်ရဲ့ တွစ်တာမှာရေးသားမှု ထွက်ပေါ်လာခဲ့ပါတယ်။
 
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်အနေနဲ့ နျူကလီးယားလက်နက် အစီအစဉ်များ တိုးချဲ့လုပ်ဆောင်ရန် ဒီဇင်ဘာ ၂၂ ရက်ကတွစ်တာမှာ ပြောကြားလိုက်ပါတယ်။

ထရန့်ရဲ့ အဆိုပါ ပြောကြားမှုဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး ဆန့်ကျင်လုပ်ဆောင်နေတဲ့ ကျွမ်းကျင်သူတွေနဲ့ အဖွဲ့အစည်းတွေကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။ အမေရိကန်က နျူကလီးယားလက်နက် ပိုင်ဆိုင်မှုတိုးချဲ့ခြင်းဟာ ကမ္ဘာတစ်ဝန်း တင်းမာမှုများကို မြင့်တက်လာနိုင်ကြောင်း ၎င်းတို့က ပြောထားပါတယ်။

နျူကလီးယားလက်နက်တိုးချဲ့ရန် ထရန့်ပြောကြား

"ကမ္ဘာက နျူကလီးယားလက်နက်တွေနဲ့ ပတ်သက်ပြီး သတိပြုဆင်ခြင်လာတဲ့အချိန်ထိ အမေရိကန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို တိုးချဲ့လုပ်ဆောင်ရမယ်" လို့ ထရန့်က တွစ်တာမှာရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုမူ ထရန့်က ရှင်းလင်းပြောကြားထားခြင်း မရှိပါဘူး။

နောက်ပိုင်းမှာတော့ ထရန့်ရဲ့ ဆက်သွယ်ရေးမန်နေဂျာ ဂျေဆင်မီလာက ထရန့်အနေနဲ့ နျူကလီးယားလက်နက်များ တိုးပွားလာခြင်းရဲ့ ခြိမ်းခြောက်မှုကို ရည်ညွန်း ပြောကြားခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ မတည်မငြိမ်ဖြစ်နေပြီး ဆိုးသွမ်းတဲ့ အစိုးရတွေကြားမှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို တားဆီးရန်လိုအပ်ကြောင်း ထရန့်က ဆိုလိုခြင်းဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ နျူကလီးယားစွမ်းရည်ကို မြှင့်တင်တိုးချဲ့ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး နာရီပိုင်းအကြာမှာ ထရန့်ရဲ့ တွစ်တာမှာရေးသားမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်မှာ နျူကလီးယားလက်နက် ၇,၁၀၀ ရှိထားပြီး ရုရှားက ၇,၃၀၀ ပိုင်ဆိုင်ထားကြောင်းလည်း သိရပါတယ်။

Source & Photo: Reuters, BBC ,Duwun
 

No comments:

Post a Comment