Latest News

Thursday, September 1, 2016

မသေတဲ့ လူတွေဖွားတဲ့မြို့


ဆုမင်းကို

           ဒီမြို့လေးဟာ ဧရာဝတီမြစ်ဝှမ်းမှာ ကျော့ကျော့လေးရပ်လို့။ “ရာဇ၀င်များရဲ့ သတို့သမီး” ကို အသက်သွင်းခဲ့သူကို မွေးဖွားပေးခဲ့။ “မြစ်ဆိပ်” ကဗျာ စိုက်ပျိုးခဲ့သူကို ရှင်သန်စေခဲ့။  “ယုဇနပင်နဲ့ ဖဲကြိုးဝါ” ဖန်ဆင်းရှင်ကို အသက်သွင်းပေးခဲ့။

          ဒီမြို့လေးဟာ ဆိပ်ကမ်းမြို့ လေးဖြစ်ခဲ့တယ်။ ကိုလိုနီလက်ထက် ကတည်းက သင်္ဘောဆိပ်ကမ်း မြို့လေး ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ စပါးကျီကြီးရဲ့ ချက်မြှုပ်ရာ မြို့ဖြစ်တယ်။ ဒီမြို့ဟာ ပုသိမ်ထီးတွေ အုပ်မိုးထားတဲ့ ပုသိမ်မြို့ ဖြစ်ပါတယ်။ သဲသောင်ပြင်တွေပေါ်မှာ ဗာဒံပင်တွေ ကာထားတဲ့မြို့လည်း ဖြစ်တယ်။ ဂီတ၊ ကဗျာ၊ အနုပညာပိုးတွေ ပျားပန်းခတ် လှုပ်ရှားရစ်ခွေတဲ့ နေရာလည်း ဖြစ်တယ်။

          ထူးအိမ်သင် (ခ) ကိုငှက်၊ သီချင်းရေးဆရာ ပုသိမ်မောင်စိမ်းသူ၊ ကဗျာဆရာကြီး အောင်ပွင့်တို့ကို သူမ ရင်ခွင်ထဲက မွေးဖွားသန့်စင်ပေးခဲ့တယ်။ လက်ရှိအချိန်ထိ သူမဟာ သူမကို့ ချစ်တဲ့သူတွေနဲ့ သူမချစ်တဲ့ သူတွေနဲ့ မြန်မာပြည်အောက်ပိုင်းမှာ လွတ်လပ်စွာ ပျံသန်းနေဆဲ။

ငှက်တစ်ကောင်ရဲ့

တောင်ပံဟာ

ဘယ်သန်သန်

ညာသန်သန်

ဘယ်ကိုပျံသလဲ ဆိုတာပဲ အရေးကြီးတယ်

(အောင်ပွင့်)

          သူမရင်ခွင်ထဲမှာ အနာဂတ် ကြယ်ပွင့်တွေ အတွက် ပုသိမ် တက္ကသိုလ်ကြီး နားခိုနေတယ်။ ကန်သုံးဆင့်ပေါ်မှာ လွတ်လပ်စွာ ပျံဝဲတဲ့ ငှက်ကလေးတွေ အိပ်တန်းတက်တယ်။ လေညင်းတွေ ဆော့ကစားတဲ့ ကြိုးတံတားက သူမရက်တဲ့ ချည်မျှင်စက်ပေါ်မှာ ရွှေ့လျားတယ်။ လူငယ်တွေ စိတ်အမောဖြေတဲ့ တောင်ပေါ် အကြော်ဆိုင်ရဲ့ အချဉ်ရည်စက်က သူမကို တို့ထိလို့နေတယ်။

          ပုသိမ်တက္ကသိုလ်နဲ့ ကန်သုံးဆင့်က မိဘနဲ့ သားသမီးလို ခွဲခြားလို့မရ။ ဧရာဝတီသူ ဧရာဝတီသားတွေဟာ ပုသိမ်တက္ကသိုလ်ရဲ့ ပညာနို့ရည်စို့ရင်း ကန်သုံးဆင့်ရဲ့အရိပ်ကိုလည်း ခိုလှုံခဲ့ကြတယ်။ ရန်ကုန်တက္ကသိုလ်က အဓိပတိလမ်းမှာ တက္ကသိုလ် ကျောင်းသားခြေရာတွေဆို ပုသိမ်တက္ကသိုလ်ရဲ့ မိန်းလမ်းမလည်း တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀လမ်းတွေကို ထမ်းပိုးပေးထားတယ်။

          ရန်ကုန်တက္ကသိုလ်ရဲ့ သစ်ပုပ်ပင်က ကဗျာဆို ပုသိမ်တက္ကသိုလ်ရဲ့ မလေးရှား ပိတောက်ပင်တွေကလည်း ဧရာဝတီသားတွေရဲ့ နှလုံးသားထဲက မိုးရေစက်တွေ။ ရန်ကုန်တက္ကသိုလ်ရဲ့ မာလာဆောင်ရှေ့ ဂစ်တာသံတွေ ပျံ့လွင့်နေတဲ့ ညတွေနဲ့အတူ ပုသိမ်တက္ကသိုလ် အနားက သပြေဆောင်၊ ရွှေမြင်းမိုရ်ရှေ့မှာလည်း တေးသီနေတဲ့ လူငယ်တစ်သိုက် ရှိတယ်။ အဆောင်သူလေးတွေရဲ့ လှပတဲ့ နားရွက်လေးတွေ ရှိတယ်။

          ““တစ်ညနေ ကျောင်းကအပြန် လမ်းဆုံကြရာ အပြုံးလေးဆင်မြန်း ခေါင်းကိုငုံ့ကာ သူလှမ်းသိပြီ ချစ်တော့မယ်မှန်း””

ပုသိမ်မောင်စိမ်းသူ (အပေါ်ထပ်နဲ့ အောက်ထပ်)

          မင်းလူ၊ နီကိုရဲ၊ တာရာမင်းဝေ စာအုပ်တွေဖတ်။ ရန်ကုန်တက္ကသိုလ်ထဲက ဦးချစ်လက်ဖက်ရည်ဆိုင်က ဂန္တ၀င်။ ပုသိမ်တက္ကသိုလ်ရှေ့က “သစ္စာတည်” လက်ဖက်ရည်ဆိုင်က ဧရာတိုင်းသား တက္ကသိုလ် ကျောင်းသားတို့ရဲ့ အမှတ်တရ လွမ်းဆွတ်မှု။ ဒီလက်ဖက်ရည်ဆိုင်ဟာ ကောလိပ် ကျောင်းသား ကဗျာဆရာသျှပ်မှူးကျော် (ထူးအိမ်သင်) ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင် ဖြစ်တယ်။

        “အမေ....

        အမေ ၀မ်းရည်စပ်တယ်တယ်

         ဆိုရင်ခွင့်လွှတ်ပါ။

        သားရင်ထဲမှာ ကဗျာ”

         (သျှပ်မှူးကျော်)

          တက္ကသိုလ် ကျောင်းသား သူငယ်ချင်း တစ်သိုက် အဲဒီဆိုင်ထဲမှာ ကိုငှက်သီချင်းတွေ နားထောင်ရင်း ပိုက်ဆံပြတ်တိုင်း လှမ်းမှာတတ်တဲ့ “အမေ့ရဲ့ ဒုက္ခအိုးလေး” လည်း ဖြစ်ခဲ့ဖူးတယ်။

          လက်ဖက်ရည်ဆိုင်မှာ

        မျက်နှာချင်းဆိုင် ထိလုလု

        တို့တွေ ထိုင်ကြတယ်။

        တစ်ခါတလေ ၀ိုင်းကျပ်

        လူချင်းထိကပ်

        သူ့ပခုံးသားထဲ ကိုယ့်ပခုံးဝင်

        ကိုယ့်ပခုံးသားထဲ သူ့ပခုံးဝင်နဲ့။

        ငါ့ဘဝ

        တစ်ခြမ်းမက

        ထမ်းကြတာ ဒီလူတွေပါလေ။

         (အောင်ပွင့်)

          ရန်ကုန်မှာ အင်းလျားဆိုရင် ပုသိမ်မှာ ကန်သုံးဆင့်။ အင်လျားမှာ ချစ်ကြိုက်ကွဲညား ဇာတ်လမ်းတွေ ရှိတယ်။ ကန်သုံးဆင့်က ချစ်သူရည်းစားတွေ အတွက် သစ္စာရေ ဖြစ်ခဲ့သလို၊ အသည်းကွဲသူတွေရဲ့ မျက်ရည်စက်လည်း ဖြစ်ခဲ့တယ်။ ခုချိန်ထိလည်း ကန်သုံးဆင့်က သစ္စာရေနဲ့ မျက်ရည်စက်တွေကို ဆိတ်ဆိတ်ကြည့်နေလေရဲ့။

          “နှမြောတသ လွမ်းနေပါသော်လည်း မတတ်သာ ယောက်ျားလေးတို့ရဲ့မာနသူ မိန်းကလေးတို့ သဘာဝ ရင်ထဲက ပန်းတစ်ပွင့် သော့ခတ်လုံခြုံသွား”

           ထူးအိမ်သင်(အခါလွန်မိုး)

          တောင်ပေါ်အကြော်ဆိုင် ကလည်း သူမရဲ့ လှပပျိုမျစ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ တောင်ပေါ်အကြော်ဆိုင်ရဲ့ ချဉ်ရည်စက်တွေ၊ လှပတဲ့ လယ်ကွင်းပြင်တွေဟာ မိသားစုတွေ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေရဲ့ အရသာတွေ ဖြစ်ခဲ့တယ်။ နုပျိုလန်းဆန်းမှုတွေ ဖြစ်ခဲ့တယ်။

          ပုသိမ်ဟာ ညနေလည်း လှပနေဆဲ။ ညနေဆို င၀န်မြစ်ကို အပေါ်က မြိန့်မြိန့်ကြီး ငုံကြည့်နေတဲ့ ပုသိမ်ကြိုး တံတားရှိတယ်။ မြစ်ပေါ်က တိုက်ခတ်တဲ့ လေညင်းထဲမှာ င၀န်မြစ်ရဲ့ ရနံ့တွေရတယ်။ အဝေးက လှမ်းမြင်ရတဲ့ တောတောင်တွေကို ခံစားမိတယ်။ ရေပြင်ကျယ်ကျယ်မှာ ကူးခတ်နေတဲ့ မော်တော်ငယ် မော်တော်ကြီးတွေက လွမ်းမောဖွယ်။ အလှအပ၊ အနုအရွကို ခံစားတတ်သူတိုင်း ကြိုးတံတားပေါ်မှာ ရင်ခုန်ကြတယ်။ ပုသိမ် ကြိုးတံတားဟာလည်း ရာသီဥတု သုံးပါးလုံး လှပနေဆဲ။

          ဆိပ်ကမ်းမြို့လေး သူမရဲ့ လှိုင်းထိတဲ့ ကမ်းစပ်တွေဟာ လူတွေအပန်းဖြေတဲ့ နေရာလည်း ဖြစ်တယ်။ ပုသိမ်ကမ်းနားလမ်းရဲ့ ညတွေဟာ မာကျူရီ မီးရောင်အောက်မှာ ညဥ့်နက်တဲ့အထိ ကခုန်နေတတ်တယ်။ မြစ်ရေပေါ်က ဖြတ်တိုက်လာတဲ့ လေနုအေးတွေက အပန်းဖြေတဲ့ သူတွေကို ကျီစယ်တတ်တယ်။ ပုသိမ် ကမ်းနားလမ်းဟာ မိသားစုတွေရဲ့ နွေးထွေးတဲ့ ဆက်ဆံရေးလည်း ဖြစ်တယ်။ ချစ်သူရည်းစားတွေရဲ့ အသည်းနှလုံး ဖြစ်တယ်။ လူငယ်တွေရဲ့ ဂီတပေါက်ကွဲသံလည်း ဖြစ်တယ်။ သူမက ဒါတွေကို ပျော်ရွှင် စွာ ထမ်းပိုးထားတုန်း။

          သူမရဲ့ မွှေးပျံ့သပ္ပာယ်တဲ့ ဂုဏ်သတင်းထဲမှာ ရွှေမုဌောဘုရားနဲ့ မော်တင်စွန်း ဘုရားလည်း ပါနေလေရဲ့။ မော်တင်စွန်း ဘုရားပွဲဆိုရင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး သိကြတယ်။

          “ပုသိမ်ထီးလေးနဲ့ ရုံးသွားရုံးပြန် ယဉ်တယ်တစ်မူ ပုသိမ်ထိပ်ထား အလှဘွဲ့ကိုလည်းယူ စကားရည်တူ စိတ်ထားဖြူဖြူ မော်တင်စွန်းဘုရားပွဲ လိုက်ခဲ့ပါခေါ်သူ” စတဲ့ ကိုလေးလွင် ရေးပြီး သန်းထွန်းလေး သီဆိုခဲ့တဲ့ “ကျွန်တော့်မမ ပုသိမ်သူ” ကို ကြားမိတိုင်း မော်တင်စွန်း ဘုရားပွဲကို သွားချင်စိတ်က ထိန်းမရ။

          မော်တင်စွန်း ရေလယ်ဘုရားပွဲကို မြန်မာပြည်အနှံ့မှ လာရောက်ဖူးမြော်ကြတယ်။ ပင်လယ် ခရီးထွက်ပြီး ဘုရားဖူးရသည့် ကုသိုလ်။ ပျော်လည်းပျော် ကုသိုလ်လည်းရ။ ပင်လယ် လေလည်း ရှူရှိုက် အပန်းလည်းပြေ။

          ပုသိမ်။ သူမခန္ဒာကိုယ်မှာ လှပတဲ့ အစိတ်အပိုင်းတွေ အများကြီးရှိတယ်။ သူမအလှအပကို ရစ်မူးတဲ့ လူတွေရှိတယ်။ သူမကို လွမ်းမောနေတဲ့ ဧရာတိုင်းသားတွေ ရှိတယ်။ အလည်ရောက်ဖူးတဲ့ သူတွေရှိတယ်။ သူမက သူမဆီလာတဲ့ သူတွေကို လက်ဆောင်ပြန်ပေးတတ်တယ်။ ပုသိမ်ဟာလ၀ါ၊ ပုသိမ်ထီး၊ အာရုံးငါးပါးစလုံး ခံစားလို့ ကောင်းတဲ့ လှပတဲ့နေရာတွေ၊ သန့်ရှင်းလတ်ဆတ်တဲ့ မေတ္တာရောင်ပြန်တွေ။ သူမဟာ အနုပညာ ကဗျာသံစဉ်တွေကိုလည်း မွေးဖွားပေးတယ်….။

No comments:

Post a Comment