Latest News

Wednesday, August 3, 2016

တိုင်းဧရာရှိ မြို့နယ်(၄)ခုတွင် ရေကြီးမှုများကြောင့် အခြေခံပညာကျောင်း (၄၂) ကျောင်း ပိတ်ထားရ

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ သြဂုတ်(၃)ရက်။

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်(၄)ခုတွင် ရေကြီးမှုများကြောင့် သြဂုတ်လ(၃)ရက်အထိ အခြေခံပညာ ကျောင်း (၄၂)ကျောင်း ပိတ်ထားရကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဓနုဖြူမြို့နယ်၊ ကြံခင်းမြို့နယ်၊ ဇလွန်မြို့နယ်နှင့် မြန်အောင်မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၁၂)ကျောင်းနှင့် မူလတန်းကျောင်း (၂၈) ကျောင်းတို့အား ရေကြီးနစ်မြုပ်မှုများကြောင့် ပိတ်ထားရကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

“မိုးအဆက်မပြတ်ရွာပြီး ကျောင်းတွေထဲကို ရေတွေဝင်နေလို့ ပိတ်ထားရတာပါ။ ဘယ်အချိန်ပြန် ဖွင့်မလဲဆိုတာ ပြောလို့မရသေးဘူး။ ရေကျသွားမှပဲ ပြန်ဖွင့်နိုင်မှာပါ။ ရေကြီးနစ်မြုပ်တဲ့ မြို့နယ်များပြားလာတဲ့အလျောက် ပိတ်ရမယ့် ကျောင်းအရေအတွက် တစ်နေ့ထက်တစ်နေ့များလာနိုင်တယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူး (ယာယီ) ဦးဝင်းမောင်က ပြောသည်။

ပိတ်ထားရသောကျောင်းများမှာ မြန်အောင်မြို့နယ်တွင်အလယ်တန်းကျောင်း(၆)ကျောင်းနှင့် မူလတန်းကျောင်း (၁၆) ကျောင်း၊ ဇလွန်မြို့နယ်တွင် အထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၅)ကျောင်းနှင့် မူလတန်းကျောင်း(၇)ကျောင်း၊ ကြံခင်းမြို့နယ်တွင် အလယ်တန်းကျောင်း(၁)ကျောင်းနှင့် မူလတန်းကျောင်း(၂) ကျောင်း၊ ဓနုဖြူမြို့နယ်တွင်မူလတန်းကျောင်း(၃)ကျောင်းစသည်တို့ဖြစ်ကြောင်း သိရသည်။

“ကျောင်းတွေရေမြုပ်မှ ပိတ်တာထက် ကလေးတွေကျောင်းတက်ဖို့ သွားရေး၊ လာရေးအခက်အခဲ ဖြစ်လာရင် ကြိုတင်ပိတ်ထားသင့်ပါတယ်။ ဒီဘက်မှာကျတော့ ရေနည်းနည်းတက်တာနဲ့ ရေတောထဲမှာစက်လှေစီးပြီး ကျောင်းသွား၊ ကျောင်းပြန်လုပ်နေရတာ အန္တရာယ်များတယ်။ မနှစ်ကလည်း ကျောင်းသူ(၃)ယောက် ကျောင်းအပြန် မိုးရော၊လေရောမိလို့ စက်လှေမြုပ်ပြီး အသက်ဆုံးရှုံးခဲ့ဖူးတယ်။”ဟု ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာမှ ကိုနေလင်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာအချို့ ရေကြီးနစ်မြုပ်မှုများကြောင့် ကျေးရွာလုံးကျွတ်ရေဘေး လွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။
myitmakhamediagroup

No comments:

Post a Comment