Latest News

Saturday, August 6, 2016

မြန်မာတွင် ငလျင်ကြီးတခုနှင့် ကြုံတွေ့နိုင်ကြောင်း ပညာရှင်အဖွဲ့ သတိပေး

    By ကိုမောင်
    4 August 2016


မြန်မာနိုင်ငံဟာ ငလျင်ကြီးတခုနဲ့ ကြုံတွေ့နိုင်ခြေ ရှိနေတဲ့အကြောင်း ဘူမိရူပသိပ္ပံပညာရှင် အဖွဲ့တဖွဲ့က သတိပေးထားပါတယ်။

မိုင်ပေါင်း ၂၀၀၀ ကျော် ရှည်လျားတဲ့ ပြတ်ရွေ့တခုဟာ အင်ဒိုနီးရှားနိုင်ငံ စူမားတြားကျွန်းကနေ မြန်မာပြည် တောင်ဘက်စွန်းက ကပ္ပလီကျွန်းစုနဲ့ အနောက်ဘက်က ရခိုင်ရိုးမ ကမ်းလွန်ပင်လယ်ပြင် အောက်ကနေ ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်အထိ တည်ရှိနေတဲ့အတွက် ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်ရင် ရစ်ခ်ျတာစကေး ၉ ဒသမ ၀ လောက်အထိ ရှိနိုင်ပြီး သက်ရောက်မှု များနိုင်တယ်လို့ အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်က ဘူမိရူပ သိပ္ပံပညာရှင် မိုက်ကယ် စတက်ကာနဲ့ အဖွဲ့က သတိပေးလိုက်တာပါ။

“သူတို့ဒေတာ မှန်ခဲ့ရင် ငလျင်လှုပ်မယ်လို့သာ ပြောနိုင်တာ။ လှုပ်မယ် မလှုပ်ဘူးကို သေချာမပြောဘူး။ ဘယ်နေ့ ဘယ်အချိန်မှာ လှုပ်မယ်ဆိုတာလည်း သူက မပြောနိုင်ဘူး။ ဒါပေမယ့် သူက ဘာလုပ်ထားတာလဲဆိုတော့ ဖြစ်နိုင်ခြေလေးတွေကိုတော့ သူပြောထားတယ်။ အဲဒီဖြစ်နိုင်ခြေလေးကများ ငလျင်လှုပ်ခဲ့မယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဘက်တွေမှာ ခံစားရမယ်။ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်တွေမှာ ခံစားရမယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံ မြောက်ဘက် ချင်းတောင်တန်း၊ နာဂတောင်တန်းတွေမှာ ဖြစ်နိုင်ခြေ ရှိတယ်ပေါ့” လို့ မြေငလျင် သုတေသနပညာရှင် ဒေါ်လှလှအောင်က ပြောပါတယ်။

အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဆယ်နှစ်ကြာ စောင့်ကြည့်ပြီး အဖြေထုတ်ချက်တွေ အရလည်း အိန္ဒိယနိုင်ငံရဲ့ ကျောက်ထုချပ်နဲ့ မြန်မာ ကျောက်ထုချပ်နှစ်ခု မျက်နှာချင်းဆိုင် တိုက်နိုင်တဲ့ အနေအထားဟာ နှစ်ပေါင်း ၄၀၀ လောက် ကြာနေပြီ ဖြစ်တဲ့အတွက် ငလျင်လှုပ်ခတ်နိုင်ခြေ ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ငလျင်ပြတ်ရွေ့ကြောပေါ်မှာ တည်ရှိနေပြီး ငလျင်ရဲ့ သက်ရောက်မှုကို အချိန်မရွေး ခံရနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားမှုတွေ ပြုလုပ်ခြင်းကသာ ထိခိုက်ပျက်စီးမှုတွေကို သက်သာစေနိုင်တယ်လို့ ဆိပ်ကမ်းအင်ဂျင်နီယာ မမူဟန်ကျော်က ပြောပါတယ်။

“ပညာပေး အစီအစဉ်တွေကို သေချာကြည့်သင့်တယ်။ မြန်မာနိုင်ငံမှာ ပိုဆိုးတာက ဒါတွေလာရင် တခြားလိုင်း ပြောင်းပစ်တယ်။ မကြည့်တော့ဘူး။ အဲဒါကြောင့် သေချာကြည့်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဆင်သင့်ဖြစ်အောင် လုပ်ထားသင့်ပါတယ်။ တဘက်ကကျတော့ အင်ဂျင်နီယာတွေပေါ့နော်။ လူနေအိမ်ခြေ တည်ဆောက်တဲ့ အင်ဂျင်နီယာတွေ၊ ပြီးတော့ ဆိပ်ကမ်းတ၀ိုက်မှာ ဆောက်တဲ့ အင်ဂျင်နီယာတွေ နှစ်မျိုးလုံးက ဒီငလျင်ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အဆောက်အဦတွေ ဆောက်တဲ့အချိန်မှာ။ ငလျင်ဆိုတာကလည်း လူသေတယ်ဆိုတာ ငလျင်ကြောင့်သေတာ မဟုတ်ပါဘူး။ အဆောက်အဦတွေ ပြိုကျတယ်။ အဲဒီအဆောက်အဦတွေ ပိလို့ သေတာပေါ့နော်။ ဒါကြောင့်မို့ အဆောက်အဦဘက်မှာ ပိုအာရုံစိုက်ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။”

မြေထုချပ် လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်တဲ့ ငလျင်တွေဟာ အတွေ့ရအများဆုံး၊ ဖျက်ဆီးမှုစွမ်းအား အမြင့်မားဆုံးနဲ့ ခန့်မှန်းရ အခက်ခဲဆုံးဖြစ်သလို ကမ္ဘာ့အပေါ်ယံ မြေလွှာကို ဖွဲ့စည်းထားတဲ့ တဒါဇင်လောက်ရှိတဲ့ မြေထုချပ်တွေ လှုပ်ရှားရာကနေ ငလျင်ဖြစ်ပေါ်လေ့ ရှိတယ်လို့ မြေငလျင် ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။
DVB

No comments:

Post a Comment