Latest News

Friday, July 29, 2016

ဟိုတစ်ချိန်က ထွေအုပ်ဌာန


         ယခုခေတ် ဂုဏ်မြင့်လှသော မြို့နယ်ထွေအုပ် ရုံးများသည် မဆလခေတ်က မြို့နယ်ကောင်စီရုံးများသာဖြစ်သည်။ ထိုခေတ်က မြို့နယ်တစ်မြို့နယ်တွင် အုပ်ချုပ်ရေးကို အဓိက ရုံးဌာနကြီးနှစ်ခုက တာဝန်ယူကြရသည်။ ပထမ တစ်ခုမှာ မြို့နယ်ပါတီယူနစ်ရုံးဖြစ်ပြီး ဦးဆောင် လမ်းညွှန်မှုအပိုင်းကို တာဝန်ယူသည်။ မြို့နယ်အလုပ်သမားအစည်းအရုံး၊ မြို့နယ်တောင်သူလယ်သမား အစည်းအရုံး၊ မြို့နယ်လမ်းစဉ်လူငယ်ရုံးနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့ဖြင့် ဖွဲ့စည်းထား သည်။ ထို မြို့နယ်ပါတီယူနစ်ရုံး၏ ဦးဆောင်လမ်းညွှန်မှုများကို လက်တွေ့အကောင်အထည်ဖော်ပေးရသော မြို့နယ်ပြည်သူ့ကောင်စီရုံးသည် မြို့၏ ဒုတိယအရေးပါသော အုပ်ချုပ်ရေးဌာနဖြစ်ခဲ့သည်။
           ထိုခေတ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ပါတီစနစ်သာဖြစ်သဖြင့် မြို့နယ်ပါတီယူနစ်ကို ပါတီကော်မတီဝင် ၇ ဦးဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကောင်စီကို ပါတီဝင် အလုပ်အမှုဆောင် ၇ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းထားသည်။
         ယခုခေတ်အခေါ်ထွေအုပ်ရုံးများသည် ထိုခေတ်က မြို့နယ်ပြည်သူ့ကောင်စီရုံးများပင်ဖြစ်ပြီး ပါတီဝင် အလုပ်အမှုဆောင် ၇ ဦး၏ အုပ်ချုပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ကြရသည်။ ယခု ထွေအုပ် ဦးစီး အရာရှိကို ထိုခေတ်က ရုံးအဖွဲ့မှူး ဟူသော ရာထူး အမည်သာပေးထားသည်။ staff ခေါ် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲတာဝန်ကိုသာ ထမ်းဆောင်ရသည်။ မြို့ပြအုပ်ချုပ်ရေးတွင် တိုက်ရိုက်ပါဝင်ခွင့်မရှိခဲ့ပေ။ ဒုဦးစီးမှူးများကိုလည်း ဒုရုံးအဖွဲ့မှူးများဟူ၍သာ အဆင့်အမည်သတ်မှတ်ပေးထားသည်။ အုပ်ချုပ်မှု အထောက်အကူပြုရုံးမျှသာဖြစ်သဖြင့် ကုန်သွယ်ရေးရုံး သမဝါယမရုံး အခွန်ရုံး မြေစာရင်းရုံး စသည်ရုံးများလောက် ထင်ရှားမှုမရှိခဲ့ပေ။ လူသိနည်းသည့် ရုံးဝန်ထမ်းဌာနတစ်ခုပင်ဖြစ်ခဲ့သည်။
         နဝတ စစ်အစိုးရလက်ထက်ရောက်သောအခါ မြို့နယ်ပါတီယူနစ်ရုံးပျောက်ကွယ်သွားပြီး မြို့နယ်ပြည်သူ့ကောင်စီရုံး(နပက)ကိုလည်း မြို့နယ် ငြိမ်ဝပ်ပိပြားရေးအဖွဲ့ရုံး (မဝတ)ဟူ၍ အမည်ပြောင်းခဲ့သည်။ ထိုရုံးအဖွဲ့မှူးကိုပင် ဥက္ကဋ္ဌတင်ကာ လဝက မြို့နယ် ဦးစီးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ပါဝင်သော မဝတ ကော်မတီတစ်ခုဖွဲ့ကာ မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းများကို တာဝန်ယူစေခဲ့သည်။ ထိုအချိန်မှစ၍ ရုံးအဖွဲ့မှူးများသည် မဝတ ဥက္ကဋ္ဌ များအဖြစ် လူသိထင်ရှား ကျော်ကြားလာကြတော့သည်။ စစ်အစိုးရသည် အစကနဦးတွင် တပ်မတော်မှ gun shot အရာရှိငယ်ဗိုလ် ဗိုလ်ကြီးများကို မဝတ ဥက္ကဋ္ဌ နေရာများသို့ အသွင်ပြောင်း နေရာပေးခဲ့သည်။ ဒုရံးအဖွဲ့မှူးတို့ ရုံးအဖွဲ့မှူးရာထူးတိုးလမ်းပေါက်များ ပိတ်ကုန်ကြသည်။ ရုံးအဖွဲ့မှူးလစာသည်  ဒုဗိုလ်လစာမျှလောက်သာရှိသဖြင့် အသွင်ပြောင်းလာသောစစ်အရာရှိများသည် တပ်မတော်ပင်စင်ကိုလည်းယူသည် ရုံးအဖွဲ့မှူးလစာကိုလည်းယူသည်။ ဤလစာနှစ်ခုပေါင်းလိုက်မှ ယခင်ဗိုလ်ကြီးလစာကို ပြန်မီသွားစေခဲ့သည်။ ဤသို့ဖြင့် ရုံးအဖွဲ့မှူး ခေါ် မဝတ ဥက္ကဋ္ဌ အဖြစ် အသွင်ပြောင်းလာသော gun shot များကို သန္ဓေအရပ်သားဝန်ထမ်းတို့က နှစ်သီးစားများဟု နောက်ကွယ်မှ မကျေမနပ်ဖြင့် အမည်ပေးလာကြတော့သည်။ နောက်ပိုင်းတွင် gun shot များသာမဟုတ်တော့ဘဲ ဆေးအဆင့်နိမ့်များ အသည်းရောင် ဘီပိုးရှိသူများ ဗိုလ်ကြီးဘဝဖြင့်ပင်အငြိမ်းစားယူကြရတော့မည့်သူများ စသည် စစ်အရာရှိများကိုလည်း စစ်တပ်မှ ပင်စင်ပေးကာ ရုံးအဖွဲ့မှူးလစာ ထပ်ဆင့်ခံစားစေလျက် မဝတ ဥက္ကဋ္ဌများအဖြစ် အသွင်ပြောင်းပေးလာခဲ့သည်။ နောင်တွင် ထို မဝတ (မယက) ရုံးများတွင်သာမက အခြားသော သမဝါယမ အခွန် စည်ပင် စသည် အရပ်ဘက်ရုံးများသို့ပါ အားမနာတမ်း ဒရကြမ်း ဝင်ရောက်ထိုးနှက် နေရာယူလာကြတော့သည်။
          ဤသို့အားဖြင့် မြို့ပြအရပ်ဘက်ရုံးများတွင် ယခင်ကလို အေးချမ်းသာယာမှုအသွင်မဆောင်တော့ဘဲ စစ်မိန့် စစ်သံများလွှမ်းမိုးလာတော့သည်။ ရုံးလုပ်ငန်းများလည်း နေ့မအား ညမနား ပြာယာခပ်အောင် လွန်စွာများပြားလာတော့သည်။  အသီးသီးသော ဝန်ထမ်းတို့လည်း မိမိတို့ အနေအစား သက်သာချောင်ချိရေးအတွက် ဖားယားမြှောက်ပင့် သွေးထိုး သတင်းပေးသတင်းယူ အတွင်းလူ အနားပြာ လာဘ်ထိုး လာဘ်ယူ တစ်ယောက်ခေါင်းတစ်ယောက်နင်း ရက်စက်ခြင်းတို့ဖြင့် ရုံးတွင်းအနေအထား အချင်းချင်းပင် မကြည်ညိုနိုင်အားလောက်အောင် မကောင်းသောအတတ် မမှန်သောလုပ်ရပ်တို့ လွန်စွာ စည်ကားဝေစည် ဖွံ့ဖြိုး တိုးတက်လာခဲ့ပေတော့သည်။
            အဆိုပါ မဝတ/ မယက ဥက္ကဋ္ဌ တာဝန် ပူးတွဲယူရသော ရုံးအဖွဲ့မှူး ( လက်ရှိအခေါ် ထွေအုပ်ဦးစီးအရပ်ဘက်ရုံးအရာရှိ)တို့သည်လည်း စစ်အသွင်ပြောင်း နှစ်သီးစားဗိုလ်တို့နှင့်အပြိုင် မာန်မာန ဘဝင်စိတ်တို့မြှင့်တက်လျက် မူလအရပ်သားစိတ်ပျောက်ကာ လက်အောက်ဝန်ထမ်းတို့၏ အလေးဂရုပြုခြင်းကို အလွန်အမင်း ခံယူချင်သောစိတ်အနေအထားသို့ ဝံ့ကြွားဂုဏ်ယူစွာ ပြောင်းလဲလာကြခြင်းဖြင့် ဝန်ထမ်းအချင်းချင်းသာမက လူအပေါင်း၏ အော့နှလုံးနာ မေတ္တာမဲ့ခံရခြင်း အခြေသို့ တဖြည်းဖြည်း ဆိုက်ရောက်လာရလေတော့သည်။ အမှန်သော်ကား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ၏ မူလဇစ်မြစ်ကား မဆလခေတ် မြို့နယ်ပြည်သူ့ကောင်စီရုံး၏ ပြည်သူ့အုပ်ချုပ်ရေးနှင့် လားလားမျှ မသက်ဆိုင်သော  ရုံးဝန်ထမ်းအကြီးအကဲ ရုံးအဖွဲ့မှူးတစ်ဦးမျှသာလျှင်ဖြစ်ပါတော့သတည်း။
         ဤစာကို ရေးသားသဖြင့် ယခုခေတ်မှ လူဖြစ်လာခွင့်ကြုံသော ထွေအုပ် အရာထမ်း အမှုထမ်းတို့က မိမိအား ထွေအုပ်အကြောင်း ဘာတွေသိ၍ ရေးရသနည်းဟု နိမ်နင်းသည့်လေသံဖြင့် မေးလာသည်ရှိသော်
လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော် ၁၉၈၃ မှ ၁၉၈၇ ခုနှစ်အထိ  ဧရာဝတီတိုင်း၏ မြို့နယ်ကောင်စီရုံးတစ်ခုတွင် ယခုအခေါ် အောက်တန်းစာရေး(ငယ်ရေး)
ယခင်အခေါ် စာရေးအဆင့်- ၁ ဘဝကို ဖြတ်သန်းခဲ့ဖူးပါကြောင်းနှင့် စစ်တပ်က အရပ်ဘက်ရုံးများသို့ အသွင်ပြောင်းဝင်ရောက်လာခြင်းကို တန်ပြန်  ဂလဲ့စားချေသည့်အနေဖြင့် ၁၉၈၈ နှစ်ဦးပိုင်းတွင် တပ်မတော်သို့ မိမိလည်း အသွင်ပြောင်းဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပါကြောင်း၊
ထို့ကြောင့် ငယ်နုစဉ်အခါက မိမိကျင်လည်ဖြတ်သန်းခဲ့ရာ ထွေအုပ်ရုံးအကြောင်း မိမိသိမြင်မှတ်သားမိသမျှ ဖေါက်သည်ချရခြင်းဖြစ်ကြောင်နှင့် ရည်ရွယ်ချက်မှာ ၈၈ အရေးအခင်းကာလ ပြည်သူတစ်ရပ်လုံးက အမုန်းထားသည့် ပြည်သူ့ရဲများထက်ပိုဆိုးသော " ရဲထက်ဆိုး " ဘဝသို့ နောင်တစ်ချိန်ဖြစ်မလာစေရန်နှင့် ဟို ယခင် ပါတီ/ ကောင်စီ ခေတ်ကလို ပြည်သူနှင့် အေးချမ်းစွာဆက်ဆံသည့်ြ
ရာဇ ဝင်
ရာဇ
ဖေါက်သည်ချရခြင်းဖြစ်ကြောင်နှင့် ရည်ရွယ်ချက်မှာ ၈၈ အရေးအခင်းကာလ ပြည်သူတစ်ရပ်လုံးက အမုန်းထားသည့် ပြည်သူ့ရဲများထက်ပိုဆိုးသော " ရဲထက်ဆိုး " ဘဝသို့ နောင်တစ်ချိန်ဖြစ်မလာစေရန်နှင့် ဟို ယခင် ပါတီ/ ကောင်စီ ခေတ်ကလို ပြည်သူနှင့် အေးချမ်းစွာဆက်ဆံသည့် ပြည်သူချစ်သော၊ ပြည်သူလေးစားယုံကြည်အားကိုးရသော  ရုံးကလေးများအဖြစ် ပြန်ဖြစ်လာစေလိုသော ဆန္ဒသည်သာ ရင်မှလာသော သစ္စာစကားဖြစ်ပါကြောင်း။
ရာဇ၀င်

No comments:

Post a Comment