Latest News

Tuesday, July 26, 2016

"ကူးစက်မြန် ဆုံဆို့နာ ရောဂါ အကြောင်း" သိကောင်းစရာများ

"ကူးစက်မြန် ဆုံဆို့နာ ရောဂါ အကြောင်း" သိကောင်းစရာများ
( ကျန်းမာရေး အသိပညာပေးခြင်း)

ဆုံဆို့နာရောဂါ

ဆုံဆို့နာရောဂါ(Diphtheria) သည် Corynebacterian diphtheriae ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါသည်။ အဆိုပါပိုးမှ ထုတ်သော အဆိပ် (exotoxin) သည် လူ၏ကိုယ်အဂါင်္အစိတ်အပိုင်းနှင့် တစ်ရှူးးများကို အန္တရာယ်ဖြစ်စေပြီး ပျက်စီးစေပါသည်။
ဆုံဆို့နာရောဂါပိုးတစ်မျိုးသည် လည်ချောင်းနှင့် အာသီးကို ရောဂါဖြစ်စေပါသည်။ အပူပိုင်းဒေသတွင် ဖြစ်ပွားမှုများသော အခြားဆုံဆို့နာရောဂါ တစ်မျိုးသည် အရေပြားတွင် အနာ များ ဖြစ်ပွားပါသည်။ ဆုံဆို့နာရောဂါသည် အသက်အရွယ်မရွေး ကျားမ မရွေးဖြစ်ပွားတတ်သော်လည်း ကာကွယ်ဆေး မထိုးထားသော ကလေးငယ်များတွင် ပို၍ အဖြစ်များပါသည်။
ကူးစက်ပုံနှင့်ရောဂါခံစားရခြင်း
ဆုံဆို့နာရောဂါသည် လူတဦးမှ တဦး နီးကပ်စွာ ထိတွေ့မှုဖြင့်လည်းကောင်း၊ အသက်ရှူလမ်းကြောင်းမှ လည်းကောင်း ကူးစက်ပါသည်။ ရောဂါလက္ခဏာ မပြခင် ရောဂါပျိုးရက်မှာ ၂ရက်မှ ၅ရက် ဖြစ်ပါသည်။ ဆုံဆို့နာရောဂါအနေဖြင့် ကူးစက်ပြီးပါက လည်ချောင်းထဲတွင် ပိုးများ ပွားလာကာ အစွမ်းထက်သော အဆိပ်အတောက်များ ထွက်စေကာ လည်ချောင်းနာခြင်း၊ စားချင်သောက်ချင်စိတ်မရှိခြင်း၊ အဖျားအနည်းငယ်ရှိခြင်း နှင့် အစာမြိုရန် ခက်ခြဲခင်းများ ဖြစ်ပေါ်လာပါသည်။
နောက် ၂ရက် ၃ရက်အတွင်း အာခေါင်၊ အာသီး၊ လည်ချောင်း၊ သို့မဟုတ် အသံအိုးပေါ်တွင် ဖြူပြာရောင် သို့မဟုတ် အညိုရောင်အမြှေးပါးကလေးများ ဖြစ်လာပြီး တခါတရံသွေးယိုစီး တတ်ပါသည်။ ဤကဲ့သို့ သွေးယိုစီးမှုဖြစ်ပါက အမြှေးပါးသည် အစိမ်းပုပ်ရောင်၊ သို့မဟုတ် အနက်ရောင်သို့ပြောင်းလဲလာပါသည်။ အဆိုပါ အခြေအနေတွင် လူနာအနေဖြင့် ပြန်လည် နေကောင်းလာနိုင်ပါသည်။
သို့မဟုတ် ပိုမို၍ အားမရှိဖြစ်လာပြီး ၆ရက်မှ ၁၀ ရက်အတွင်း နှလုံးကိုထိခိုက်ပျက်စီးကာ အသက်သေဆုံးနိုင်ပါသည်။
ရောဂါ၏ ပြင်းထန်မှု
ပြင်းထန်သော ဆုံဆို့နာရောဂါဖြစ်သူ လူနာအနေဖြင့် အဖျားအပူချိန် မမြင့်မားသော်လည်း လည်ပင်းရောင်ကိုင်းလာခြင်း (Bull neck appearance) နှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း တို့ ဖြစ်ပွားတတ်ပါသည်။
ဆုံဆို့နာရောဂါဖြစ်ပွားမှုအစောပိုင်းတွင် လည်းကောင်း ရက်သတ္တပတ်အနည်းငယ်အကြာ (၂ပတ်မှ ၆ပတ်)တွင်လည်းကောင်း၊ လူနာအနေဖြင့် ပုံမှန်မဟုတ်သော နှလုံးခုန်မှု ဖြစ်ပွားတတ်ပြီး နှလုံးရောဂါ (cardiomyopathy) ရရှိသွားနိုင်ပါသည်။
အချို့သောဆုံဆို့နာ ရောဂါဖြစ်ပွားသူများအနေဖြင့် နှလုံးကြွက်သားများနှင့် နှလုံးအဆို့များရောင်ပြီး မသေဆုံးခဲ့လျှင်တောင် နှစ်ပေါင်းများစွာကြာမြင့်သည့်အခါ နာတာရှည်နှလုံးရောဂါ ရရှိပြီး နှလုံးကောင်းစွာအလုပ်မလုပ်ခြင်း တို့ ဖြစ်ပွားကြပါသည်။ အာရုံကြောကို ထိခိုက်ပျက်စီးပါက အကြောသေခြင်း နောက်ဆက်တွဲ ဖြစ်ပွားနိုင်ပါသည်။
ဆုံဆို့နာရောဂါ၏ ကြောက်စရာအကောင်းဆုံး အန္တရာယ်မှာ အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး အသက်သေဆုံးခြင်း ဖြစ်ပါသည်။ ဆုံဆို့နာရောဂါသည် စောလျင်စွာ စနစ်တကျ ကုသမှု မရရှိပါက သေနှုန်းမြင့်မားသောရောဂါဖြစ်ပါသည်။ အချို့ လူနာများမှာ ရောဂါလက္ခဏာမပြဘဲ ရောဂါသယ်ဆောင်သူ (carrier) အဖြစ်ရှိနေတတ်ပါသည်။ နှာခေါင်းအတွင်း ရောဂါပိုး သယ်ဆောင်ထားသူ (nasal carrier) များက လည်ချောင်းတွင် ရောဂါပိုးသယ်ဆောင်ထားသူ ( throat carrier) များထက် ပတ်ဝန်းကျင်သို့ ရောဂါပိုးများ ပြန့်ပွားစေသဖြင့် အခြားလူများသို့ ရောဂါ ကူးစက်ပြန့်ပွားနိုင်ခြေ ပိုမိုများပြားပါသည်။
ကုသခြင်း
ဆုံဆို့နာရောဂါ ဖြစ်ပွားပါက အဆိုပါလူနာအား Erythromycin သို့မဟုတ် penicillin ဆေးများ ပေးနိုင်ပြီး ရောဂါလက္ခဏာပြင်းထန်ပါက ဆုံဆို့နာအဆိပ်ဖြေဆေး diphtheria antitoxin ထိုးပေးရန်လိုအပ်သည့်အတွက် ဆေးရုံကြီးများသို့ ညွှန်းပို့ ကုသရန် လိုအပ်ပါသည်။ အခြားလူနာများအား ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန် လူနာအား သီးခြားနေရာတွင် ထားရပါမည်။
ရောဂါဖြစ်ပွားမှု အမှန်သိရှိစေရန် ပိုးမွေးမြူစမ်းသပ်ကြည့်ရှုနိုင်ရန် သံသယလူနာများ၏ လည်ချောင်းမှ နမူနာများကိုကျန်းမာရေးဝန်ထမ်းမှ ရယူရန် လိုအပ်ပါသည်။ သို့ရာတွင် ပိုးမွေးမြူရေး စမ်းသပ်မှုမှ ဓာတ်ခွဲအဖြေများကို စောင့်ဆိုင်းမနေဘဲ ဆေးဝါးကုသမှုကို စတင်ပေးထားရန် လိုအပ်ပါသည်။
စောလျင်စွာ ကုသမှုမရရှိပါက အဆိုပါလူနာသည် ရောဂါလက္ခဏာ စတင်ခံစားချိန်မှစ၍ ၁၄ ရက်မှ ၂၈ ရက်အတွင်း အခြားထိတွေ့နေရသောလူများသို့ ကူးစက်နိုင်ပါသည်။ သို့ဖြစ်၍ ဆုံဆို့နာရောဂါလူနာနှင့် ထိတွေ့နေသူအားလုံးအား သေချာစောင့်ကြည့်နေရန်လိုအပ်ပါသည်။ အဆိုပါ ထိတွေ့နေသူများ၏ ကာကွယ်ဆေးထိုးထားမှုရှိမရှိ ဆန်းစစ်ရန်လိုပြီး နှစ်နှစ်အတွင်း ဆုံဆို့နာအတွက် ကာကွယ်ဆေးရရှိထားပြီးဖြစ်ပါက ဆေးတိုက်ရန်မလိုပါ။ အကယ်၍ ကာကွယ်ဆေးထိုးထားသည်မှာ ၂နှစ်ကျော်ပြီး ဖြစ်ပါက နောက်ထပ် booster dose of diphtheria toxoid ထပ်မံထိုးရန်လိုအပ်ပါသည်။
အကယ်၍ ကာကွယ်ဆေးထိုးထားခြင်းမရှိပါက ကြိုတင်ကာကွယ်သည့်အနေဖြင့် prophylactic penicillin သို့မဟုတ် erythromycin ပေးထားပြီး ကာကွယ်ဆေး ထိုးရန်လိုပါသည်။ အဆိုပါ လူများအားသေချာစောင့်ကြပ်ကြည့်ရှုထားပြီး သံသယ လက္ခဏာပြလာပါက လည်ချောင်းမှ နမူနာယူ၍ စစ်ဆေးပေးရမည်။
ကာကွယ်ခြင်း
ဆုံဆို့နာရောဂါ မဖြစ်ပွားအောင် အထိရောက်ဆုံးကာကွယ်ခြင်းမှာ ပြည်သူလူထုအတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားစွာရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆုံဆို့နာရောဂါကာကွယ်ဆေးကို မေးခိုင်ရောဂါကာကွယ်ဆေး၊ ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ဆေး၊ အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေး နှင့်ဟေမိုဖီလပ် အင်ဖလူရင်ဇာဘီ Haemophilus influenzae type b ကာကွယ်ဆေးများနှင့် ပေါင်းစပ်၍ ကလေးအသက် ၂လ၊ ၄လ၊ ၆လများတွင် ကာကွယ်ဆေးထိုးစီမံချက်အနေဖြင့် အခမဲ့ ထိုးနှံပေးလျက်ရှိပါသည်။
အကယ်၍ ငယ်ရွယ်စဉ်ကာကွယ်ဆေးမထိုးနှံနိုင်ခဲ့ပါက လူကြီးများ အတွက်စီမံပြုလုပ်ထားသော မေးခိုင်နှင့် ဆုံဆို့နာရောဂါကာကွယ်ဆေးများကို ထိုးနှံနိုင်ပါသည်။
(ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက တရားဝင်ထုတ်ပြန်ထားသော ဆုံဆို့နာ ရောဂါအကြောင်း ကို ပြန်လည် ကူးယူဖော်ပြပါသည်)






No comments:

Post a Comment