Latest News

Thursday, May 19, 2016

ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU) သတိပေးချက်


မုန်တိုင်းသတိပေးချက်
၂၀၁၆ ခုနှစ်၊ မေလ(၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းသတိပေးချက်
မုန်တိုင်းသတိပေးချက် အမှတ်စဉ်(၁၀)၊၂၀၁၆
မုန်တိုင်းအ‌ခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU) သည် အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် (၉)မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အနောက်တောင်ဘက်(၈၅)မိုင်ခန့်၊ ကာကီနာဒါ မြို့၏ အရှေ့တောင်ဘက် (၄၁)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၆၃၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင် ဘက် မိုင်(၆၅၂)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့ရှားပြီး ပိုမိုအားကောင်းလာကာ နောက်(၆)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါ သည်။
(ခ) အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေကို ဦးတည်နေသော်လည်း မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်ပါသဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုအန္တရာယ်ကို ခံစား ရမည်ဖြစ်ပါ၍ လက်ရှိအခြေအနေကို လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန်(၀၅း၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု(၁၆.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၆)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်း ဖြစ်ပါသည်။
နောက်(၅၄)နာရီအတွင်း ခန့်မှန်းချက်
(က) အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့နံနက်ပိုင်းမှ နောက်(၅၄) နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းကမ်း‌ခြေဒေသ ကို ကော့ဘဇားမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည် ဟု ခန့်မှန်းရပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေ သို့ ဖြတ်ကျော်စဉ် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင်(၆၀)မှ မိုင်(၈၀)ခန့်အထိနှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ပါသည်။
(ဃ) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေ သို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ မောင်တောနှင့် စစ်တွေခရိုင် ကမ်းခြေဒေသများတွင် (၁၀)ပေမှ (၁၂)ပေခန့် အထိနှင့် ကျောက်ဖြူခရိုင် ကမ်းခြေဒေသတွင် (၈)ပေမှ (၁၀)ပေခန့် အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် (၂၀.၅.၂၀၁၆)ရက်နေ့မှ (၂၂.၅.၂၀၁၆) ရက်နေ့အတွင်း တစ်ပြည်လုံးတွင် နေရာစိပ်စိပ် မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်နှင့် ရခိုပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးမည်။
အကြံပြုချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း ၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ပါသဖြင့်‌ ကုန်းမြင့်ဒေသ အနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြုနေထိုင် ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
အောက်ဖော်ပြထားတဲ့ပုံများကတော့ ယနေ့မြန်မာစံတော်ချိန် နံနက်(၆း၀၀)နာရီ အချိန် ကျောက်ဖြူရေဒါမှ ဖမ်းယူရရှိသော မိုးရေချိန်ပြပုံ၊ ဆိုင်ကလုန်းမုန်တိုင်း“ရွန်နူ” (ROANU)မုန်တိုင်းရွှေလျားမည့် လမ်းကြောင်း ခန့်မှန်းချက်ပုံ တို့ ဖြစ်ကြပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
http://www.themeltingpot4u.com/2016/05/roanu.html

No comments:

Post a Comment