Latest News

Wednesday, May 11, 2016

ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီးခံရသူ ဦးနေမျိုးဝေထံမှ သိမ်းဆည်းထားသည့်ဖုန်းထဲမှ အမှုနှင့်ပတ်သက်သည့် ပုံအချို့ ရဲတပ်ဖွဲ့ကရရှိထားပြီး အကောင့်အတုအစစ်ကို မှုခင်းတပ်ဖွဲ့ CID မှ စစ်ဆေးနေ


ဧရာဝတီ မေ ၁၁
ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီးခံရသူ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေထံမှ သိမ်းဆည်းထားသည့် ဖုန်းထဲမှ အမှုနှင့်ပတ်သက်သည့် ပုံအချို့ကို ရဲတပ်ဖွဲ့က ရရှိထားပြီး အကောင့်အတုအစစ်ကို မှုခင်း တပ်ဖွဲ့ CID မှ စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် NLD ပါတီအား စော်ကားပုတ်ခတ်သည့်စာများကို Nay Myo Wai အမည်ဖြင့် facebook စာမျက်နှာတွင် တင်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ဦးနေမျိုးဝေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်မှ ဆရာဦးဝေယံအောင်က တရားလိုပြုလုပ်၍ မေလ ၂ ရက်က ကန်ကြီးထောင့်ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဦးနေမျိုးဝေကိုဖမ်းဆီးကာ ရဲလုပ်ထုံးလုပ်နည်းအရ စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ လုံလောက်တဲ့အထောက်အထားတွေသိမ်းထားတယ်။ ဦးနေမျိုးဝေကို ဖမ်းတုန်းက သိမ်းဆည်းထားတဲ့ Samsung ဖုန်းတစ်လုံးနဲ့ Telenor ကဒ် နှစ်ကဒ်၊ CID ကို ပို့ ထားတယ်။ လက်ရှိသုံးနေတဲ့ကဒ်တွေပါ။ အမှုနဲ့ဆက်စပ်ပစ္စည်း နည်းနည်းပါးပါးရထားပါတယ်။ ဖုန်း ထဲကနေပြီးတော့ ဓါတ်ပုံ ၅ ပုံရထားတယ်။ အမှုနဲ့ သက်ဆိုင်တဲ့ပုံလေးတွေပေါ့။ ကျန်တဲ့အချက် အလက်တွေလည်း သိနိုင်ဖို့အတွက် CID ကို ထပ်ပို့ထားတာပါ။ ဦးဝေယံအောင် တိုင်တုန်းက ဓါတ်ပုံ တွေထဲက ပုံတွေ ပါတာပေါ့။ ဖုန်းထဲက ရထားတာပါ။ သုံးထားတဲ့အကောင့်တွေ့တယ်။ အကောင့်အတု အစစ် ခွဲခြားနိုင်ဖို့ CID ကို ပို့ထားတာပါ”ဟု ကန်ကြီးထောင့် မြို့မရဲစခန်းမှ ရဲအုပ်သိန်းလွင်က ပြော ကြားသည်။

ဦးနေမျိုးဝေကို မေလ ၄ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နောက် လက်ရှိတွင် မေလ ၁၉ ရက်အထိ ချုပ်မိန့်ရမန်ယူကာ ပုသိမ်အကျဉ်းထောင်၌ ထိန်းသိမ်းထား ပြီး ရမန်ပြည့်သည့်နေ့၌ တရားစွဲဆိုနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

“လက်ရှိမှာတော့ တရားစွဲဖို့ ဥပဒေအကြံပြုချက်တောင်းထားတယ်။ CID ကို ပို့ထားတယ်။ တရားစွဲခွင့် ခွင့်ပြုမိန့်ရဖို့အတွက် ဒီနေ့မှာပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့သဘောထားမှတ်ချက် တင်ပြတောင်းခံထားတယ်။ ပြီးတော့မှ ဆက်သွယ်ရေးဝန်ကြီးရဲ့ခွင့်ပြုမိန့်ကို ဆက်ပြီးတောင်းခံမှာ ဖြစ်ပါ တယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူး(ဦးစီး) ရဲမှူးမျိုးမြင့်အောင် က မေလ ၁၁ ရက်တွင် ပြောကြားသည်။

“ရမန်ယူထားတဲ့ရက်ထဲက ပထမတစ်ပတ်အတွင်းမှာတင် မှုခင်းတပ်ဖွဲ့ကို သက်သေခံပစ္စည်း များပေးပို့ကာ ထင်မြင်ချက် တောင်းခံခြင်း၊ တိုင်းဒေသကြီးအစိုးရရဲ့သဘောထား မှတ်ချက်ရယူခြင်း တို့ကို ဆောင်ရွက်ပြီးဖြစ်တဲ့အတွက်ကြောင့် ချုပ်မိန့်ရမန်စေ့တဲ့ မေလ ၁၉ ရက်နေ့မှာ တရားစွဲတင်နိုင် အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ရဲမှူးမျိုးမြင့်အောင်က ဆက်လက်ပြောကြားသည်။
အဆိုပါအမှုကို ကန်ကြီးထောင့်မြို့မရဲစခန်းက (ပ)၉၀/ ၂၀၁၆၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်
အမှုလက်ခံရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်သည်။
အောင်ကျော်မျိုး(ဟင်္သာတ)
Aung Kyaw Myo


No comments:

Post a Comment