နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တို့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးအစည်းအဝေးခန်းမတွင် ယနေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီက အစည်းအဝေးပြုလုပ်နေကြစဉ်။
(Photo- Myanmar State Counsellor Office Facebook)
The Voice Weekly
Myanmar State Counsellor Office
■ ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံဆောင်ရွက်ရန်၊ တရားမျှတခြင်းကို ကရုဏာဖြင့် ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာကြား ■
နေပြည်တော် မေ ၂၇
ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံဆောင်ရွက်ရန်၊ တရားမျှတခြင်းကို ကရုဏာဖြင့် ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်။
ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးအစည်းအဝေးခန်းမ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နေပြည်တော်ကောင်စီ ဥက္ကဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ တက်ရောက်သည့် အစည်းအဝေးတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ အုပ်ချုပ်ရေး ယန္တရားအသစ် စတင်ဆောင်ရွက်သည့်ကာလတွင် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တွေ့ကြုံရသည့် အခက်အခဲများကို သိလိုပါကြောင်း၊ အဆိုပါအခက်အခဲများကို ကျော်လွှားနိုင်မည့်နည်းလမ်းများကို ဆွေးနွေး ကြမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးအဖွဲ့များသည် ပြည်ထောင်စုအစိုးရနှင့် အချိတ် အဆက်မိမိ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အချိတ်အဆက် မိမှသာ အစိုးရအဖွဲ့၏ ဆောင်ရွက်ရမည့်လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ညှိနှိုင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနအနေဖြင့်လည်း တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပြည်ထောင်စုအစိုးရတို့အကြား ဆက်သွယ် ဆောင် ရွက်ရာတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဆွေးနွေးလိုသည်များကို ပွင့်ပွင့်လင်းလင်း ပြည့်ပြည့်စုံစုံ ဆွေးနွေးတင်ပြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၌ တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်း တင်ပြကြသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရှင်းလင်း တင်ပြချက် ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားသည်။
ယနေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က -
■ နိုင်ငံသားများ၏ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံ ဆောင်ရွက်ရန်၊
■ ပြည်သူများထံမှ မြေယာပြဿနာဆိုင်ရာ တင်ပြချက်များကို ဖြေရှင်း ဆောင်ရွက်ကြရာတွင် တရားမျှတခြင်းကို ကရုဏာဖြင့် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ရန်၊
■ ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် မြေယာ သိမ်းဆည်းမှုများ ရပ်ဆိုင်းထားရေး ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်၊
■ အုပ်ချုပ်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေအရာရှိချုပ်နှင့် ဥပဒေပညာရှင်များ၏ သဘောထားကို အလေးထား ဆောင်ရွက်ကြရန်၊
■ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများ လျော့နည်းပပျောက်စေရန်အတွက် အုပ်ချုပ် ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများသာမက လူငယ်လူရွယ်များနှင့် ၄င်းတို့၏ မိဘများ ပါဝင် လာရေး အလေးထားဆောင်ရွက်ကြရန်၊
■ လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု တွင်ကျယ်နေခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစီအမံတစ်ခု ချမှတ်ဆောင်ရွက်ရန်၊
■ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်အကြား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သော်လည်း လုပ်ပိုင်ခွင့် ကျော်လွန်၍ ဆောင်ရွက်သည့် အနေ အထားမျိုး မဖြစ်စေရေး သတိပြုဆောင်ရွက်ရန်၊
■ နိုင်ငံတကာအဖွဲ့အစည်းများ သွားလာမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုအစိုးရအကြား ထိထိ ရောက်ရောက် ညှိနှိုင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

No comments:
Post a Comment