Latest News

Saturday, May 21, 2016

မနက်ပိုင်းက ရခိုင်ဆိုရင် ညနေပိုင်းဆို ချင်းပြည်နယ်။ညပိုင်းဆိုရင် စစ်ကိုင်းတိုင်းဖက် သတိထားရမယ်


ရွန်နူမုန်တိုင်းနှင့်ပတ်သက်၍ ဒေါက်တာထွန်းလွင် သတိပေးချက် မုန်တိုင်း၏ နောက်ဆုံး အခြေအနေနှင့် ကြိုတင်သတိပြုစရာအချက်များကို စာဖတ်ပရိတ်သတ် သိရှိနိုင်စေရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်အား ယနေ့(မေလ၂၁ရက်) မွန်းလွဲ၂ နာရီခန့်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး-ဒီနေ့လည်အထိ မုန်တိုင်းရဲ့ နောက်ဆုံးအခြေအနေကို ပြောပေးပါဆရာ။
ဖြေ- မုန်တိုင်းက ဘင်္ဂလားဒေ့ရှ့်ကမ်းခြေကို စဖြတ်နေပြီလေ။ ဒါပေမယ့် သူက ကမ်းလျှောက်ပြီး အရှေ့စူးစူးကို ရွေ့နေတော့ ကမ်းလျှောက် မုန်တိုင်းဖြစ်နေတာပေါ့။ မြန်မာနိုင်ငံနဲ့အစပ်ဖက်ရောက်တော့မှပဲ ကုန်းထဲကို ဝင်သွားမှာပေါ့။ မူလမှန်းထားတဲ့အတိုင်း စစ်တကာင်းနားကပဲ ဝင်မှာပေါ့။ မြန်မာနိုင်ငံကိုတော့ မဖြတ်ပါဘူး။ လောလောဆယ်လည်း မုန်တိုင်းငယ် အဆင့်လောက် ပဲတွေ့တော့တယ်။ လေတိုက်နှုန်းကလည်း ၅၀ -၅၅ အများဆုံးပဲ။ မနက်ကတော့ မုန်တိုင်းငယ်ဘေးမှာ ခရုပတ်တိမ်စွယ်တန်းတစ်ခု တွေ့တယ်။အဲ့ဒီ တိမ်စွယ်တန်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းကို
ဖြတ်တယ်။ မုန်တိုင်းမဖြတ်ပေမယ့် တိမ်စွယ်တန်းက ဖြတ်တော့ မိုးရွာတာပေါ့။ မနက်ကတော့ မိုးတော်တော်ရွာတယ်။ အများဆုံးက မောင်တောပေါ့။ မောင်တောက လေထုဖိအားလည်း အကျဆုံး။ မိုးလည်း အရွာဆုံးပဲ။ ၅လက်မကျော်ကျော် ၆ လက်မလောက်ရွာတယ်။ နောက်ဆုံး သိရသလောက်ကတော့ မောင်တော အပါအဝင် ရခိုင်ပြည်နယ် ဘယ်နေရာမှာမှ ရေမတက်ဘူးပေါ့။ မုန်တိုင်းဒီရေ လုံးဝမတက်ဘူး။ မိုးရွာတယ် ။လေတိုက်သွားတယ်ပေါ့။
မေး- ဒီမုန်တိုင်းနောက်ဆက်တွဲ အန္တရာယ်ကို ကျတော်တို့နိုင်ငံမှာ ဘယ်အချိန်ကနေ ဘယ်အချိန်အထိ သတိထားဖို့လိုမလဲ။
ဖြေ- အခုက စနေပြီလေ။ သူ့ ဗဟိုချက်က ဘင်္ဂဘားဒေ့ရှ့် ကုန်းတွင်းထဲ မဝင်သေးတာပဲ ရှိတာ။ စတော့ ဖြတ်နေပြီ။ ညနေ ၆ နာရီအတွင်းမှာ ကုန်းတွင်းရောက်မယ်လို့မှန်းတယ်။ ညသန်းခေါင်လောက် ကျရင်တော့ အားပျော့ ပျက်ပြယ်မယ်လို့ မှန်းတယ်။ ဒေသခံတွေအနေနဲ့ သူ့ဧရိယာနဲ့သူ သတိထားဖို့ လိုတာပေါ့။ မနက်ပိုင်းက ရခိုင်ဆိုရင် ညနေပိုင်းဆို ချင်းပြည်နယ်။ညပိုင်းဆိုရင် စစ်ကိုင်းတိုင်းဖက် သတိထားရမယ်ပေါ့။ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေ သွားရာလမ်းကြောင်း တစ်လျှောက် သတိထားရမယ်ပေါ့။ ဒီနေ့ ညသန်းခေါင်ကနေ အလွန်ဆုံးကတော့ နောက်နေ့မနက် အထိပါပဲ။
မေး- ဒေသခံတွေအနေနဲ့ ဘယ်လို သတိထားနေရမလဲ။ ဆိုလိုတာက ကိုယ့်အိမ်မှာပဲ နေရမလား။ နေရာပြောင်းရွှေ့နေဖို့ရော လိုအပ်လား ခမျ။
ဖြေ- အဲ့ဒီလောက်အထိ မလိုပါဘူး။ လေတိုက်မှာနဲ့ မိုးရွာမှာပဲ ရှိတာပဲ။ ဒါကလည်း ဒေသခံတွေအနေနဲ့ သိပ်မထူးပါဘူး။နည်းနည်းလေး မိုးပိုများတာနဲ့ လေလေးနည်းနည်း ပိုပြင်းတာလောက်ပါပဲ။ မုန်တိုင်းအကြွင်းအကျန်
ဆိုတာက လေတိုက်နှုန်း ၃၀-၄၀ လောက်ပဲ တိုက်တာပါ။ သိပ်အထူးအဆန်းကြီး မဟုတ်ဘူး ထင်တာပဲ။
မေး- မုန်တိုင်းက တိုက်နေတုန်းဆိုတော့ ကမ်းရိုးတန်းဒေသတွေအတွက်ရော ဘာသတိထားဖို့ လိုမလဲ ဆရာ။
ဖြေ- ကမ်းရိုးတန်းနဲ့ ပင်လယ်မှာတော့ လှိုင်းနဲ့လေ သတိထားရမယ်။တိုက်နေတဲ့ မုန်တိုင်းအရှိန်နဲ့ လှိုင်းက ၁၀ပေကနေ ၁၅ပေလောက်အထိ ရှိနိုင်တယ်။ ကမ်းပေါ်ကို တော့ မုန်တိုင်းဒီရေ မတက်ပါဘူး။
မေး- မုန်တိုင်းအကြွင်းအကျန်တွေက ချင်းပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ သူ့အချိန်နဲ့သူ မိုကောင်းမယ်ဆိုတော့ မိုးရေချိန် ဘယ်လောက်ရွာ နိုင်လဲ ဆရာ။
ဖြေ- မိုးရေချိန်ကတော့ အဲ့ဒီဒေသတွေမှာ ၃လက်မကနေ ၄ လက်မလောက်အထိ ရွာနိုင်တယ်။ဒါကို သတိထားရမှာပေါ့။ ချင်းဆိုရင် ၃လက်မဆိုတာ မိုးကြီးတယ် ခေါ်တာပေါ့။ အဓိကကတော့ ချင်းပြည်နယ်နဲ့ စစ်ကိုင်း မိုးကြီးနိုင်တာကို သတိထားရမယ်။
Credit 7Day
21-5-2016

No comments:

Post a Comment