Thursday, April 21, 2016
စပါးနှင့်ငါး အောင်မြင်စွာ တွဲဖက် စိုက်ပျိုး မွေးမြူ
မအူပင် ဧပြီ ၂ဝ
စပါးနှင့်ငါးကို တွဲဖက်ကာ စီးပွားဖြစ်စိုက်ပျိုး မွေးမြူနိုင်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအနီး ရေနက်ကွင်းများ၌ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Orchard Farm ကုမ္ပဏီမှ သိရသည်။
ယင်းနေရာသည် ဧက ၄၅ဝ ခန့်ကျယ်ဝန်းပြီး အပိုင်းလေးပိုင်းခွဲကာ ဧက ၁ဝဝ ကို စပါးနှင့်ငါး တွဲဖက်စိုက်ပျိုးမွေးမြူရန် လုပ်ကွက်သတ်မှတ်ထားပြီး ၁ဝ ဧကကို ငှက်များ စားကျက်နေရာ ဘေးမဲ့သတ်မှတ်ပေးထားကြောင်း သိရသည်။
''ဒီနေရာက ရေနက်ကွင်းနေရာတွေပါ။ ဒီလုပ်ငန်းကို ၁၉၉၄ ခုနှစ်ကတည်းက စလုပ်ခဲ့တာပါ။ စပါးစိုက်ဖို့တောင် အခက်အခဲဖြစ်ခဲ့တဲ့နေရာမှာ အခုတော့နွေစပါးရော ငါးပါ တွဲဖက်စိုက်ပျိုးမွေးမြူနိုင်ခဲ့ပါပြီ။ ဧက ၁ဝဝ က မေလ ကနေ အောက်တိုဘာလ အထိ ရေပြင်က ငါးကန်လိုဖြစ်သွားပြီး ငါးမွေးကြတယ်။ အောက်တိုဘာလကုန်တော့ ကန်ထဲ ကရေကို ဖောက်ချပြီး စပါးစိုက်တယ်။ စပါးစိုက်နေချိန်မှာတောင် ငါးမွေးထားလို့ ရသေးတယ်။ စပါးက ဧပြီလမှာ ရိတ်သိမ်းပါတယ်။ ရေနက်ကွင်းမှာ စပါးနဲ့ငါး တွဲဖက်စိုက်ပျိုး မွေးမြူလို့ရတယ်ဆိုတာ တောင်သူအားလုံးကို သိစေချင်ပါတယ်'' ဟု Orchard Farm ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါရေနက်ကွင်း၌ အထွက်ကောင်း ဆင်းသုခ စပါးပျိုးပင်များကို ဓာတ်မြေသြဇာ သုံးစွဲခြင်းမပြုဘဲ သဘာဝနည်းအတိုင်း စိုက်ပျိုးထားပြီး ငါးများကိုလည်း တိုင်းရင်းငါးမျိုးစိတ်များသာ မွေးမြူထားကြောင်း သိရသည်။
''အခုအစိုးရအနေနဲ့ တောင်သူတွေနဲ့ မွေးမြူရေးသမားတွေကို အတိုးနှုန်း သက်သာစွာနဲ့ ငွေချေးပေးမယ်ဆိုရင် လုပ်ငန်းဆောင်ရွက်ရတာ ပိုအဆင်ပြေသွားမယ်''ဟု ၎င်းက ဆက်လက်ပြောသည်။
ရေနက်ကွင်းများ၌ စပါးနှင့်ငါးကို တွဲဖက် စိုက်ပျိုးမွေးမြူမည်ဆိုပါက လုပ်ငန်းအစပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီး မားသော်လည်း နောက်ပိုင်းတွင် ကုန်ကျစရိတ် သက်သာလာပြီး အောင်မြင်မှုများ ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြ၀တီ
https://www.facebook.com/mwdmedia/photos/a.280237205426758.63709.246194712164341/954650671318738/?type=3&theater
စပါးနှင့်ငါး အောင်မြင်စွာ တွဲဖက် စိုက်ပျိုး မွေးမြူ
Reviewed by timeayeyar
on
10:45 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment