Latest News

Monday, March 7, 2016

ဂေါ်ရန်ဂျီ ဘုရားတောင်ပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက ပညာရှင်များ၏ ခွင့်ပြုချက်ယူသင့်ဟုဆို

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ ဂေါ်ရန်ဂျီကျွန်း ဘုရားတောင်ပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်မည် ဆိုပါက ကျွမ်းကျင်ပညာရှင်များ၏ ခွင့်ပြုချက် ရယူပြီးမှသာ တည်ဆောက်သင့်ကြောင်း အင်ဂျင်နီယာ ပညာရှင် အချို့က သုံးသပ်ပြောကြားသည်။

ဂေါ်ရန်ဂျီ ဘုရားတောင်မှာ သက်နုကျောက် အမျိုးအစား များစွာပါဝင်ကာ သဘာဝအတိုင်း အလုံးလိုက် တည်ရှိနေခြင်း မဟုတ်ဘဲ အလွှာများဖြင့် တည်ရှိနေကြောင်း ပညာရှင်ထံမှ သိရသည်။

“ကျောက်အမျိုးအစားကတော့ ဓာတ်ခွဲမကြည့်ရသေးလို့ မသိနိုင်ဘူး။ ကျောက်အနေနဲ့ ခွဲခြားရင် အလွှာလိုက် တည်ရှိနေတာ ဖြစ်တယ်။ ဒါကြောင့် ကျောက်ပုံထဲကနေ ကျောက်တစ်ခု ဆွဲထုတ်တာပဲဖြစ်ဖြစ် ကျောက်ပုံပေါ်ကို ဖိအားပေးတာပဲဖြစ်ဖြစ် ကျောက်တစ်ခုကို ရိုက်ထည့် လိုက်တာပဲဖြစ်ဖြစ် ပြောင်းလဲသွားနိုင်တယ်။ တည်ဆောက်မယ်ဆိုရင် သေချာစနစ်တကျ တည်ဆောက်သင့်တယ်။ ဒီဒေသက လူတွေသိမှာပါ။ အရင်ကဒီပုံစံ မဟုတ်ဘူးဆိုတာကို သဘာဝအတိုင်း ပြောင်းလဲလာတာပါ။ ဒါကြောင့် သဘာဝအတိုင်း ပြောင်းလဲပါစေ။ လူတွေက အင်အားနဲ့ အပြောင်းအလဲ မဖြစ်စေချင်ပါဘူး” ဟု T.O.P Engineering Consultants International မှ တာဝန်ခံ အင်ဂျင်နီယာ ဦးသက်ပိုင်ဦးက ပြောကြားသည်။

အဆိုပါ ဂေါ်ရန်ဂျီ ဘုရားတောင်ပေါ်တွင် အလှူရှင် အချို့မှ နဂါးရုံစေတီ လာရောက်လှူဒါန်း တည်ဆောက်နေကြောင်းနှင့် အခြား အဆောက်အအုံများ တည်ဆောက်မည်ဆိုပါက သဘာဝ အခြေအနေများ ပျက်စီးသွားမည်ကို စိုးရိမ်လျက်ရှိနေကြောင်း ဒေသခံများမှ သိရသည်။

“ကျွန်တော်တို့ ဒေသမှာ ဒီလိုပဲလှတဲ့ အခြားကျွန်း ကျောက်ဆောင်တွေ ရှိခဲ့တယ်။ ဥပမာ ပြောရရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်က မိကျောင်းခေါင်း ကျောက်ဆောင်ဆိုတာ ရှိတယ်။ တကယ့်ကို မိကျောင်းခေါင်းကြီးလို ဖြစ်နေတာ။ အဲဒီပေါ်မှာ ကြက်ရုပ်ကြီး တင်လိုက်တာမှ ပြိုကျသွားပြီး အလှပျက်သွားတာ ရှိခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ပညာရှင်တွေဆီက ကြားမိထားတာရှိတဲ့အတွက် ဒီနေရာမှာ အတိုင်းအတာမရှိ ဆောက်လုပ်ရင်း ပြောင်းလဲသွားမှာ စိုးရိမ်နေမိပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သည့် ဦးသန်းတင်က ပြောကြားသည်။

လက်ရှိအခြေအနေတွင် ဂေါ်ရန်ဂျီ ဘုရားတောင်ပေါ်တွင် အလှူရှင်များမှ နဂါးရုံဘုရားကိုးဆူ လာရောက်လှူဒါန်း တည်ဆောက်နေသည်မှာ နှစ်ဆူခန်း စတင်တည်နေပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ပညာရှင်များ၏ အကြံပြုချက်များကို မသိရှိ၍ လက်ခံတည်နေခြင်း ဖြစ်ကြောင်း၊ ယခုအခါတွင် တည်ဆောက်နေသည့် စေတီများနှင့် ဆက်လက် တည်ဆောက်မည့် စေတီအလှူရှင်များကို အကျိုးအကြောင်းပြော၍ တားမြစ်ကာ ပညာရှင်များနှင့် တိုင်ပင်ပြီးမှသာ ဆက်လက်တည်ဆောက် ခွင့်ပြုတော့မည်ဟု ဂေါ်ရန်ဂျီ ဘုရားဂေါပက လူကြီး ဦးရွှေဒိုင်လင်းက ပြောကြားသည်။

Writer: နီလာစိုး (ပုသိမ်)
Eleven Media Group

No comments:

Post a Comment