Latest News

Wednesday, June 12, 2013

Ko Yar Zar – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၄)



ဦးဝင်းတင်နဲ့နေထိုင်ခြင်း (၄)
ကိုရာဇာ၊ ဇွန် ၁၃၊ ၂၀၁၃
ဦးဝင်းတင်နဲ့  နံရံကပ်ခေါင်းဆောင်မှု
“ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ …” ဆိုတဲ့ ဗမာစကားပုံတခု ရှိတယ်။ ကဗျာဆရာ မောင်ချောနွယ်ကတော့ “ကြွေတာကိုက ပွင့်ခြင်းတစ်မျိုး” လို့ရေးဖူးတယ်။ အဟောင်းအဟောင်းတွေနေရာမှာ အကြောင်းအကြောင်းတွေနဲ့သစ်ပစ်ရစမြဲလို့ဆိုချင်တယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေချိန်မှာ အဘဦးဝင်းတင်ဆေးရုံတက်တော့ အစောင့်ကထုံးစံအတိုင်း ကျနော်။ ဧည့်လာချိန်ရှုပ်တယ်ဆိုပေမယ့် နှစ်ယောက်ထဲနေရချိန်က ပိုကို ပိုပါတယ်။ စကားစပ်ရင်း ဟိုအကြောင်းရောက် ဒီအကြောင်းဆိုက် ပေါ့။
သူ အသက်ကြီးပြီ ဆိုတဲ့အကြောင်း မကြာခဏလည်း ပြောသဗျ။ ကျနော့်အသက် မေးလို့လည်း ပြောရသေး။ အဲ့ဒီမှာတင် အဘက ကျနော်တို့ ဘယ်လိုမှမသိနိုင်တဲ့ လူငယ်မွေးမြူရေးကိစ္စတစ်ခု ပြောတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အထိ တာဝန်ယူဖူးတဲ့နိုင်ငံရေးသမားလူကြီးတစ်ယောက် မွေးနည်းမမှန်လို့ လူငယ်တွေပျက်ရတယ် ဆိုတဲ့ အကြောင်းပြောပြတယ်။ (ဒါကိုတော့ နောင်အလျဉ်းသင့်တော့ ရေးသေးတာပေါ့ဗျာ)
အဘဦးဝင်းတင်က သူ့ကိုယ်သူ သတင်းစာဆရာပဲ ပြောတယ်။ နိုင်ငံရေးသမားလို့ မပြော ဘူး။ ဒါပေမယ့် သူ့အမြင်ကို ပြောတာတော့ လူငယ်တွေကို ပျိုးထောင်ပေးသင့်တယ်။ ပြီး … ဒီလူငယ်တွေကို နေရာပေးရလိမ့်မယ်။ လူငယ်တွေဖက်ကလည်းက ခုခေတ်စားနေတဲ့ “ကက်ပစတီ”လည်း ဖြည့်ပေါ့။ စိတ်နေ စိတ်ထားလည်း ဘုရားအလောင်း သူတော်ကောင်းစိတ် ပြောင်းကြပေါ့လေ။ ဒီတင် သူ့စိုးရိမ်မှုကို ပြောတယ်။
ပါတီမှာ အလယ်တန်းခေါင်းဆောင်မရှိမှု၊ လူငယ်တွေနည်းပါးမှု (လူငယ်ဆိုတာ အသက်သတ်မှတ် ချက်အရ ဆယ့်ရှစ်ကနေ သုံးဆယ့်ငါးတ၀ိုက်ကို ပြောတာပါ) … အစရှိတာတွေကို ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာ စဉ်းစားတယ်ဗျ။
သူ့ဖက်ကတော့ လူငယ်နေရာပေး သူဖယ်မယ်ဆိုတာ မျိုးပေါ့ဗျာ။ အဘအယူအဆအရ ကုလားထိုင်ဖက် သေရင် … လူတင်သေတာ မဟုတ်ဘူး။ ကုလားထိုင်ပါ ရောသေမယ်။ ဆိုလိုတာက သူ သတ်မှတ်ချက်တစ်ခု အထိလုပ်မယ် … ပြီးရင် တွေးမယ်၊ ငေးမယ်၊ ရေးမယ်၊ ဖတ်မယ်၊ ခရီးတွေလျှောက်သွားမယ် … ဆိုတာမျိုးကိုး။ ခုတော့ … ဒီဟာမဖြစ်လာတော့ဘူး၊ ထင်တယ်။ အဘအသက်လည်း ရှစ်ဆယ့်လေးဖြစ်နေပြီ။
အာရှတော်ဝင်ဆေးရုံမှာ တော်ဝင်စိတ်ထားနှလုံးသားနဲ့ အဖိုးအိုဟာ ပြောရှာတယ်။
“ငါ့ကောင် … နိုင်ငံရေးမှာ ဘယ်တော့မှ တပည့်မမွေးလေနဲ့ကွာ၊ လူတွေကို ပျိုးသာပျိုးထောင်ပေး၊ စိတ်သဘောထား အပြည့်နဲ့သာ လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ပေးပါ။ ဒီနေရာမှာလည်း အများတွက် လုပ်ပါ။ ကိုယ့်သြဇာထူထောင်ဖို့ စိတ်မကူးနဲ့။ မင်း ရူးပါ ရူးသွားလိမ့်မယ်။ ပါတီမှာ ငါ့တပည့်တစ်ယောက်ပဲ ရှိတယ်။ အဲ့ဒါကလည်း နိုင်ငံရေးတပည့်မဟုတ်ဘူး။ နှစ်ပေါင်းများစွာက သတင်းစာတပည့်။ ဒီတပည့်ကို ငါနေရာလည်း မပေးဘူး။ သူ့အတွက်လည်း ဘာမှမလုပ်ပေးဘူး။ သူ့အရည်ချင်းရှိ သူဖြစ်မှာပဲ” … တဲ့။
           နောက် … ခေါင်းဆောင်မှုကိုပြောတယ်။
“အနောက်နိုင်ငံတွေမှာကွာ … နှင်းစိမ့်မှာစိုးလို့ နံရံတွေမှာ wall paper တွေ ကပ်ရတယ်ကွ။ အဆင်ပြေတာပေါ့ကွာ။ ဒါပေမယ့် အဲ့ဒါကြီးဘယ်လိုလုပ်မလဲ။ အစားထိုးလည်းမဖြစ်၊ ဖြဲပစ်လို့လည်း မကောင်း။ အဲ့ဒီလို ခေါင်းဆောင်မကောင်းတော့ ငါဘယ်တော့မှ မဖြစ်ချင်ဘူးကွာ၊ စားပွဲတင်ဓာတ်ပုံ ခေါင်းဆောင်မျိုးပဲ လုပ်ချင်တယ်။ လိုအပ်သုံး မလိုအပ်လည်း အမှိုက်ပုံးထဲထည့်။ ပစ်။ လမ်းသွားရင်လည်း ယူသွားလို့ရတဲ့ ဟာမျိုးပဲဖြစ်ချင်တယ်။ လူတွေ စိတ်မသက်မသာဖြစ်နေတဲ့ ခေါင်းဆောင်မှုမျိုးကိုတော့ ငါ တစ်သက်လုံး မလုပ်ဘူး” …တဲ့။
တကမ္ဘာလုံးလူငယ်တွေ တအုံးအုံးခေါင်းဆောင်ဖြစ်နေချိန်မှာ အဖွဲ့ချုပ်က အမှည့်တ၀င်း ၀င်း ဆိုတဲ့ … အယူအဆနဲ့လုပ်နေတာကို အဘ သဘောမကျလေသလား။ ဒါမှမဟုတ် လူငယ်သွေးသစ်တွေ နည်းနေတာကိုပဲ အားမလိုအားမရဖြစ်နေသလား ဆိုတာတော့ အဘကို မေးမကြည့်တော့ပါဘူး။
ဒါပေမယ့် ဆေးလိပ်တိုရင်၊ နေညိုလာရင်၊ အိမ်ပြန်ပို့ပေးဖို့ကိုတော့ အဘက ကျနော်အပါအ၀င်အားလုံးကို တောင်းဆိုထားပါတယ်။ အခုလည်း သူအိမ်ပြန်ဖို့ ပြင်နေပါတယ်။ ခရီးခြေလှမ်းတောင် စနေပြီလို့ပြောလို့ရပါတယ်။ WALL PAPER LEADERSHIP ဆိုတာက ဦးဝင်းတင်အတွက် မဟုတ်ပါဘူး။
(ဇွန် ၁၁၊ ၂၀၁၃ နေ့မနက်က၊ တော်ဝင်နှင်းဆီမှာ ဗွီအိုအေကိုကျော်ကျော်သိန်းက ကျနော်စာရေးနေတာကို စပါတယ်။ သူစကားလုံးရှာမရတော့ သူ့စကားက ဟာသ မမြောက်ဖြစ်နေတာပေါ့။ တကယ်တမ်းတော့ ကျနော် “ဆင်ပြာတော်”မှီပြီး ကြံစုပ်နေတာဖြစ်ပါတယ်)

(Photo – ဆရာကြီးသခင်ကိုယ်တော်မှိုင်း၁၃၇နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်မှာစကားပြောနေတဲ့ဘဘဦးဝင်းတင်)

No comments:

Post a Comment