(၇၃)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး
မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့တွင် မကွေးခရိုင် နတ်မောက်မြို့ တောင်ရွာကြီး၌ မွေးဖွားသည်။ အဖ ရှေ့နေ ဦးဖာ၊ မိခင် ဒေါ်စုဖြစ်သည်။ မွေးချင်း ကိုးယောက်တွင် အငယ်ဆုံးဖြစ်ပြီး ဇာတာအမည် ထိန်လင်းဖြစ်သည်။ အစ်ကိုဖြစ်သူ အောင်သန်း အမည်လိုက်ကာ “အောင်ဆန်း”ဟု တွင်သည်။ မိခင်ဘက်က အဘိုးမှာ မြို့လုလင်သူကြီး ဦးမင်းရောင်ဖြစ်သည်။ ပါတော်မူစဉ်က နတ်မောက်မြို့လုလင်မှ “ရွှေလရောင်”အမည်ဖြင့် ဗြိတိသျှနယ်ချဲ့တို့ကို ခုခံခဲ့သူ မျိုးချစ်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
အသက် ၈ နှစ်တွင် နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတိုက် ဘကြီးဘုန်းကြီး ဦးသောဘိတ၏ မြန်မာစာသင်ကျောင်း၌ စတင်ပညာသင်ယူသည်။ ၁၃ နှစ်တွင် အစ်ကိုကြီး ဦးဘဝင်း (အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း)ရှိရာ ရေနံချောင်း မြို့ အမျိုးသားကျောင်းသို့ ပြောင်းရွှေ့ပညာသင်သည်။ ၁၉၃၀ ပြည့်နှစ် အစိုးရစစ် သတ္တမတန်းစာမေးပွဲတွင် တစ်နိုင်ငံလုံး နဝမ၊ ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမရသည်။ ဦးရွှေခိုဆု ချီးမြှင့်ခံရသည်။ အစိုးရ စကောလားရှစ် ပညာသင်ဆု တစ်လ ၁၀ ကျပ် သုံးနှစ်ဆက်တိုက်ရသည်။ ၁၉၃၂ခုနှစ် ဆယ်တန်းစာမေးပွဲတွင် မြန်မာစာ၊ ပါဠိ ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်သည်။
၁၉၃၂-၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပညာဆက်လက်သင်ယူသည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရသည်။ ၁၉၃၇-၃၈ ခုနှစ်တွင် ဥပဒေပညာဆက်လက် ဆည်းပူးသည်။ တက္ကသိုလ်ပညာသင်ယူနေစဉ် ၁၉၃၅-၃၆ ခုနှစ်တွင် တကသ အမှုဆောင်၊ ပြန်ကြားရေးတာဝန်ခံ၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ၁၉၃၆-၃၇ ခုနှစ်တွင် တကသဒုတိယဥက္ကဋ္ဌ၊ ပဲခူးဆောင် သဟာယနှင့်စာဖတ်အသင်း ဥက္ကဋ္ဌ၊ ၁၉၃၇-၃၈ ခုနှစ်တွင် တကသ အရန်အလုပ်အမှုဆောင်၊ ဗကသ ဥက္ကဋ္ဌ၊ ၁၉၃၈ ခုနှစ် နိုဝင်ဘာလအထိ တကသဥက္ကဋ္ဌနှင့် ဗကသ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင် ခဲ့သည်။
“ပဲခူးကဝေ” အမည်ဖြင့် ဘာသာပြန်ဆုရခဲ့
ရန်ကုန်တက္ကသိုလ် ဥပစာတန်း ပညာသင်နေစဉ် ၁၉၃၃ ခုနှစ် ဂန္ထလောက မဂ္ဂဇင်း ဘာသာပြန်ပြိုင်ပွဲ အမှတ် ၄၁ တွင် “ပဲခူးကဝေ” အမည်ဖြင့် ဘာသာပြန် ဆု ရခဲ့သည်။ မူရင်းစာမှာ လန်ဒန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ ပညာရှင် ဟရိုဂျေလက် စကီ၏ စာဖြစ်သည်။ ၁၉၃၅ ခုနှစ် မေလနှင့် ဇူလိုင်လ ဂန္ထလောကမဂ္ဂဇင်း အင်္ဂလိပ်စာကဏ္ဍတွင် အမည်ရင်းဖြင့် ကျောင်းများ၌ တူညီဝတ်စုံ ဝတ်သင့်ကြောင်း ဆောင်းပါးရေးသားသည်။ ပန်းတနော်ဦးသန့်၏ ဂန္ထလောကမဂ္ဂဇင်း အင်္ဂလိပ်စာကဏ္ဍပါ“ကျောင်းများတွင် ကျောင်းသားများ လွတ်လပ်စွာ ဝတ်စားဆင်ယင်သင့်ကြောင်း” ဆောင်းပါးကို ပြန်လည်ဝေဖန်ခြင်း ဖြစ်သည်။ သူရိယမဂ္ဂဇင်းတွင်လည်း“အညာသားလေး” အမည်ဖြင့် “မင်းကြီး ဦးမင်းရောင်” ဆောင်းပါးရေးသားခဲ့သည်။
၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်နေစဉ် မဂ္ဂဇင်းပါ "Hell Hound at Large" (ငရဲခွေးကြီး လွတ်နေပြီ) ပေးစာရေးသူ အမည်ကို ထုတ်ဖော်ပြောရန် ငြင်းဆန်သဖြင့် ကျောင်းထုတ်ခံရသည်။ သမဂ္ဂ ဥက္ကဋ္ဌ ကိုနုနှင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း ကျောင်းထုတ်ခံရသည့်အတွက် ၁၉၃၆ ကျောင်းသားသပိတ်ပေါ်ပေါက်လာသည်။ သပိတ်တွင် သပိတ်မှောက် ကျောင်းသားများကောင်စီ ပြန်ကြားရေးတာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ သပိတ်မှောက်ပြီး ၁၉၃၆ ခုနှစ် မေလ ၈ ရက်တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ဗကသ တည်ထောင်ရာ တည်ထောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
၁၉၃၇ ခုနှစ် မေလ ၉ ရက်မှ ၁၀ ရက်အထိ မန္တလေးမြို့ ဗဟိုအမျိုး သားအထက်တန်းကျောင်း၌ ဒုတိယအကြိမ် ဗကသညီလာခံ ကျင်းပရာ သဘာပတိအဖြစ် ဆောင်ရွက်သည်။ အိန္ဒိယ ကွန်ဂရက်ပါတီခေါင်းဆောင် ဂျဝါဟာလာနေရူးနှင့် သမီးအင်ဒီရာတို့ ညီလာခံတက်ရောက်ကြသည်။ ညီလာခံ က ဗကသ ဥက္ကဋ္ဌတာဝန်နှင့် တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီဆော်သြ သူအဖြစ် ခန့်အပ်ခဲ့သည်။ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဝတ်လုံတော်ရ ဦးကျော်မြင့်၊ အဖွဲ့ဝင်အဖြစ် အမ်အေ ရာရှစ်၊ သခင် သိန်းမောင်၊ နယူးဘားမား ဦးတင်မောင် တို့ ပါဝင်သည်။“ဆော်သြသူ အောင်ဆန်း”အမည်နှင့်“တက္ကသိုလ် ကျောင်းသား များ သမဂ္ဂအသင်းမှ ခန့်အပ်ထားသော တက္ကသိုလ်ပြင်ဆင်ရေးကော်မတီ၏ မှတ်တမ်း” Memorandum on the Report of the University Act Enquiry Committee ကို အင်္ဂလိပ် − မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။
သခင်အမည်ခံယူ
၁၉၃၇−၃၈ ခုနှစ် ဥပဒေတန်းတက်စဉ် နယူးဘားမား အင်္ဂလိပ် သတင်းစာ၌ အချိန်ပိုင်း အယ်ဒီတာအဖြစ် သတင်းစာခေါင်းကြီးများ ရေးသား သည်။ ၁၉၃၈ ခုနှစ် နွေရာသီကျောင်းပိတ်ရက် ဧပြီ ၂၄ နှင့် ၂၅ ရက်တို့တွင် ပုသိမ်မြို့၌ ကျင်းပသော တတိယအကြိမ် ဗကသ ညီလာခံကို တက်ရောက်သည်။ သြဂုတ်လ ပထမနှစ်ဝက် ကျောင်းပိတ်ရက်တွင် ဥပဒေတန်းကို စွန့်၍ ရန်ကုန် တက္ကသိုလ်မှ ထွက်ခဲ့သည်။ စက်တင်ဘာလတွင် “တိုင်းပြည်အကျိုး ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်ရန် တက္ကသိုလ်မှ ထွက်ခဲ့ကြောင်း” သတင်းစာ များ၌ ကြေညာခဲ့သည်။ အောက်တိုဘာလတွင် ကိုနုနှင့်အတူ တို့ဗမာအစည်း အရုံးဝင်၍ သခင်အမည်ခံယူသည်။ သခင်ကိုယ်တော်မှိုင်း၏ အမိန့်ဖြင့် တို့ဗမာအစည်းအရုံး ဌာနချုပ်အလုပ်အမှုဆောင်၊ ဝါဒဖြန့်ချိရေးတာဝန်ခံ ဖြစ်လာသည်။
၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် တကသနှင့် ဗကသ ဥက္ကဋ္ဌရာထူး နှစ်ရပ်ကို စွန့်လွှတ်သည်။ နိုဝင်ဘာ ၂၆ ရက်တွင် တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံရသည်။ ၁၉၃၉ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ရွှေတိဂုံအလယ်ပစ္စယာ၌ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားအစည်းအရုံးဖွဲ့စည်းခဲ့ရာ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၉ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် တို့ဗမာအစည်းအရုံး ဌာနချုပ် အလုပ်အမှုဆောင်များနှင့်အတူ အရေးပေါ်လုံခြုံရေးဥပဒေအရ သီတင်း နှစ်ပတ် ဖမ်းဆီးခံရသည်။ ၁၉၃၉ ခုနှစ် ဧပြီလ ၇ ရက်မှ ၁၀ ရက်အထိ မော်လမြိုင်တွင် ကျင်းပသော စတုတ္ထအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ အစည်းအရုံးညီလာခံတွင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။ ညီလာခံက ဌာနချုပ် အလုပ်အမှုဆောင်၊ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်သည်။ မှတ်တမ်းတင်သူ သခင်အောင်ဆန်း အမည်ဖြင့် “မော်လမြိုင် ညီလာခံသဘင်မှတ်တမ်း”ကို တို့ဗမာအစည်းအရုံးက ထုတ်ဝေ သည်။
ညီလာခံအပြီး ဇွန်လတွင် ဌာနချုပ်အလုပ်အမှု ဆောင်များနှင့် ညှိနှိုင်း၍ “တို့ဗမာဝါဒနှင့် စည်းမျဉ်း”ကို ပြန်လည်ရေးဆွဲသည်။ ဇူလိုင်လတွင် တို့ဗမာအစည်းအရုံး နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံအဖြစ် ပူးတွဲဆောင် ရွက်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်ဖွဲ့စည်း
၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်မြို့ မြေနီကုန်း မြေနုလမ်း အမှတ် ၁၄ ကိုဗဟိန်းနေအိမ်၌ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ကိုဗဟိန်း၊ ရဲဘော်နတ်(ဂ်)၊ သခင်စိုးတို့နှင့်အတူ “ဗမာပြည်ကွန်မြူနစ်ပါတီ”ကို လျှို့ဝှက်ဖွဲ့စည်းပြီး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ဗမာ့ထွက်ရပ်ဂိုဏ်း အထွေထွေအတွင်းရေးမှူး၊ နိုဝင်ဘာ ၁၈ ရက်တွင် မြေအောက်တော်လှန်ရေးအဖွဲ့ (နောင်ပြည်သူ့အရေးတော်ပုံပါတီ)၏ နိုင်ငံခြား ဆက်သွယ်ရေး တာဝန်ခံအဖြစ် ဆောင်ရွက်သည်။
၁၉၄၀ ပြည့်နှစ် မတ်လ ၁၂ ရက်တွင် အိန္ဒိယ ကွန်ဂရက်ပါတီ၏ ဖိတ်ကြားချက်အရ သခင်တင်မောင် (ပန်းတနော်)၊ သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင် အုန်းဖေ (ဝါးခယ်မ)၊ သခင်အုန်းမြင့်တို့ ပါဝင်သော တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ အိန္ဒိယနိုင်ငံ ရမ်းဂါးညီလာခံ တက်ရောက်ခဲ့သည်။ ညီလာခံအပြီး ပြည်နယ်အချို့ကို လေ့လာရေးခရီး ဆက်ထွက်၍ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။ မေလ ၁ ရက်တွင် ရန်ကုန် ပြန်ရောက်သည်။
ပထမဆုံး ရွေးချယ်တင်မြှောက်ခံရ
၁၉၄၀ ပြည့်နှစ် မေလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် သာယာဝတီမြို့၌ ကျင်းပသော ပဉ္စမအကြိမ် ဗမာနိုင်ငံလုံး ဆိုင်ရာ တို့ဗမာအစည်းအရုံးညီလာခံ၌ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သည်။ ညီလာခံက ဌာနချုပ်အမှုဆောင် အထွေထွေအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ပေး အပ်သည်။ ဇွန်လ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ် အုပ်ချုပ် ရေးအဖွဲ့၌ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ကိုယ်စားလှယ်အဖြစ် ပထမဆုံး ရွေးချယ်တင်မြှောက်ခံရ သည်။ ဇွန်လ ၁၅ ရက်တွင် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ ဝင်အဖြစ် တက္ကသိုလ်သမဂ္ဂခန်းမ၌ မိန့်ခွန်းပြောသည်။
၁၉၄၀ ပြည့်နှစ် ဇွန်လ ၂၉ ရက်တွင် ဟင်္သာတစီရင်စု ရာဇဝတ်ဝန်ဇေဗီးယား (D.W Harrison Xavier) က သခင်အောင်ဆန်းအား ဟင်္သာတစီရင်စု ဇလွန်မြို့နယ် ဒေါင့်ကြီးရွာ ဇွန်လ ၁ ရက် ညတရားပွဲ၌ အစိုးရကို အကြည်ညိုပျက်ရန် ဟောပြောမှုအတွက် ရာဇသတ်ပုဒ်မ ၁၂၄(က)အရ ဆုငွေ ငါးကျပ် ဝရမ်းထုတ်ခဲ့သည်။ အဖမ်းမခံဘဲ တိမ်းရှောင်နေစဉ် တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ နိုင်ငံခြား အကူအညီရှာရန် သခင်လှမြိုင်(ဗိုလ်ရန်အောင်)နှင့်အတူ သြဂုတ်လ ၈ ရက်တွင် ရန်ကုန်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ အမွိုင်သို့ နော်ဝေပိုင် ဟိုင်လီသင်္ဘောဖြင့် လျှို့ဝှက်ထွက်ခွာ ခဲ့သည်။ သြဂုတ်လ ၁၄ ရက်တွင် အမွိုင်သို့ရောက်သည်။ အမွိုင်တွင် တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ် မရဘဲ သောင်တင်နေသည်။ ထိုစဉ် တို့ဗမာအစည်းအရုံးနှင့် ဗမာ့ထွက်ရပ်ဂိုဏ်း အလုပ်အမှုဆောင် ဒေါက်တာ သိန်းမောင်၏ ကြိုးပမ်းမှုဖြင့် တိုင်ပေ ဂျပန် စစ်ဌာနချုပ်နှင့် အဆက်အသွယ်ရသည်။ နိုဝင်ဘာလ ၁၂ ရက်တွင် ဂျပန် နိုင်ငံ တိုကျိုမြို့သို့ရောက်သည်။ ဂျပန် စစ်အာဏာပိုင်များထံ “လွတ်လပ်သော မြန်မာပြည် ပြန်လည်ထူထောင် ရေးစီမံကိန်း” ကို ရေးဆွဲတင်ပြသည်။
စစ်ပညာသင်ကြားခဲ့
၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် မြန်မာ နိုင်ငံကို ရေကြောင်းမှ လျှို့ဝှက်ပြန်လာသည်။ မတ်လ ၃ ရက်တွင် ပုသိမ်မှတစ်ဆင့် ရန်ကုန်ရောက်သည်။ မြေအောက် တော်လှန်ရေးအဖွဲ့ခေါင်းဆောင် သခင်မြ၊ သခင်ချစ်တို့နှင့် ဆွေးနွေးပြီး ရဲဘော်သုံးကျိပ် ပထမအသုတ်အဖြစ် ကျောင်းသားခေါင်းဆောင် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ တို့ဗမာအစည်းအရုံးမှ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်အေးမောင်(ဗိုလ်မိုး)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်)တို့နှင့်အတူ မတ်လ ၁၁ ရက်တွင် ရေကြောင်းမှ ဂျပန်နိုင်ငံ သို့ လျှို့ဝှက်ထွက်ခွာခဲ့သည်။ တို့ဗမာအစည်းအရုံးနှစ်ခုမှ လူငယ် ၂၇ ဦးတို့ကို ဦးဆောင်၍ ဟိုင်နန်ကျွန်း “စန်ယ” စစ်ပညာသင်ကျောင်းတွင် ဧပြီလ ၂၅ ရက်မှစတင်၍ စစ်ပညာသင်ကြားခဲ့သည်။ အောက်တိုဘာလ ၅ ရက်တွင် ထိုင်ဝမ်ကျွန်း တာမာဆာတိုမြို့ သင်တန်းကျောင်းသို့ ပြောင်းရွှေ့သင်ယူသည်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ မီနာမီကီကန် (Minami Kikan) အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးဆူဇူကီး (ဗိုလ်မိုးကြိုး)၏ အကူအညီဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဦးဆောင်ဖွဲ့စည်းသည်။ မြန်မာနိုင်ငံအတွင်းသို့ ချီတက် ရန် စစ်ကြောင်းများ သတ်မှတ်တာဝန်ပေးသည်။ ဒီဇင်ဘာ လ ၃၁ ရက်တွင် ဗန်ကောက်မြို့ ဘော်နီယိုကုမ္ပဏီဝင်း အတွင်း၌ စစ်ရေးပြအခမ်းအနား ကျင်းပပြီး ဗိုလ်မှူးကြီး ဆူဇူကီးနှင့်အတူ မိန့်ခွန်းပြောခဲ့သည်။
၁၉၄၂ ခုနှစ် ဇန်နဝါရီလတွင် ဂျပန်တပ်မတော်နှင့် အတူ ဘီအိုင်အေသည် စစ်ကြောင်းသုံးကြောင်းဖြန့်လျက် မြန်မာနိုင်ငံအတွင်းသို့ ချီတက်ခဲ့သည်။ ဘီအိုင်အေ ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်းတွင် စစ်ဦးစီးမှူးအဖြစ် တာဝန်ယူခဲ့သည်။ သြဂုတ်လ ၁ ရက်တွင် ဘီအိုင်အေကို ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)အဖြစ် ပြောင်းလဲ ပြီး ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေ စစ်သေနာပတိချုပ် ဖြစ်လာသည်။
၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်တွင် မြောင်းမြမြို့ ဦးဘိုးညှင်း၊ ဒေါ်ဘွားစုတို့၏သမီး သူနာပြုဆရာမ မခင်ကြည်နှင့် စစ်ဆေးရုံ(ရန်ကုန်စစ်ရုံးချုပ်)၌ လက်ထပ် သည်။ သား အောင်ဆန်းဦး၊ (အောင်ဆန်းလင်း)နှင့် သမီး အောင်ဆန်းစုကြည် (ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်) တို့ ထွန်းကားသည်။
ဂျပန်ဘုရင်၏ တက်နေဝန်းတံဆိပ် ချီးမြှင့်ခံရ
၁၉၄၃ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူးဖြင့် ဘီဒီအေ စစ်သေနာပတိ၊ ၁၉၄၃ ခုနှစ် မတ်လ ၈ ရက်တွင် ဗမာ့ လွတ်လပ်ရေးစီစဉ်မှုကော်မရှင် အဖွဲ့ဝင်၊ ၁၉၄၃−၄၅ ခုနှစ် တွင် လွတ်လပ်သော ဗမာနိုင်ငံအစိုးရအဖွဲ့ ကာကွယ်ရေး ဝန်ကြီး၊ စစ်သေနာပတိ တာဝန်ယူခဲ့သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်သည်။ ဂျပန်ဘုရင်၏ တက်နေဝန်းတံဆိပ်(Order of the Rising Sun) ချီးမြှင့်ခံရ သည်။ ၁၉၄၄ ခုနှစ် စက်တင်ဘာလ ၄ ရက်တွင် ဂျပန် ဘုရင်၏ ပထမဆင့် ဆုတံဆိပ်(Order of the Sacred Treasure First Class) ထပ်မံ ချီးမြှင့်ခံရသည်။
၁၉၄၄ ခုနှစ် သြဂုတ်လ ၄ ရက်မှ ၇ ရက်အထိ ပဲခူးမြို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော၏ ဘီဒီအေ စံပြ တပ်ရင်းတွင် မြေအောက်ကွန်မြူနစ်ပါတီမှ သခင်စိုး၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းတို့နှင့် လျှို့ဝှက်တွေ့ဆုံ၍ ဖက်ဆစ်တော်လှန်ရေးကိစ္စများ ဆွေးနွေးသည်။ ဆွေးနွေးပွဲမှ ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ် ဖွဲ့စည်းရေးနှင့် “နယ်ချဲ့ဖက်ဆစ်ဓားပြ ဂျပန် လူရိုင်းများကို မောင်းထုတ်”ဟူသော ကြေညာစာတမ်း အမှတ် ၁ ကို လက်ခံအတည်ပြုခဲ့သည်။ သြဂုတ်လ ၂၃ ရက်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်နေအိမ်၌ ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးပြီး ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ် (ဖတဖ) Anti-Fascist Organization(AFO)ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၁ ရက်မှ ၃ ရက်အထိ ဗိုလ်ချုပ်နေအိမ်တွင် ဖတဖ ခေါင်းဆောင်များ ထပ်မံတွေ့ဆုံပြီး ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ်ကို ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ)အမည်သို့ ပြင်ဆင်၍ ဖတပလ၏ ဗဟိုစစ်ကောင်စီ စစ်ရေးခေါင်းဆောင်အဖြစ် ဆောင်ရွက်သည်။ ဖက်ဆစ် တော်လှန်ရေးအတွက် စစ်တိုင်းကြီးများ၊ စစ်နယ်မြေများနှင့် ဦးစီးခေါင်းဆောင်များ သတ်မှတ်သည်။ ဖက်ဆစ်တော် လှန်ရေးကို ဧပြီလ ၂ ရက်တွင် စတင်ရန် ဆုံးဖြတ်ခဲ့သည်။
၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် တစ်နိုင်ငံလုံး ဖက်ဆစ်တော်လှန်ရေး စတင်သည်။ ဗိုလ်ချုပ်သည် သရက် မြို့ အနောက်ဘက် သရက်ချောင်းရွာ ရှေ့တန်းစစ်ဦးစီးချုပ် ရုံးက ဦးဆောင်သည်။ ဖက်ဆစ်တော်လှန်ရေးအပြီး သြဂုတ်လ ၁၉ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကြီး နေသူရိန်ကဇာတ်ရုံ၌ ဖတပလက ကြီးမှူး၍ လူထု အစည်း အဝေး (နေသူရိန်ညီလာခံ) ကျင်းပသည်။ ညီလာခံက ဖတပလ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည်။
ကန္ဒီသဘောတူညီချက်စာချုပ်ကို ဦးဆောင်လက်မှတ်ရေးထိုးခဲ့
၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ ဗမာ့မျိုးချစ်တပ်မတော်ကို အမြဲတမ်းတပ်မတော် ဖွဲ့စည်းရေးအတွက် အရှေ့တောင်အာရှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လော့မောင့်ဘက်တန်နှင့် “ကန္ဒီသဘောတူ ညီချက်စာချုပ်”ကို ဦးဆောင်လက်မှတ်ရေးထိုးခဲ့သည်။ အောက်တိုဘာလ ၂၇ ရက်တွင် အသစ်ဖွဲ့စည်းသော ဗမာ့ တပ်မတော်၌ ဗိုလ်မှူးချုပ်အဆင့်ဖြင့် လက်ထောက် စစ်ဆေးရေးအရာရှိချုပ် ရာထူးကို မောင့်ဘက်တန်က ကမ်းလှမ်းရာ ငြင်းပယ်ခဲ့သည်။
ဖတပလ ဦးစီးအဖွဲ့ဝင်များ၏ ဆန္ဒအရ တပ်မှထွက် ပြီး မြန်မာ့လွတ်လပ်ရေးအတွက် ဖတပလ ဥက္ကဋ္ဌတာဝန် ကို ဆက်လက်ထမ်းဆောင်သည်။ ဒီဇင်ဘာလ ၁ ရက်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဦးဆောင်ဖွဲ့စည်း၍ ဥက္ကဋ္ဌ၊ စစ်သေနာပတိတာဝန်ယူခဲ့သည်။ ဒီဇင်ဘာလ ၂၆ ရက်တွင် ဖတပလကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) Anti Fascist and People's Freedom League (AFPFL) အမည် ပြင်ဆင် ခဲ့သည်။
စွပ်စွဲချက်ကို ရှင်းလင်းချေပခဲ့
၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အလယ်ပစ္စယာ၌ ဖဆပလ အဖွဲ့ချုပ်ကြီး၏ ပထမအကြိမ် ပြည်လုံးကျွတ်ညီလာခံ ကျင်းပရာ သဘာပတိအဖြစ်ဆောင်ရွက်သည်။ မတ်လ ၂၁ ရက် ဘုရင်ခံ၏ ဥပဒေပြု လွှတ်တော်အစည်းအဝေးတွင် သခင်ထွန်းအုပ်၏ “ဂျပန်အဝင်တွင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လူသတ်မှုတစ်မှု၌ ပါဝင်ကြောင်း” စွပ်စွဲ ပြောကြားခံရသည်။ ဧပြီလ ၆ ရက်တွင် ဗိုလ်ချုပ်က “ကျွန်ုပ်၏ လိပ်ပြာကား အမြဲသန့်ရှင်းစင်ကြယ်လျက်”ခေါင်းစဉ်ဖြင့် ကြေညာချက် တစ်စောင်ထုတ်၍ စွပ်စွဲချက် ကို ရှင်းလင်းချေပခဲ့သည်။ စက်တင်ဘာလ ၂၆ ရက်တွင် ဘုရင်ခံ၏ ဖိတ်ခေါ်ချက်ကို လက်ခံ၍ အမှုဆောင်ကောင်စီ (အစိုးရဝန်ကြီးအဖွဲ့) ဒုတိယသဘာပတိ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန ဝန်ကြီး ရာထူးဖြင့် အမျိုးသားယာယီ အစိုးရကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။
ဗြိတိသျှဝန်ကြီးချုပ် မစ္စတာ အက်တလီ၏ ဖိတ်ခေါ်ချက်အရ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ အင်္ဂလန်နိုင်ငံသို့ သွားရောက်သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် အောင်ဆန်း − အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရှမ်းပြည် ပင်လုံမြို့၌ တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များနှင့် သမိုင်းဝင် ပင်လုံစာချုပ်ကို မြန်မာအစိုးရကိုယ်စားလှယ် အဖြစ် ဦးဆောင်လက်မှတ် ရေးထိုးခဲ့သည်။ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ယာယီအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပြီး ဒုတိယဥက္ကဋ္ဌ(ဝန်ကြီးချုပ်)၊ ကာကွယ်ရေးနှင့် နိုင်ငံခြား ရေးတာဝန်ခံအဖြစ် ဆောင်ရွက်သည်။
၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်တွင် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ စတင်ကျင်းပသည်။ ရန်ကုန် မြို့မ (လမ်းမတော်) မဲဆန္ဒနယ်မြေမှ ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခံရသည်။ တစ်နိုင်ငံလုံး ၂၅၅ နေရာအနက် ဖဆပလ အဖွဲ့ချုပ်က ၂၄၈ နေရာ (၉၅ ဒသမ ၃ ရာခိုင်နှုန်း) အနိုင်ရသည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်မှ ၁၈ ရက် အထိ ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံကျင်းပရာ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံမူများကို ကိုယ်တိုင်တင်သွင်းခဲ့သည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဝန်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မသမာသူလူတစ်စု၏ လုပ်ကြံမှုဖြင့် လုပ်ဖော်ကိုင်ဖက်ဝန်ကြီး ခြောက်ဦး၊ အတွင်းဝန် တစ်ဦး၊ သက်တော်စောင့် တစ်ဦးတို့နှင့်အတူ ကျဆုံးခဲ့ပါသည်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment