Latest News

Sunday, June 28, 2020

လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်လိုက်သော ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီး ခရမ်းစိုးမြင့်(ဆောင်းပါး)


လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်လိုက်သော ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီး ခရမ်းစိုးမြင့်(ဆောင်းပါး)



ရန်ကုန်-ပုသိမ် မူလနှစ်လမ်းသွား အမှတ်(၅)အဝေးပြေး လမ်းမကြီးအား ကွန်ကရစ် လေးလမ်းသွား ၄၈ ပေအကျယ် အထိ အဆင့်မြှင့်တင်ဖောက်လုပ်နေကြောင်း ကြားသိရ၍ ကျွန်တော်သည် သတင်းဆောင်းပါးရေးရန် အစီအစဉ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး၏ လမ်းဦးစီးဌာနရှိရာ မြို့တော်ပုသိမ်သို့  ကားတစ်စီးဖြင့် သွားခဲ့သည်။
စီးရေ ၂၇၀၀ သွားလာမောင်းနှင်
ရန်ကုန်-ပုသိမ်   အဝေးပြေးကားလမ်းမကြီးသည် ရန်ကုန်မှ ပုသိမ်အထိ တိုက်ရိုက်(၁၁၃ မိုင် ၂ ဖာလုံ) ရှည် လျားစွာ ဖောက်လုပ်ထားသော်လည်း ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင်အမှတ် (၄၁ မိုင် ၃ ဖာလုံ)ရှိ ဧရာဝတီမြစ်ကူး တံတားကြီး ဗိုလ်မြတ်ထွန်းတံတားမှတစ်ဆင့် ဟင်္သာတ၊ မြောင်းမြ၊ လပွတ္တာနှင့် ဝါးခယ်မသို့လည်းကောင်း၊ မိုင်တိုင် အမှတ် ၃၃ မှတစ်ဆင့်   မအူပင်မြို့သို့လည်းကောင်း သွားလာ၍ရသော  လမ်းမကြီးဖြစ်သည်။ ရန်ကုန်မြို့မှ ဗိုလ်မြတ်ထွန်းတံတားအထိ တစ်နေ့ ဖြတ်သန်းသွားလာ မောင်းနှင်နေသော ယာဉ်စီးရေ ၃၈၀၀ နှင့် ဗိုလ်မြတ်ထွန်း တံတားမှ ပုသိမ်အထိ တစ်နေ့ယာဉ်စီးရေ ၂၇၀၀ သွားလာ မောင်းနှင်လျက်ရှိသည်ဟု သိရသည်။
ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ အပိုင်းသည် ယာဉ်သွားလာမှုများပြားသောကြောင့် အရေးကြီးသောလမ်းပိုင်းဖြစ်သည့်အတွက် မူလ ၂၄ ပေအကျယ် ကတ္တရာ လမ်းမှ ပေ ၃၀ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်-ပုသိမ် အမှတ်(၅)အဝေးပြေးလမ်းမကြီး နှစ်လမ်းသွား ၂၄ ပေအကျယ်မှ လေးလမ်းသွား ပေ ၃၀ အကျယ် ၄၈ ပေ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၉၀၀၀ သုံးစွဲ၍  လမ်းဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး)၊      အင်ဂျင်နီယာချုပ်  (မြို့ပြ)(တည်ဆောက်ရေး)နှင့်  ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)တို့ ဦးဆောင်ပြီး တာဝန်ယူ ဆောင်ရွက်နေကြသည်။
ဧရာဝတီတိုင်းဒေသကြီးသည် ရှေးအခါက မွန်သုံး ရပ်ဖြစ်သော မွန်တိ၊ မွန်စ၊ မွန်ညတို့၌ “မွန်ည”ဒေသတွင် ပါဝင်ခဲ့ကြောင်း မှတ်သားရပြီး အလောင်းမင်းတရားကြီး၏ တတိယမြန်မာနိုင်ငံတော်တွင်လည်း ရာမညတိုင်းအတွင်း ပါဝင်ခဲ့သည်ဟု  သိရသည်။  ဗြိတိသျှကိုလိုနီခေတ်၌ “ပဲခူး တိုင်း” ဟု သတ်မှတ်ဖွဲ့စည်းသောအခါ ဟံသာဝတီခရိုင်၊ ဟင်္သာတခရိုင်နှင့် ပုသိမ်ခရိုင်ဟူ၍  ခရိုင်သုံးခုရှိခဲ့ရာ ဟင်္သာတခရိုင်နှင့် ပုသိမ်ခရိုင်တို့သည် ယနေ့ဧရာဝတီ တိုင်း၏ နယ်ပယ်များဖြစ်နေကြပြီ  ဖြစ်သည်။    ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးသည်   ခေတ်တည်သမိုင်းဝင် မြန်မာဘုရင်နန်းစိုက်ခြင်း မရှိခဲ့သော်လည်း ဂေါတမဘုရား ရှင် သက်တော်ထင်ရှားရှိစဉ်က တဖုဿနှင့် ဘလ္လိကကုန် သည် ညီနောင်နှစ်ဦးတို့ ဘုရားရှင်၏ဆံတော်မြတ်ကို မဇ္ဈိမဒေသမှ     ဒဂုံသို့ပင့်ဆောင်ရာတွင်     မော်တင်စွန်း အရပ်သို့ရောက်ရှိခဲ့ကြစဉ်   ဇေယျသေနနဂါးမင်းက ဆံတော်နှစ်ဆူကိုဆောင်ယူ၍ မော်တင်စွန်းစေတီတော်ကို ဌာပနာပြုတည်ထားခြင်း၊ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီး   ရေကြောင်းခရီးဖြင့်     ပြည်တွင်း၊ ပြည်ပသို့ တိုင်းခန်းလှည့်လည်ရာတွင် ပုသိမ်ဆိပ်ကမ်းကို တစ်ထောက် အနားစခန်းပြု၍ သွားလာကြွချီခဲ့ခြင်း၊ ရဟန္တာအရှင်မြတ် များ၊ သာသနာပြုပုဂ္ဂိုလ်များ၊ သီဟိုဠ်နှင့် မဇ္ဈိမသို့ ကြွချီရာ တွင်လည်းကောင်း၊  ဓာတ်တော်မွေတော်များကို မြန်မာ ပြည်တွင်းသို့ ပင့်ဆောင်လာကြရာတွင်လည်းကောင်း၊ ပုသိမ် မြို့နှင့် ပုသိမ်ဆိပ်ကမ်းဒေသသည် ဝင်၊ ထွက်ပြုရာ   တံခါး သဖွယ် တစ်ထောက်နား၊ ထပ်ဆင့်ဖြန့်ဖြူးခရီးဆက်ရာ အချက်အချာဖြစ်ခြင်းများအပြင် ပုဂံခေတ်ထက်စောသော ရှေးဟောင်းမြို့ပြယဉ်ကျေးမှုရနိုင်သည့်အခြေအနေများ တွေ့ရှိရသဖြင့် သုတေသနပြုလုပ်နေရသည်အထိ ထူးခြား သောသမိုင်းဝိသေသများ ကြွယ်ဝလျက်ရှိသည်။ ဤသည် ကား ဧရာဝတီတိုင်းဒေသကြီး၏ သမိုင်းနောက်ခံဖြစ်၏။
ယနေ့ဧရာဝတီ
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် နှစ် ၅၀ နီးပါး ကြာသည့်တိုင်အောင် ဧရာဝတီတိုင်းသည် ပုံမှန်အနေ အထားများဖြင့် ရပ်တည်နေခဲ့ပေသည်။ မြစ်ချောင်းအင်းအိုင် ပေါများပြီး  လူဦးရေထူထပ်သိပ်သည်းသော  တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အားလျော်စွာ ရေလမ်းခရီးကိုသာ အဓိက ထား၍ သွားလာကူးသန်းနေကြရသည်။ မိရိုးဖလာစီးပွားရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့်   ရေလုပ်ငန်းများကို  လုပ်ကိုင်ကြလျက် ဆန်စပါး၊ လယ်ယာထွက်ကုန်၊ သစ်တော ထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများကို   ရောင်းဝယ် ဖောက်ကားနေကြသည်။ ထို့ ကြောင့် ဧရာဝတီတိုင်းဒေသကြီး သည် နိုင်ငံတော်၏စပါးကျီဟု   တင်စားရလောက်သည်။  ပြည်တွင်းသာမက  ပြည်ပသို့ပါ   တင်ပို့နိုင်သော ဆန်စပါး၊ ကျွန်းသစ်နှင့်သား၊ ငါး၊ ပုစွန်တို့ကလည်း လှိုင်လှိုင်ထွက်ရှိ ကြပေသည်။ ဤသည်တို့မှာ  နိုင်ငံတော်တွင်    ကြီးမားသော စီးပွား အင်အားတစ်ခုဖြစ်၍နေပေသည်။
တိုင်းဧရာတွင် သိသာထူးကဲသော ပြောင်းလဲတိုးတက် မှုအချို့ ယခင်ကပေါ်ပေါက်ခဲ့ဖူးပေသည်။ သာဓကအားဖြင့် ပုသိမ်-မုံရွာ-ရေဦးလမ်းမကြီး စတင်ဖောက်လုပ်ခြင်းနှင့် ရေနံမြေသစ်များ ရှာဖွေတွေ့ရှိခြင်းတို့ဖြစ်သည်။ ဤစီမံကိန်း ကြီးများသည် ဒေသအတွင်း နေထိုင်သူများအဖို့ အထူးအား တက်ဖွယ်ဖြစ်ခဲ့ရသည်။ ၁၉၆၄ ခုနှစ်ဝန်းကျင်က ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် “ရွှေမည်းကို မြေထဲက တူးဖော် နိုင်ပြီ” ဟူသောအသိဖြင့် မြန်အောင်ရေနံမြေ၊ ရွှေပြည်သာ ရေနံမြေများကို ဖော်ထုတ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ဤတိုး တက်မှုအပြောင်းအလဲများထက်သာလွန်၍ တိုင်းခွင်တစ်လွှား သမိုင်းတွင်သွားအောင် ထူးခြားထက်မြက်သည့် ဆင့်ကဲဆင့်ကဲအကျိုးဆက်ဖြစ်စဉ်များ တိုးတက်သစ်လွင်လာခဲ့ ပေသည်။ ယင်းမှာ ရန်ကုန်မြို့မှ အနောက်သို့တိုးထွက်လာ သော အမှတ်(၅) အဝေးပြေးလမ်းမကြီးခေါ်သည့် ရန်ကုန်-ပုသိမ်ကားလမ်း၊ ယင်းလမ်းမကြီးနှင့် ဆက်စပ်ပေါ်ထွန်း လာသော စီမံကိန်းဝင်တံတားကြီးများ၊ မြစ်ချောင်းအင်းအိုင် များ၊ သဘာဝကွေ့ကောက်မှုများအပေါ် လွှမ်းမိုး၍ ဧရာဝတီ တိုင်းဒေသကြီး၏ မြေကြောရေကြောကို ချုံ့စေလိုက်သော အလျားလိုက်နှင့် ကန့်လန့်ဖြတ်လမ်းကွန်ရက်များ၊ ဤလမ်း ကွန်ရက်များကြောင့် ယခုအခါ ဧရာဝတီတိုင်းဒေသကြီး ကို ကားနှင့်ပတ်၍ ရနေပြီဖြစ်သည်။
ယခုထပ်၍ ထိုရန်ကုန်-ပုသိမ်အဝေးပြေးလမ်းမကြီးကို ဧရာဝတီတိုင်းဒေသကြီးလမ်းဦးစီးက လေးလမ်းသွား ၄၈ ပေအဆင့်မြှင့်တင်ပေးလိုက်ပြန်သဖြင့်  ယင်းအဝေးပြေး လမ်းမကြီးကို အသုံးပြု၍လည်းကောင်း၊ ယင်းလမ်းမကြီးနှင့်ဆက်စပ်ပေါ်ထွန်းလာသော  စီမံကိန်းဝင်တံတားကြီး များပေါ်မှဖြတ်၍     ဧရာဝတီကိုကျော်ပြီး   ရခိုင်အထိ           လည်းကောင်း ခရီးပေါက်ကြတော့မည်ဖြစ်သည်။
ရန်ကုန်-ပုသိမ်လမ်း၏အစဖြစ်သော မိုင်(၀/၀) မှ (၅/၄)အထိအား ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ဆောင်ရွက်လျက်ရှိပြီး မိုင်(၅/၄) မှ (၇/၄)အထိ အပိုင်းအား Oriental Highways Co., Ltd. က ၄၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ်နှင့်  မိုင်(၇/၄)မှ (၁၇/၄)အထိ  အပိုင်း အား  ဧရာဝတီတိုင်းဒေသကြီး   လမ်းဦးစီးဌာနမှ ပေ ၃၀ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိသည်။
ကျွန်တော်သည် ရန်ကုန်-ပုသိမ်အဝေးပြေးလမ်းမကြီး အဆင့်မြှင့်တင်၍ လေးလမ်းသွား   ဖောက်လုပ်နေမှုကို ရန်ကုန်မှ ပုသိမ်အထိ     ကားတစ်စီးဖြင့်   ဖြတ်သန်းသွား ရောက်လေ့လာခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်သို့ရောက်ရှိခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန   ဧရာဝတီတိုင်းဒေသ ကြီး၏   လမ်းဦးစီးဌာနမှ   ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်က လမ်းမကြီးဖောက်လုပ်ရာတွင်   လုပ်ငန်း ခွင်နှင့်မလွတ်ကင်းသော  ဓာတ်တိုင်များ၊ သစ်ပင်များ၊ ကျူးကျော်လူနေအိမ်များ ဖယ်ရှားသောလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က  မအူပင်ခရိုင်   အုပ်ချုပ်ရေးမှူးဦးဆောင်သော လုပ်ငန်းအထောက်အကူ ပြုအဖွဲ့ ဖွဲ့စည်း၍လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။
လမ်းဦးစီးဌာနအနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး) နှင့် အင်ဂျင်နီယာချုပ် (မြို့ပြ)(တည်ဆောက်ရေး)တို့ဦးဆောင်၍ ညွှန်ကြားရေးမှူး (မြို့ပြ)(တည်ဆောက်ရေး)တစ်ဦး၊ အရည်အသွေးထိန်း သိမ်းရေးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦး၊ စက်မှုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးတို့အား လုပ်ငန်း အကောင်အထည်ဖော် အဆင်ပြေချောမွေ့စေရန် တာဝန် ပေး ဆောင်ရွက်လျက်ရှိကြောင်း။
ယခု ရန်ကုန်-ပုသိမ်လမ်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နေချိန်တွင် လုပ်ငန်းခွင်အန္တရာယ်ကင်း ရှင်းရေးအတွက် သတ်မှတ်ထားသော စည်းကမ်းများအား လိုက်နာပြီး တစ်နေ့တာလုပ်ငန်းများ မစတင်မီအချိန်တွင် နေ့စဉ် Tool  Box  Meeting လုပ်၍ အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ ယာဉ်သွားလာမှုများပြားသောလမ်း တွင် ဆောင်ရွက်ရသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုမရှိ စေရန်နှင့် လုပ်ငန်းခွင်လုပ်သားများ ယာဉ်သွားလာမှုကြောင့် ထိခိုက်မှုမရှိစေရန် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း။
လိုက်နာဆောင်ရွက်
မတ် ၁၁ ရက်တွင်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကိုဗစ် -၁၉ ရောဂါအား ကမ္ဘာ့ကပ်ရောဂါ (Pandemic)အဖြစ်ကြေညာပြီးနောက် လုပ်ငန်းခွင်၌ ကိုဗစ် -၁၉  ရောဂါကူးစက်မှုမရှိစေရေးအတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့်  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့မှ  ထုတ်ပြန်ထားသော    စည်းကမ်းချက်များအတိုင်း    လိုက်နာဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်တွင် ကိုဗစ် -၁၉ ရောဂါ ပထမဆုံးလူနာတွေ့ရှိပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌     ကိုဗစ် -၁၉ ရောဂါကူးစက် ပြန့်ပွားမှုထိန်းချုပ်ရန်အတွက် လူစုလူဝေး ပြုလုပ်ခြင်း များအား တားမြစ်ခြင်း၊ ညမထွက်ရအမိန့် များထုတ်ပြန်ခြင်းနှင့်   မဟာသင်္ကြန်ရုံးပိတ်ရက်များ ကြောင့် လည်းကောင်း၊ လုပ်သားများအကြားတွင်  ကိုဗစ်- ၁၉  ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြောက်ရွံ့၍လည်းကောင်း လုပ်ငန်းခွင်စွန့်ခွာမှုမရှိစေရေးအတွက်       စည်းရုံး၍ လုပ်ငန်းအား အရှိန်အဟုန်မပြတ် အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ထာဝရအကျိုးပြုမည့်လမ်းမကြီး
လုပ်ငန်းများဆောင်ရွက်ပြီးစီးသည့်   အချိန်တွင် လမ်းတာပေါင်ရေနှင့်ထိစပ်သောအပိုင်းများ၌  Steel Sheet Pile, PVC Sheet Pile များရိုက်ခြင်း၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပေးဆိုင်းဘုတ်များတပ်ဆင် ခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ထားသော လမ်း တာပေါင်အား မြက်များစိုက်ပျိုး၍ တာပေါင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  ယနေ့ဧရာဝတီတိုင်းဒေသကြီးသည် မိရိုး ဖလာစိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်နေရာမှ အရှိန် အဟုန်မြှင့်တင် ပေးလိုက်သော ရေလှောင်တမံကြီးများ၊ ရေထိန်းတံခါးများနှင့် မြစ်ရေတင်စီမံကိန်းများ၊ ယင်းတို့၏ အကျိုးဆက်ဖြစ်သော မိုးစပါး၊ နွေစပါးအထွက်နှုန်းများ၏ ကျေနပ်အားရဖွယ် ကိန်းဂဏန်းများ၊ သီးခြားတက္ကသိုလ် ကြီးများ၊ ဒီဂရီကောလိပ်များ၊ အဏ္ဏဝါသိပ္ပံသုတေသန ဓာတ်ခွဲခန်းများ၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ၊ မိုက်ခရိုဝေ့ဖ်စခန်းများ၊ ပြည်တွင်းဂြိုဟ်တု ဆက်သွယ်ရေး စခန်းနှင့်      ပြည်ပရေအောက်ကေဘယ်လ်စခန်းများ၊ ဝမ်းမြောက်ဖွယ်ပေါ်ထွက်လာသော     အပန်းဖြေရာ ငွေဆောင်၊  ချောင်းသာစသည့် သဘာဝကမ်းခြေ အလှ များနှင့်  နိုင်ငံတကာ အဆင့်မီဟိုတယ်ကြီးများ စသည့် တိုးတက်မှုတို့နှင့်အတူ ယခုအဆင့်မြှင့်တင်ပေးလိုက်သော အမှတ်(၅)   လေးလမ်းသွား  ရန်ကုန်-ပုသိမ်အဝေးပြေး လမ်းမကြီးသည်   ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး အတွက် ထာဝရအကျိုးပြုမည့်လမ်းမကြီးအဖြစ် ရပ်တည် လျက်ရှိပေတော့မည်။

No comments:

Post a Comment