Latest News

Monday, March 30, 2020

“Lockdown မည်လော၊ မမည်လော”

“Lockdown မည်လော၊ မမည်လော”

ဂျာမဏီ Hessen State ရဲ့ ဘဏ္ဏာရေးဝန်ကြီး Thomas Schäfer က ဒီတနင်္ဂနွေနေ့မှာ ကိုယ့်ဘာသာအဆုံးစီရင်သွားတယ်.. အဓိကကတော့ ကိုဗစ်-၁၉ ကြောင့် ဖြစ်လာတဲ့ နိုင်ငံရဲ့ စီးပွါးရေးအကျပ်အတည်းတွေကို နေ့ရောညပါ ခေါင်းခံဖြေရှင်းရင်းကနေ အဲ့စိတ်ဖိစီးမှုဒဏ်တွေကို မခံနိုင်တာမို့ မီးရထားသံလမ်းအောက် ပြေးဝင်သွားခဲ့တာပါပဲ.. ကပ်ရောဂါကြောင့် ကုန်စည်စီးဆင်းမှုတွေ ကန့်သတ်ခံထားရတာမို့ လက်ရှိဂျာမဏီရဲ့ စီးပွါးရေးအခြေအနေဟာ ကမ္ဘာလုံးဆိုင်ရာ 2009 စီးပွါးပျက်ကပ်ပြီးနောက်ပိုင်းရဲ့ အဆိုးရွားဆုံးအခြေအနေ ရောက်နေတယ်လို့ သုံးသပ်ကြတယ်.. 

ဒီစီးပွါးပျက်ကပ် အစပျိုးတဲ့ဒဏ်ကို ဂျာမဏီမှ မဟုတ်ပါဘူး.. ကမ္ဘာအနှံ့က နိုင်ငံတွေ အလူးအလဲ ခံကြရဦးမှာ.. ကပ်ရောဂါကြောင့် လူတွေ အပြင်ထွက်တာ နည်းမယ်.. ဆိုင်တွေ ပိတ်မယ်.. စက်ရုံတွေမှာ အမှာတွေ မရှိသလောက် နည်းလာမယ်.. အသေးစား စီးပွါးရေးလုပ်ငန်းတွေ ပိတ်ရနိုင်ပြီး အလတ်စားစီးပွါးရေးတွေ တောင့်ခံဖို့ ခက်မယ်.. အကြီးစားလုပ်ငန်းရှင်တွေလည်း ဆိုင်ရာအစိုးရအထောက်အပံ့မှ မရရင် သူတို့လည်း အခြေအနေမကောင်းဘူး.. လုပ်သားအင်အားတွေ လျော့ရမယ်.. လူတွေ အလုပ်လက်မဲ့ ဖြစ်ကြမယ်.. အလုပ်မရှိရင် စားစရာမရှိမှာမို့ ခိုးဆိုးလုယက် ရာဇဝတ်မှုတွေ တက်မယ်..

အခုဆို အီတလီမှာ lockdown ချထားတာ ရက်(၂၀) ရှိသွားပြီ.. မတ်လ(၁၉)ရက်နေ့က စတာမို့ နှစ်ပတ်ကျော် သုံးပတ်ဖြစ်သွားတဲ့အခါ တချို့လူတွေက မခံနိုင်ကြတော့ဘူး.. သူတို့မှာ စားစရာလည်း မရှိတော့သလို ပိုက်ဆံလည်း မရှိတော့ဘူး.. ဖတ်လိုက်မိတဲ့ သတင်းတစ်ပုဒ်မှာဆို အီတာလျှံသားအမိ.. ဘဏ်က ပိတ်ထားတာမို့ ငွေထုတ်မရလို့ သားဖြစ်သူက ရဲတွေကို အော်ဟစ်.. သူ့အမေကြီးက ရဲတွေကို တောင်းပန်.. “ဒီပင်စင်လစာလေးနဲ့ သူတို့စားနေရတာ.. ခု ပင်စင်ထုတ်မရတော့ သူတို့မှာ စားစရာကို ဘာနဲ့ ဝယ်ရမှာလဲ.. မယုံရင် အိမ်ကို လိုက်ကြည့်ပါ”လို့ တိုးလျှိုးတောင်းပန်နေတာ မကြည့်ရက်စရာကြီး..

ပိုဆိုးတာက သူတို့နိုင်ငံမှာလည်း ခုဆို စူပါမားကတ်တွေကို ဖောက်တဲ့သူတွေက စဖောက်နေပြီ.. ရဲတွေခမျာ စူပါမားကတ်လုံခြုံရေးပါ တာဝန်ယူရတယ်.. သူတို့မြို့တော်ဝန်ကလည်း “အချိန်တွေ ကြာလာတာနဲ့ လူတွေမှာ ပိုက်ဆံပိုနည်း၊ ပိုဒုက္ခရောက်လာမှာ.. ရာဇဝတ်မှုတွေလည်း ပိုထူလာမှာ” လို့ သတိပေးစကား ပြောရပြီ.. ဒီဒုက္ခတွေကို ဖြေလျော့ဖို့ သူတို့အစိုးရက ယူရို ၂၅ဘီလျံ သုံးသွားမယ်ဆိုပေမယ့် အဲ့ဒါတွေက တရားဝင် မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေနဲ့ လုပ်ငန်းတွေအတွက်ပဲ.. ဆိုလိုတာက ပုံမှန်အားဖြင့် အခွန်ရှောင်ပြီး ဘဏ်ကတ်မသုံး၊ ငွေသားသတ်သတ်နဲ့လုပ်တဲ့သူတွေက အစိုးရရဲ့စာရင်းမှာ မပါနိုင်ဘူး.. ဒီတော့ မရနိုင်ဘူး.. အဆိုးဆုံးက အီတလီတောင်ပိုင်းက လူတွေ.. ဘာလို့ဆို သူတို့က အဲ့သလို cash economy နဲ့ သွားတာမို့ ခုအတိုင်းဆို သူတို့က ထောက်ပံ့ကြေးလည်း မရနိုင်ဘူး..

အစကတည်းကလည်း ဗင်းနစ်၊ မီလန်၊ ဖလောရင့်၊ ရုမ်းရှိတဲ့ အီတလီမြောက်ပိုင်းကပဲ လူချမ်းသာတွေ ပေါတာ.. တောင်ပိုင်းသားတွေကကျ အဲ့သလောက် ငွေကြေးမချမ်းသာကြဘူး.. ဒီတော့က တောင်ဘက်ရောက်လေ လူတွေက မပြေလည်ကြလေ၊ အလုပ်လက်မဲ့ များပဲ.. ခု အီတလီ lockdown မှာ အသေဆုံးက မြောက်ပိုင်းကဆိုပေမယ့် တောင်ပိုင်းမှာက ရောဂါနဲ့မသေခင် ငတ်သေမှာကို ပူကြရလှပြီ.. ဒါတောင် အီတလီက ချမ်းသာသူများလှပါပြီဟေ့ဆိုတဲ့ ဥရောပက သူဌေးနိုင်ငံနော်.. လူ တစ်သောင်းကျော် သေလို့ lockdown ချထားရပေမယ့် lockdown ရဲ့ နောက်ဆက်တွဲ စီးပွါးပျက်ကပ်မှာ မျော့နေအောင် ခံရဦးမှာ..

ပြောရရင် lockdown ဟာ အပြောလွယ်သလောက် အလုပ်ခက်လွန်းတယ်.. အိန္ဒိယမှာ lockdown စလုပ်တော့ သူတို့ဝန်ကြီးချုပ်က “ခင်ဗျားတို့ ကျုပ်တို့ ဒီ၂၁ရက်ကို တောင့်မထားနိုင်ရင် ကျုပ်တို့တိုင်းပြည် ၂၁နှစ်စာ နောက်ပြန်ရောက်သွားလိမ့်မယ်” ဆိုပြီး အမှာပြုတယ်.. ဒါပေမယ့် သူ့မိန့်ခွန်းထဲမှာ အဲ့ဒီသုံးပတ်စာအတွက် အစိုးရက ပြည်သူကို အစာရေစာ ဘယ်လိုထောက်ပံ့မယ်ဆိုတဲ့ ပလန်က ပါမလာဘူး.. သိတဲ့အတိုင်း အိန္ဒိယက တိုင်းပြည်ကြီးသလို လူဦးရေထူထပ်လွန်းတယ်.. တယောက်နဲ့တယောက် ဘယ်နှပေခွါပါဆိုတဲ့ social distancing က ပြောတော့သာ အလွယ်လေး.. မီးခြစ်ဆံဘူးသာအိမ်ထဲ လူရှစ်ယောက် ကိုးယောက်စုပြုံတိုးနေရတဲ့ အိန္ဒိယန်းမိသားစုတွေအတွက် ဘယ်လို social distancing ကြမလဲ..

လူတိုင်းဟာ အိမ်ကနေ အလုပ်လုပ်လို့ မရဘူး.. ဈေးဝယ်တာတွေကလည်း အွန်လိုင်းကနေ အကုန်မှာလို့ မရဘူး.. အဆိုးဆုံးဟာ ဒီမိသားစုတွေက တနေ့လုပ်မှ တနေ့စားရတဲ့ လက်လုပ်လက်စား လူတန်းစားတွေ.. အလုပ်တွေအကုန်ပိတ်၊ ဆိုင်တွေ အကုန်ပိတ်နဲ့ သူတို့ဝင်ငွေရလမ်းတွေ အကုန်ပိတ်ရင် လူက ရောဂါဘယ်ခါကူးကူး အခုနေ မငတ်ဖို့ဘဲ လုပ်ကြမှာမို့ လုကြယက်ကြလုပ်မှာပဲ.. ဒါတွေမလုပ်ဖို့ အစိုးရက ထောက်ပံ့ဆို တစ်၊ အစိုးရမှာ ထောက်ပံ့နိုင်တဲ့ အင်အား ရှိရမယ်.. နှစ်၊ ဘယ်သူ့ကို ဘယ်လောက် ထောက်ပံ့ရမယ်ဆိုတာ သိရမယ်၊ စနစ်ရှိရမယ်.. တနိုင်ငံလုံးကို ခြုံငုံနေတဲ့ အွန်လိုင်းဘဏ်အကောင့်တွေ အများစုရှိရမယ်..  သုံး၊ ရိက္ခာထောက်ပံ့ ဖြန့်ဝေဖို့အတွက် လူအင်အားလိုတယ်၊ သူခိုးသူဝှက်တွေ ထိန်းဖို့အတွက် ရဲလိုတယ်..

အကယ်၍များ မြန်မာပြည်မှာသာ lockdown လုပ်မယ်ဆို အပေါ်က အချက် ဘယ်နှစ်ချက်နဲ့ ပြည့်စုံမယ် ထင်ပါသလဲ.. ကိုယ်ချစ်တဲ့ကိုယ့်နိုင်ငံကို ကိုယ့်ဘာသာ ပေါင်လှန်ထောင်းရရင် တချက်နဲ့မှ မပြည့်စုံဘူး.. ပိုက်ဆံကို ပြည်သူချင်းက လှူတောင် ဘယ်အိမ်မှာ ဘယ်နှစ်ယောက်နေတယ်၊ ကလေးဘယ်လောက်၊ လူကြီးဘယ်လောက်၊ မူလဝင်ငွေ ဘယ်လောက်ဆိုတဲ့ စီမံကိန်းချစရာ ဘာအခြေခံကိန်းဂဏန်းမှ မရှိဘူး.. မရှိဘဲ ထင်တိုင်းပေးလို့ရတဲ့ ဘဏ္ဏာငွေမျိုး ယူကေမှာတောင် မရှိပါဘူး.. ရှိပြီပဲထား.. ကြားက လူတွေ ဖြတ်မစားအောင် ဘယ်လိုဝေမလဲ.. ဘယ်လောက်ထိ ဝေနိုင်မလဲ? နောက်ဆုံးအချက် မြန်မာပြည် ပြည်ထဲရေးက ဘယ်တုန်းကမှ အရပ်သားအစိုးရလက်အောက်မှာ မရှိလို့ အာဏာသိမ်းနေကျလူတစုဟာ စားနေကျကြောင်ဖားကြီးလို ကာလုံခေါ်ဖို့ စောင့်နေမှာ.. စစ်ဘောင်ကျယ်ရင် ဒီမိုကရေစီဘောင်က ကျဉ်းမှာပဲ.. မြန်မာပြည် lockdown လုပ်ဖို့ရာက အီတလီထက် အပုံကြီး ခက်ပါတယ်..

အလွန်ဆုံး လုပ်လို့ရရင် ပွဲလမ်းသဘင်အကုန်ဖျက်နဲ့ လူ ၂ယောက်ထက် ပိုမစုရဖို့ဆိုတာမျိုးပဲ လုပ်လို့ရနိုင်ပါသေးတယ်.. ရောဂါကူးသေမလား၊ ငတ်သေမလားဟာ စီးဆောကို အလယ်ဟန်ချက်မပြတ်အောင် စီးရသလိုပါပဲ.. တဘက်ကို ဇွတ်တိုးရင် တဘက်ကတော့ ဖင်ထောင်အောင် ခံရမှာပဲမို့ ဆိုတော့ကာ မြန်မာပြည်မှာ တနိုင်ငံလုံးအတိုင်းအတာ lockdown ဖို့ကို ဆရာဝန်တွေက ကုသရေးအတွက် ဘယ်လိုပဲ တိုက်တွန်းတွန်း သူတို့ကိုလည်း အပြစ်တင်စရာမလိုပေမယ့် စီးပွါးရေး၊ လူမှုရေး ထောင့်စေ့အောင် စဉ်းစားရတဲ့ နိုင်ငံ့အရေးမှာ နောက်ဆက်တွဲကြီးလွန်းတဲ့ lockdown သည် မဖြစ်လွန်းမှ ရွေးရမယ့်အချက်ပါပဲ.. လူသုံးယောက်သေပြီး လူတစ်ထောင်ကျော် အကူးစက်ခံထားရတဲ့ စင်္ကာပူဟာ ခုထိ lockdown မချသေးပါဘူး..

ရေးသားသူ - ပိုးဖြူသန့်

(လွတ်လပ်စွာ မျှဝေကူးယူနိုင်ပါတယ်..)

No comments:

Post a Comment