Latest News

Sunday, January 26, 2020

၁၉၈၈ မတ္လ ပံုရိပ္ မွတ္မိသမွ်


( ၁ )

၁၉၈၈ မတ္လ ၁၃ ရက္ေန႔ ညေန ၆:၀၀

အဲ့ဒီညေနမွာ ရန္ကုန္တကၠသိုလ္ အေဆာင္ေနေက်ာင္းသားတခ်ိဳ႕ရယ္၊ကမာရြတ္၊စမ္းေခ်ာင္း၊ၾကည့္ျမင္တိုင္ ဘက္က ေက်ာင္းသား တခ်ိဳ႕ လွည္းတန္းမီးပြိဳင့္ လမ္းဆံုမွာ စုေ၀းျဖစ္ခဲ့ၾကတယ္။

လွည္းတန္းသားေတြနဲ႔ရန္ကုန္တကၠသိုလ္(ပင္မ)ရဲ႕ ၈၈ လူွပ္ရွားမူွ အစ လို႔ ေျပာရမယ္။

လံုထိန္းေတြကတကၠသိုလ္ဓမၼာရံု ၀င္းထဲ မွာ ေနရာယူထားၾကတယ္။က်ေနာ္တို႔လဲ ေအးေအးေဆးေဆး ပါဘဲ အိမ ေက်ာက္ေက်ာ ဆိုင္ေရွ႕ ပလက္ေဖါင္းေပၚ ထိုင္ေနၾကတယ္။
ရဲေတြက RIT ဘက္သြားမယ့္ အင္းစိန္လမ္းမႀကီးကိုပိတ္ပစ္လိုက္ၾကတယ္၊TE 21 စစ္ကားေတြ RIT ဘက္ကို အရွိန္နဲ႔ တစီးၿပီးတစီး ေမာင္းသြားေနတယ္။
RIT ကို တပ္နဲ႔ လံုထိန္းေတြ ဝိုင္းထားတယ္လို႔ အင္းစိန္ဘက္က ျပန္လာသူေတြ ေျပာျပလို႔သိရတယ္။

မိုးခ်ဳပ္လာေလ ေက်ာင္းသား အစုေတြလဲ ပိုမ်ားမ်ားလာေလဘဲ၊ တဘက္ကလဲ စစ္ခေမာက္ အနီေရာင္ေဆာင္းထားတဲ့ လံုထိန္းတပ္ေတြ အင္အားပိုမ်ားလာတယ္။ ဟြန္ဟြန္ 3 ဆံပင္ညႇပ္ဆိုင္ေရွ႕ မီးပြိဳင့္ ၾကက္လွ်ာစြန္း ျမက္ခင္းေပၚမွာ လံုထိန္းတပ္က ေနရာစယူတယ္၊ေနာက္တဖြဲ႕ကတကၠသိုလ္ဓမၼာရံု ဘက္မွာ ၊တကၠသိုလ္ ရိပ္သာလမ္းေပၚမွာလဲ သံခ်ပ္ကာကားေတြ စေတြ႕လာရတယ္။

က်ေနာ္တို႔လဲ ဒီဘက္ျခမ္း လိပ္ျပာေတာင္ ဆံသဆိုင္ကေန ဦးထြန္းလင္းျခံ လမ္းထိပ္ထိ အစု လိုက္ ထိုင္ေနၾကတုန္းပါဘဲ။ စစ္ကားေတြ ျဖတ္ေမာင္းသြားတိုင္း က်ေနာ္တို႔ ေအာ္ဟစ္ၾကတယ္။ဆိုင္ကယ္တစီး ေမာင္းလာေတာ့ “on the road “ ဆိုၿပီး အဲ့ဒီ တုန္းက ရံုတင္ေနတဲ့ ႐ုပ္ရွင္ကား နာမည္ကို ေအာ္ၾကတယ္။သံရံုးကားတစီးလဲအင္းစိန္ဘက္ကေနေမာင္းလာၿပီးမွ ေနာက္ဆုတ္ျပန္ေမာင္းသြားတယ္။

က်ေနာ္နဲ႔ အတူရွိေနၾကတာ(တလမ္းထဲ အတူေနေတြျဖစ္တဲ့)ကိုေက်ာ္ေဇယ်ာထြန္း( စီးပြားေရးတကၠသိုလ္ - ပထမႏွစ္ေက်ာင္းသား ) ၊ကိုျမင့္ေအး( ပထမႏွစ္-စက္မူွတကၠသိုလ္)၊ကိုထင္ေအာင္ေက်ာ္( ပထမႏွစ္-ေဆးတကၠသိုလ္)က်န္သူေတြကေတာ့ အ-ထ-က ေက်ာင္းသားေလးေတြ ကို၀င္းေအာင္၊ကိုမင္းလြင္ေက်ာ္ ၊ကိုညီညီနဲ႔ ဖိုးခ်ိဳ တို႔အဖြဲ႕ (တျခားလူေတြ မမွတ္မိေတာ့ၿပီ)။
တျခားအစုေတြမွာ အမ်ားစုက အေဆာင္ေက်ာင္းသားေတြ ဒဂံု၊ေရႊဘို၊အင္း၀၊ပင္းယ၊ပဲခူး ေဆာင္ေတြနဲ႔ အျပင္ေဆာင္က သူေတြမ်ားတယ္။

အဲ့ဒီအခ်ိန္မွာ လံုထိန္းကားေတြ ထပ္ေရာက္လာၿပီး လံုထိန္းေတြက လွည္းတန္း လမ္းဆံု မွာ ဝီစီ မူွတ္တန္းစီ ေနရာယူၾကတယ္။က်ေနာ္တို႔ကို လူစုခြဲဘို႔ နံပါတ္ဒုတ္ေတြနဲ႔ စရြယ္ေတာ့ က်ေနာ္တို႔က ခဲနဲ႔ ျပန္ထုလို႔ ေနာက္ဆုတ္သြားၾကတယ္။

ပလက္ေဖါင္းမွာထိုင္ၿပီး ေအာ္ဟစ္ေနၾကတုန္း ည ၈:၀၀ နာရီ သတင္းကို လဘက္ရည္ဆိုင္ေတြက အက်ယ္ႀကီးဖြင့္ေပးထားတာ ၾကားလိုက္ရတယ္၊
"ႀကိဳ႕ကုန္းမွာ စက္မူွေက်ာင္းသားေတြနဲ႔ အရပ္သားေတြ ရန္ျဖစ္လို႔ လူစုခြဲ ပစ္ခတ္ရာမွာ စက္မူွ ေက်ာင္းသားဖုန္းေမာ္၊စိုးႏိုင္ ေသဆံုးေၾကာင္းနဲ႔ တခ်ိဳ႕ ဒဏ္ရာရေၾကာင္း၊စက္မူွ တကၠသိုလ္ ေက်ာင္းသားေတြ ဖ်က္ဆီးလို႔ ေက်ာင္းက မွန္ ဘယ္ႏွခ်ပ္ကြဲရပါတယ္"ဆိုၿပီး ေၾကညာတာ ၾကားလိုက္ရေတာ့ က်ေနာ္တို႔ေတြ စၿပီးေပါက္ကြဲၾကတယ္။က်ေနာ္တို႔အစုထဲကတေယာက္က လမ္းပိတ္ထားတဲ့ မ၀င္ရ ⛔ ဆိုင္းဘုတ္ကို ေျပၿပီး ကန္လွဲလိုက္တယ္ ၊ တၿပိဳင္ထဲမွာတင္ ကမာရြတ္ ရဲစခန္းကို အုတ္ခဲက်ိဳးေတြနဲ႔ ဝိုင္းၿပီးထုၾကတယ္။

လမ္းမီးေတြ ကိုျဖတ္ခံလိုက္ရေတာ့ ေမွာင္က်သြားတယ္ ၊လိပ္ျပာေတာင္ ဆံသဆိုင္ မွန္ေတြကိုပါ ခဲနဲ႔ဝိုင္းထုၾကတယ္။

အဲ့ဒီမွာတင္ လံုထိန္းကားေတြ ေမာင္း၀င္လာၿပီး လံုထိန္းေတြ အင္အားျဖည့္ေနရာယူၿပီး ဒရၾကမ္း ၀င္႐ိုက္ၾကတယ္။ က်ေနာ္တို႔လဲ အုတ္ခဲေတြ ျခံစည္း႐ိုး တုတ္ေတြနဲ႔ ျပန္ခုခံၾကတယ္၊ နံပါတ္တုတ္ေတြလုၿပီးျပန္႐ိုက္ၾကတယ္။

လံုထိန္းေတြက တက္လာလိုက္ ျပန္ဆုတ္သြားလိုက္ အေျခအတင္ အျပန္အလွန္ ခုခံေနရာက က်ေနာ္တို႔ ဘက္က အ႐ိုက္ခံရလို႔ ဒဏ္ရာရတဲ့သူေတြ ေခါင္းကြဲတဲ့သူေတြ ရွိလာတယ္။ရပ္ကြက္ထဲ လူေတြလဲ ဒဏ္ရာ ရၾကတယ္။
လံုထိန္းကားေတြ ပိုမ်ားလာတယ္ ၊အင္အားမမွ်ေတာ့ က်ေနာ္တို႔ လူစုခြဲၾကရတယ္။

ရပ္ကြက္ထဲက လူေတြက က်ေနာ္တို႔ကို အိမ္ေတြထဲမွာ ဖြက္ေပးၾကတယ္၊ က်ေနာ္လဲ နီးစပ္ရာ အိမ္ထဲ ၀င္ေျပး ရတယ္။ က်ေနာ္ ေရာက္သြားတဲ့ အိမ္က (ဥပေဒ တတိယႏွစ္ေက်ာင္းသူစန္းမာလာၫြန္႔ ရဲ႕အိမ္) အသိအိမ္ျဖစ္ေနတယ္ ။

လံုထိန္းေတြက လမ္းထဲထိ ၀င္႐ိုက္ၾကေပမယ့္ အတြင္းပိုင္းထိေတာ့ ၀င္မလိုက္ရဲၾကဘူး။
က်ေနာ္တို႔လဲ လူစုေတြ ကြဲကုန္တယ္ ၊ည ၁၂:၀၀ နာရီေလာက္မွာ အေျခအေနက ၿငိမ္သက္သြားတယ္ ၊လံုထိန္းေတြလဲ လမ္းထဲ ၀င္မလာရဲဘူး၊တအိမ္နဲ႔တအိမ္ ကပ္ေနေတာ့ စကားတိုးတိုး လွမ္းေျပာၿပီး အဆက္အသြယ္ ရတယ္။ လမ္းသူလမ္းသားေတြက အကူအညီ အမ်ားႀကီးေပးၾကတယ္၊
က်ေနာ္လဲ ေမွာင္ရိပ္ခိုၿပီး မလွမ္းမကမ္းမွာရွိတဲ့ ေမဂ်ာတူ သူငယ္ခ်င္း အရွည္ႀကီး မင္းစိုးမိုးေသာ္ အိမ္( ဆည္းဆာ စာအုပ္ႏွင့္ ကက္ဆက္ေခြအငွားဆိုင္)ကိုကူးသြားလိုက္တယ္၊
မင္းစိုးမိုးေသာ္ရဲ႕ အမ က တံခါးလာဖြင့္ေပးၿပီး အေပၚထပ္ ကို ေခၚသြားတယ္ ။ မီးေရာင္မွိန္မွိန္ေအာက္မွာ ေက်ာင္းသား အေယာက္ ၄၀ေက်ာ္ေလာက္ရွိမယ္ ဝိုင္းဖြဲ႕ထိုင္ေနၾကတာ၊ အမ်ားစုက ဒဂံုေဆာင္နဲ႔ ပဲခူးေဆာင္ ၊ေရႊဘိုေဆာင္က သူေတြ၊မင္းစိုးမိုးေသာ္က ေပ်ာက္ေနတုန္းဘဲ ၊ သူ႔အိမ္က လူေတြကေတာ့ အဖမ္းခံ လိုက္ရၿပီဆိုၿပီး စိတ္ပူေနၾကတယ္၊
က်ေနာ္တို႔လဲ အသံတိုးတိုးနဲ႔ အစည္းအေ၀: တခ ုလုပ္ျဖစ္ၾကတယ္။
မနက္က်ရင္ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေဖါက္ထြက္မယ္ ၿပီးေတာ့ ေနာက္ေန႔ေတြ main ထဲမွာ စည္းရံုးလႉံေဆာ္မူွေတြစလုပ္ၾကမယ္။convocation ေရွ႕ျမက္ခင္းမွာ စုရပ္ အျဖစ္ သတ္မွတ္လိုက္ၾကတယ္။
အစည္းအေ၀: အရွိန္ေကာင္းေနတုန္း အိမ္ေရွ႕မွာ ရဲဂ်စ္ကားတစင္း ထိုးရပ္လာေတာ့ အားလံုး ျပားျပားေမွာက္ၿပီး ၿငိမ္ေနလိုက္ၾကတယ္။ေျပးစရာပုန္းစရာ ေနရာမရွိ ငါတို႔ေတာ့ အစုအျပံဳအလိုက္ အဖမ္းခံၾကရၿပီေတြးေနတုန္း အရွည္ႀကီး မင္းစိုးမိုးေသာ္ ဂ်စ္ကားေပၚက ဆင္းလာတာ ကို ပုန္လ်ိဴးကြယ္႐ွိဴး ၾကည့္ရင္း ေတြ႕လိုက္ရတယ္။
ဂ်စ္ကားေမာင္းထြက္သြားၿပီး အရွည္ႀကီး မင္းစိုးမိုးေသာ္ အိမ္ေပၚ တက္လာမွ အားလံုး သက္ျပင္းခ်ၿပီး ႀကိတ္ရယ္ၾကရတယ္။
ဖမ္းထားတုန္း သူ႔မိသားစုနဲ႔ သိတဲ့ ရဲအုပ္က ဆြဲထုတ္လာၿပီး အိမ္ျပန္ပို႔ ေပးတာလို႔ သိရတယ္။
အေမွာင္ထဲမွာ ေခြ်းနံတေထာင္းေထာင္းနဲ႔ ျခင္ကကိုက္၊ မနက္လင္းခါနီးထိ က်ေနာ္တို႔ အားလံုး လူးလွိမ့္လို႔ေနခဲ့ၾကရတယ္။
အဲ့ဒီညက လွည္းတန္းလမ္းဆံုကေန ဆင္မလိုက္သံုးေထာင့္ေကြ႕ထိ စစ္ကားေတြ လံုထိန္းကားေတြ သံခ်ပ္ကာကားေတြ အျပည့္ ေနရာယူထားၿပီး တရပ္ကြက္လံုးကို တညလံုး ဝိုင္းထားတယ္လို႔ ျပန္သိရတယ္။

မ်ိဳးႀကီး( ေအာင္မ်ိဳးတင့္)

၁၉၈၈ မတ်လ ၁၃ ရက်နေ့ ညနေ ၆:၀၀
(

အဲ့ဒီညနေမှာ ရန်ကုန်တက္ကသိုလ် အဆောင်နေကျောင်းသားတချို့ရယ်၊ကမာရွတ်၊စမ်းချောင်း၊ကြည့်မြင်တိုင် ဘက်က ကျောင်းသား တချို့ လှည်းတန်းမီးပွိုင့် လမ်းဆုံမှာ စုဝေးဖြစ်ခဲ့ကြတယ်။

လှည်းတန်းသားတွေနဲ့ရန်ကုန်တက္ကသိုလ်(ပင်မ)ရဲ့ ၈၈ လူှပ်ရှားမူှ အစ လို့ ပြောရမယ်။

လုံထိန်းတွေကတက္ကသိုလ်ဓမ္မာရုံ ၀င်းထဲ မှာ နေရာယူထားကြတယ်။ကျနော်တို့လဲ အေးအေးဆေးဆေး ပါဘဲ အိမ ကျောက်ကျော ဆိုင်ရှေ့ ပလက်ဖေါင်းပေါ် ထိုင်နေကြတယ်။
ရဲတွေက RIT ဘက်သွားမယ့် အင်းစိန်လမ်းမကြီးကိုပိတ်ပစ်လိုက်ကြတယ်၊TE 21 စစ်ကားတွေ RIT ဘက်ကို အရှိန်နဲ့ တစီးပြီးတစီး မောင်းသွားနေတယ်။
RIT ကို တပ်နဲ့ လုံထိန်းတွေ ဝိုင်းထားတယ်လို့ အင်းစိန်ဘက်က ပြန်လာသူတွေ ပြောပြလို့သိရတယ်။

မိုးချုပ်လာလေ ကျောင်းသား အစုတွေလဲ ပိုများများလာလေဘဲ၊ တဘက်ကလဲ စစ်ခမောက် အနီရောင်ဆောင်းထားတဲ့ လုံထိန်းတပ်တွေ အင်အားပိုများလာတယ်။ ဟွန်ဟွန် 3 ဆံပင်ညှပ်ဆိုင်ရှေ့ မီးပွိုင့် ကြက်လျှာစွန်း မြက်ခင်းပေါ်မှာ လုံထိန်းတပ်က နေရာစယူတယ်၊နောက်တဖွဲ့ကတက္ကသိုလ်ဓမ္မာရုံ ဘက်မှာ ၊တက္ကသိုလ် ရိပ်သာလမ်းပေါ်မှာလဲ သံချပ်ကာကားတွေ စတွေ့လာရတယ်။

ကျနော်တို့လဲ ဒီဘက်ခြမ်း လိပ်ပြာတောင် ဆံသဆိုင်ကနေ ဦးထွန်းလင်းခြံ လမ်းထိပ်ထိ အစု လိုက် ထိုင်နေကြတုန်းပါဘဲ။ စစ်ကားတွေ ဖြတ်မောင်းသွားတိုင်း ကျနော်တို့ အော်ဟစ်ကြတယ်။ဆိုင်ကယ်တစီး မောင်းလာတော့ “on the road “ ဆိုပြီး အဲ့ဒီ တုန်းက ရုံတင်နေတဲ့ ရုပ်ရှင်ကား နာမည်ကို အော်ကြတယ်။သံရုံးကားတစီးလဲ အင်းစိန်ဘက်ကနေမောင်းလာပြီးမှ နောက်ဆုတ်ပြန်မောင်းသွားတယ်။

ကျနော်နဲ့ အတူရှိနေကြတာ(တလမ်းထဲ အတူနေတွေဖြစ်တဲ့)ကိုကျော်ဇေယျာထွန်း( စီးပွားရေးတက္ကသိုလ် - ပထမနှစ်ကျောင်းသား ) ၊ကိုမြင့်အေး( ပထမနှစ်-စက်မူှတက္ကသိုလ်)၊ကိုထင်အောင်ကျော်( ပထမနှစ်-ဆေးတက္ကသိုလ်)ကျန်သူတွေကတော့ အ-ထ-က ကျောင်းသားလေးတွေ ကိုဝင်းအောင်၊ကိုမင်းလွင်ကျော် ၊ကိုညီညီနဲ့ ဖိုးချို တို့အဖွဲ့ (တခြားလူတွေ မမှတ်မိတော့ပြီ)။
တခြားအစုတွေမှာ အများစုက အဆောင်ကျောင်းသားတွေ ဒဂုံ၊ရွှေဘို၊အင်းဝ၊ပင်းယ၊ပဲခူး ဆောင်တွေနဲ့ အပြင်ဆောင်က သူတွေများတယ်။
အဲ့ဒီအချိန်မှာ လုံထိန်းကားတွေ ထပ်ရောက်လာပြီး လုံထိန်းတွေက လှည်းတန်း လမ်းဆုံ မှာ ဝီစီ မူှတ်တန်းစီ နေရာယူကြတယ်။ကျနော်တို့ကို လူစုခွဲဘို့ နံပါတ်ဒုတ်တွေနဲ့ စရွယ်တော့ ကျနော်တို့က ခဲနဲ့ ပြန်ထုလို့ နောက်ဆုတ်သွားကြတယ်။

ပလက်ဖေါင်းမှာထိုင်ပြီး အော်ဟစ်နေကြတုန်း ည ၈:၀၀ နာရီ သတင်းကို လဘက်ရည်ဆိုင်တွေက အကျယ်ကြီးဖွင့်ပေးထားတာ ကြားလိုက်ရတယ်၊
"ကြို့ကုန်းမှာ စက်မူှကျောင်းသားတွေနဲ့ အရပ်သားတွေ ရန်ဖြစ်လို့ လူစုခွဲ ပစ်ခတ်ရာမှာ စက်မူှ ကျောင်းသားဖုန်းမော်၊စိုးနိုင် သေဆုံးကြောင်းနဲ့ တချို့ ဒဏ်ရာရကြောင်း၊စက်မူှ တက္ကသိုလ် ကျောင်းသားတွေ ဖျက်ဆီးလို့ ကျောင်းက မှန် ဘယ်နှချပ်ကွဲရပါတယ်"ဆိုပြီး ကြေညာတာ ကြားလိုက်ရတော့ ကျနော်တို့တွေ စပြီးပေါက်ကွဲကြတယ်။ကျနော်တို့အစုထဲကတယောက်က လမ်းပိတ်ထားတဲ့ မဝင်ရ ⛔ ဆိုင်းဘုတ်ကို ပြေပြီး ကန်လှဲလိုက်တယ် ၊ တပြိုင်ထဲမှာတင် ကမာရွတ် ရဲစခန်းကို အုတ်ခဲကျိုးတွေနဲ့ ဝိုင်းပြီးထုကြတယ်။

လမ်းမီးတွေ ကိုဖြတ်ခံလိုက်ရတော့ မှောင်ကျသွားတယ် ၊လိပ်ပြာတောင် ဆံသဆိုင် မှန်တွေကိုပါ ခဲနဲ့ဝိုင်းထုကြတယ်။

အဲ့ဒီမှာတင် လုံထိန်းကားတွေ မောင်းဝင်လာပြီး လုံထိန်းတွေ အင်အားဖြည့်နေရာယူပြီး ဒရကြမ်း ၀င်ရိုက်ကြတယ်။ ကျနော်တို့လဲ အုတ်ခဲတွေ ခြံစည်းရိုး တုတ်တွေနဲ့ ပြန်ခုခံကြတယ်၊ နံပါတ်တုတ်တွေလုပြီးပြန်ရိုက်ကြတယ်။

လုံထိန်းတွေက တက်လာလိုက် ပြန်ဆုတ်သွားလိုက် အခြေအတင် အပြန်အလှန် ခုခံနေရာက ကျနော်တို့ ဘက်က အရိုက်ခံရလို့ ဒဏ်ရာရတဲ့သူတွေ ခေါင်းကွဲတဲ့သူတွေ ရှိလာတယ်။ရပ်ကွက်ထဲ လူတွေလဲ ဒဏ်ရာ ရကြတယ်။
လုံထိန်းကားတွေ ပိုများလာတယ် ၊အင်အားမမျှတော့ ကျနော်တို့ လူစုခွဲကြရတယ်။

ရပ်ကွက်ထဲက လူတွေက ကျနော်တို့ကို အိမ်တွေထဲမှာ ဖွက်ပေးကြတယ်၊ ကျနော်လဲ နီးစပ်ရာ အိမ်ထဲ ၀င်ပြေး ရတယ်။ ကျနော် ရောက်သွားတဲ့ အိမ်က (ဥပဒေ တတိယနှစ်ကျောင်းသူ ဆန်းမာလာညွန့် ရဲ့အိမ်) အသိအိမ်ဖြစ်နေတယ် ။

လုံထိန်းတွေက လမ်းထဲထိ ၀င်ရိုက်ကြပေမယ့် အတွင်းပိုင်းထိတော့ ၀င်မလိုက်ရဲကြဘူး။
ကျနော်တို့လဲ လူစုတွေ ကွဲကုန်တယ် ၊ည ၁၂:၀၀ နာရီလောက်မှာ အခြေအနေက ငြိမ်သက်သွားတယ် ၊လုံထိန်းတွေလဲ လမ်းထဲ ၀င်မလာရဲဘူး၊တအိမ်နဲ့တအိမ် ကပ်နေတော့ စကားတိုးတိုး လှမ်းပြောပြီး အဆက်အသွယ် ရတယ်။ လမ်းသူလမ်းသားတွေက အကူအညီ အများကြီးပေးကြတယ်၊
ကျနော်လဲ မှောင်ရိပ်ခိုပြီး မလှမ်းမကမ်းမှာရှိတဲ့ မေဂျာတူ သူငယ်ချင်း အရှည်ကြီး မင်းစိုးမိုးသော် အိမ်( ဆည်းဆာ စာအုပ်နှင့် ကက်ဆက်ခွေအငှားဆိုင်)ကိုကူးသွားလိုက်တယ်၊
မင်းစိုးမိုးသော်ရဲ့ အမ က တံခါးလာဖွင့်ပေးပြီး အပေါ်ထပ် ကို ခေါ်သွားတယ် ။ မီးရောင်မှိန်မှိန်အောင်မှာ ကျောင်းသား အယောက် ၄၀ကျော်လောက်ရှိမယ် ဝိုင်းဖွဲ့ထိုင်နေကြတာ၊ အများစုက ဒဂုံဆောင်နဲ့ ပဲခူးဆောင် ၊ရွှေဘိုဆောင်က သူတွေ၊မင်းစိုးမိုးသော်က ပျောက်နေတုန်းဘဲ ၊ သူ့အိမ်က လူတွေကတော့ အဖမ်းခံ လိုက်ရပြီဆိုပြီး စိတ်ပူနေကြတယ်၊
ကျနော်တို့လဲ အသံတိုးတိုးနဲ့ အစည်းအဝေ: တခ ုလုပ်ဖြစ်ကြတယ်။
မနက်ကျရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖေါက်ထွက်မယ် ပြီးတော့ နောက်နေ့တွေ main ထဲမှာ စည်းရုံးလှူံဆော်မူှတွေစလုပ်ကြမယ်။convocation ရှေ့မြက်ခင်းမှာ စုရပ် အဖြစ် သတ်မှတ်လိုက်ကြတယ်။
အစည်းအဝေ: အရှိန်ကောင်းနေတုန်း အိမ်ရှေ့မှာ ရဲဂျစ်ကားတစင်း ထိုးရပ်လာတော့ အားလုံး ပြားပြားမှောက်ပြီး ငြိမ်နေလိုက်ကြတယ်။ပြေးစရာပုန်းစရာ နေရာမရှိ ငါတို့တော့ အစုအပြုံအလိုက် အဖမ်းခံကြရပြီတွေးနေတုန်း အရှည်ကြီး မင်းစိုးမိုးသော် ဂျစ်ကားပေါ်က ဆင်းလာတာ ကို ပုန်လျိူးကွယ်ရှိူး ကြည့်ရင်း တွေ့လိုက်ရတယ်။
ဂျစ်ကားမောင်းထွက်သွားပြီး အရှည်ကြီး မင်းစိုးမိုးသော် အိမ်ပေါ် တက်လာမှ အားလုံး သက်ပြင်းချပြီး ကြိတ်ရယ်ကြရတယ်။
ဖမ်းထားတုန်း သူ့မိသားစုနဲ့ သိတဲ့ ရဲအုပ်က ဆွဲထုတ်လာပြီး အိမ်ပြန်ပို့ ပေးတာလို့ သိရတယ်။
အမှောင်ထဲမှာ ချွေးနံတထောင်းထောင်းနဲ့ ခြင်ကကိုက်၊ မနက်လင်းခါနီးထိ ကျနော်တို့ အားလုံး လူးလှိမ့်လို့နေခဲ့ကြရတယ်။
အဲ့ဒီညက လှည်းတန်းလမ်းဆုံကနေ ဆင်မလိုက်သုံးထောင့်ကွေ့ထိ စစ်ကားတွေ လုံထိန်းကားတွေ သံချပ်ကာကားတွေ အပြည့် နေရာယူထားပြီး တရပ်ကွက်လုံးကို တညလုံး ဝိုင်းထားတယ်လို့ ပြန်သိရတယ်။

မျိုးကြီး( အောင်မျိုးတင့်)

No comments:

Post a Comment