Latest News

Thursday, December 5, 2019

ဦးရွှေမန်းနဲ့ ဧရာရွှေဝါကုမ္ပဏီက သိမ်းသွားတဲ့မြေတွေပြန်ပေးပါ၊ နှစ်ပေါင်းများစွာ ဆင်းရဲ မွဲတေခဲ့ရသူတွေနဲ့ နစ်နာသူတွေအတွက် ဦးရွှေမန်းမိသားစု ပြန်ပေးဆပ်ပါ


ဓနုဖြူမှာ အမေစုက တောင်သူတွေဆီက သိမ်းထားတဲ့မြေတွေ ပြန်ပေးဖို့ပြောသွားတယ်။ အမေစုဆီက ဒီစကားကြားရတော့ ဝမ်းသာ/ဝမ်းနည်း ဖြစ်မိတယ်။ ဝမ်းသာတာက ဆုံးရှုံးထားတာတွေကို ပြန်ရတော့မှာမို့၊ ဝမ်းနည်းတာက လယ်သိမ်းခံ အများစုက သေတဲ့သူတွေသေ၊ ဒုက္ခတွေရောက်ပြီး တောင်းစားသူက တောင်းစား၊ ကလေးတွေကျောင်းထွက်ပြီး နိုင်ငံခြားအလုပ်သွားလုပ်သူတွေက သွားကုန်ကြလို့ပါပဲ။ ခုချိန်မှ ပြန်ပေးလည်း သူတို့ဘဝတွေက အရင်လိုပြန်ဖြစ် မလာတော့ပါဘူး။

လွန်ခဲ့သော ၂၁နှစ်ခန့် (၁၉၉၈ ခုနှစ်) က ဦးရွှေမန်း နာမည်ပေးခဲ့တဲ့ ဧရာရွှေဝါကုမ္ပဏီက ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ်အပါအဝင် ကန်ကြီးထောင့်၊ ရေကြည်၊ ကျောင်း ကုန်း၊ အိမ်မဲစတဲ့ မြို့နယ်များမှ လယ်မြေဧကပေါင်း ၄၁,ဝဝဝ ကျော်ကို သိမ်းယူခဲ့ပါတယ်။ လယ်ပိုင်ရှင် တောင်သူအများအပြား လယ်မဲ့၊ အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး မိသားစုပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ရပါတယ်။ အဲဒီအချိန်က ဦးရွှေမန်းက ဧရာဝတီတိုင်းမှာ စစ်တိုင်းမှူးဖြစ်ပြီး သားဖြစ်သူ ဦးအောင်သက်မန်းက ဧရာရွှေဝါ ကုမ္ပဏီကို ဦးဆောင်ပါတယ်။

ဧရာဝတီတိုင်းကို ဦးရွှေမန်းမိသားစု နှိပ်စက်ခဲ့တာက မြေသိမ်းတာတစ်ခုတင် မဟုတ်ပါဘူး။ “ရွှေမေတ္တာ” နာမည်နဲ့ ဇီဝဓာတ်မြေဩဇာစက်ရုံကိုပါထောင်ပြီး ဒေသခံ လယ်သမားတွေကို မယူမနေရ ရောင်းခဲ့ပါသေးတယ်။ လယ်သိမ်းခံလို့ စားစရာမရှိတဲ့ တောင်သူတွေမှာ မယူမနေရ ဓာတ်မြေဩဇာကြောင့် တစ်ပူပေါ်တစ်ပူဆင့် ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံရဲ့ဆန်အိုးကြီး ဧရာဝတီတိုင်းမှာ စားစရာဆန် မရှိသူတွေပေါ်လာပါတော့တယ်။

ဧရာဝတီပြည်သူတွေကို ဘဝပျက် ဒုက္ခအမျိုးမျိုးရောက်အောင်လုပ်ခဲ့တဲ့ ဦးရွှေမန်း မိသားစုက အခုချိန်မှာ ကျိကျိတက်ချမ်းသာနေပါတယ်။ ဦးရွှေမန်းမိသားစု ပိုင်ဆိုင်မှုက ဧရာဝတီတိုင်း တစ်တိုင်းလုံးက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုအားလုံးပေါင်းထက်တောင် များပါသေးတယ်။ အခုဆို အမေစုကလည်း သိမ်းထားတဲ့ လယ်တွေပြန်ပေးဖို့ ပြောနေပါပြီ။ ဒီတော့ ဦးရွှေမန်းတိုင်းမှူးလက်ထက် ဧရာရွှေဝါကုမ္ပဏီက သိမ်းသွားတဲ့ မြေတွေပြန်ပေး ပါ၊ နှစ်ပေါင်းများစွာဆင်းရဲမွဲတေခဲ့ရသူတွေနဲ့ နစ်နာသူတွေအတွက် ဦးရွှေမန်းမိသားစု ပြန်ပေးဆပ်ပါ။ မဟုတ်ရင်တော့ ဧရာဝတီတိုင်းဆီကနေ မဲတစ်မဲမှ ရဖို့ စိတ်မကူးပါနဲ့။

ဦးအုန်းစိန်(ဒါးက)

No comments:

Post a Comment