Latest News

Saturday, November 16, 2019

ဗမာလူမျိုးကြီး ဝါဒ နဲ့ မျက်မှောက် ဖက်ဒရယ် တည်ဆောက်ရေး ကြိုးပမ်းမှု ပဋိပက္ခ (၁)



သီဟသွေး

ဒီမိုကရေစီ နိုင်ငံ အဖြစ် ထူထောင်ရသည်မှာ လွယ်ကူ လှသည် မဟုတ်၊ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံ ကို ဒီမိုကရေစီ နိုင်ငံအဖြစ် ထူထောင်ဖို့ ကြိုးစားခဲ့ကြသည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့် ခဲ့ပြီး အခုချိန်ထိ အောင်မြင်မှုမရရှိသေးပါ ၊ ထို့အတူပဲ ဒီမိုကရေစီ စနစ် ကျင့်သုံးတဲ့ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတစ်ခုအဖြစ် တည်ဆောက်ရသည်မှာ ပိုလို့ ပင် ခက်ခဲလိမ့်မယ် ဆိုတာ အလွန်သေချာတဲ့ ကိစ္စပဲဖြစ်ပါတယ် ။ အခုလို ဒီမိုကရေစီ နိုင်ငံလည်းတည် ဆောက် ၊ တချိန်တည်းမှာ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအဖြစ် ပြင်ဆင်ဖွဲ့စည်း နေရတဲ့ မျက်မှောက် မြန်မာ့ နိုင်ငံရေး အခြေအနေဟာ ယိမ်းထိုး လှုပ်ခါလျှက်ရှိနေတာကို အားလုံးတွေ့မြင်နေကြရပါတယ်။ အာဏာ နိုင်ငံရေးမှာ အာဏာရပါတီ နဲ့ အခြားအတိုက်အခံပါတီ ၊ တိုင်းရင်းသား ပါတီတွေအကြား အားပြိုင်မှုတွေပြင်းထန်နေသလို ဖက်ဒရယ် စနစ် ထူထောင်ရေး ကို ပန်းတိုင်ထားရှိတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ငြိမ်းချမ်းရေး ရယူတည်ဆောက်ရေး ကိစ္စတွေမှာလည်း အာဏာရပါတီ၊ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြားမှာ အားပြိုင်မှုတွေ ပြင်းထန်လာပြန်ပါတယ် ။ ဒီအခြေအနေက နေ လွတ်မြောက်နိုင်မယ့် မျှော်လင့်ချက်ကတော့ အလှမ်းဝေးနေဆဲပါပဲဆိုတာလည်း လက်ရှိ ညှိနှိုင်းပြေလည်ဖို့ အကြောင်းမမြင်သေးတဲ့လွှတ်တော်တွင်း အားပြိုင်ပွဲ ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ထဲက ရှေ့မတိုးနောက်ဆုတ် အခြေအနေတွေက နေ မီးမောင်းထိုးပြလျှက်ရှိပါတယ် ။ ဒီလို လိပ်ခဲတည်းလဲ အခြေအနေမျိုး မှာ သတိထားမိတဲ့ စိုးရိမ်စရာအကောင်းဆုံး အနေအထားတစ်ရပ်ကတော့ လက်ရှိ အခြေအနေတွေဟာ ၁၉၆၂ ခုနှစ်မတိုင်မီ ပါလီမန် ခေတ်ရဲ့ နောက်ဆုံး ကာလများ နဲ့ တူညီလာတာပဲဖြစ်ပါတယ် ။ ပါတီ နိုင်ငံရေး မှာ အားပြိုင်မှုတွေ ပြင်းထန်နေသလို တိုင်းရင်းသား အင်အားစုတွေကလည်း ဖက်ဒရယ် ထူထောင်ရေး အတွက်ဖိအားပေးနေခဲ့တဲ့ ၁၉၆၀ က အခြေအနေနဲ့ အနေအထားမျိုး ကို အခုအချိန်မှာ ဆိုက်ရောက်နေပြန်ပါတယ် ။ မတူညီတာ တစ်ခုက စစ်တပ် ရဲ့ ကြားဝင်မှုကို ပြည်သူများအနေနဲ့ မျှော်လင့်နေတဲ့ ခံစားချက်မျိုး ရှိမနေပဲ ၁၉၆၂ ခုနှစ်တုန်းကလို စစ်တပ်က အာဏာပြန်ယူမယ့် အခြေအနေ မျိုးပြန်ရောက်မသွားစေဖို့ ဆန္ဒ ရှိနေကြဆဲအခြေအနေပဲဖြစ်ပါတယ် ။ ဒီ အချက် ဟာ လက်ရှိ အကျပ်အတည်းအခြေအနေတွေကနေ အဆိုးဖက်ကိုရောက်မသွားစေဖို့ နည်းနည်း ခုသာခံသာ ရှိတဲ့ အဆိုးထဲ က အကောင်း လို့ ပြောရမယ့် အခြေအနေပဲဖြစ်ပါတယ် ။ ဒါကြောင့် အင်္ဂလိပ် လက်ကနေ လွတ်လပ်ရေး ရရှိပြီး ကတည်းက တိုင်းပြည်တစ်ခု ပြန်လည် ထူထောင်ရေး အတွက် ဗမာ တိုင်းရင်းသားတွေ နဲ့ အခြား တိုင်းရင်းသားတွေ အကြား ထားရှိခဲ့ကြတဲ့ သဘောတူညီမှု၊ ကတိကဝတ် ဆိုင်ရာ ပြဿနာတွေနဲ့ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ဗမာ များသာ တိုင်းပြည်ကို ပိုင်ရှင်သဖွယ် စိုးမိုး ချယ်လှယ် ချုပ်ကိုင် အုပ်စည်းရေး ကြိုးပမ်းနေတယ် ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ စွဲချက် ပြဿနာ စတင်ခဲ့တဲ့ သမိုင်း ဘီး ဟာ အခုအချိန်မှာ တပတ်လည်ပြီလားလို့ တွေးထင်စရာအခြေအနေကိုရောက်ရှိလာတာပဲဖြစ်ပါတယ် ။ အကြောင်းကတော့ ဒီကနေ့ အာဏာရပါတီ NLD နဲ့ တပ်မတော် ရဲ့ နိုင်ငံရေး ရပ်တည်ချက်၊ ၎င်းတို့ ရဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ လက်တလော ရည်မှန်းချက် သဘောထားတွေ အရ တိုင်းရင်းသားအင်အားစုများ အဖို့ အစိုးရရော တပ်မတော်ရော ၂ ဖွဲ့စလုံး ဟာဗမာ လူမျိုးကြီးဝါဒ ၊ တနည်း ၊ ဗမာ များသာ တိုင်းပြည်ကို ပိုင်ရှင်သဖွယ် လွှမ်းမိုးချုပ်ကိုင် ချယ်လှယ်ရေး ကို အခြေခံထားပြီး တိုင်းရင်းသား များ လိုလား တဲ့ ဖက်ဒရယ် စနစ်ကို ဈေးဆစ် ဖို့ ကြိုးစားနေတယ် ဆိုတဲ့ အမြင်တွေ ခံစားချက်တွေ ဖြစ်ပေါ်လာစေခြင်းကြောင့်ပဲဖြစ်ပါတယ် ။ ဒါကြောင့် လက်တလော အားယူနေတဲ့ ဗမာ ကြီးစိုးရေးဝါဒ ဆန့်ကျင်ရေး အမြင်တွေ အကြားမှာပဲ အမှန်တကယ် ရင်ဆိုင်နေရတဲ့ နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေး အကျပ်အတည်းတွေကနေလွတ်မြောက်ပြီး ဖက်ဒရယ် စနစ် ကို အောင်မြင်စွာတည်ဆောက်နိုင်ဖို့ တိုင်းရင်းသား ပြည်သူအများ တွေးခေါ်ဆင်ခြင်ကြည့်သင့်တဲ့ အရေးပါတဲ့ စဉ်းစားချက် အချို့ကို ဒီဆောင်းပါးကနေ တင်ပြချင်ပါတယ် ။ ဒီနေရာမှာ ကြိုတင်ပြီး ဝန်ခံထား စရာရှိပါတယ် ။ တိုင်းရင်းသားအရေး ၊ ဖက်ဒရယ် အရေး ဗမာ လူမျိုးကြီး ဝါဒ ဆိုတာ တွေ ဟာ အလွန်ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာဖြစ်သလို အခု ကျွန်တော်တင်ပြ မယ့်အကြောင်းအရာတွေဟာလည်း အငြင်းပွားဖွယ် အတိတ်သမိုင်းကြောင်းအချက်တွေပါဝင်နေပါတယ် ။ ကျွန်တော့အနေနဲ့ ဤမျှသော ထိလွယ်ရှလွယ် အကြောင်းအရာတွေ ကို သမိုင်းဆိုင်ရာ စာအုပ်စာပေ စာတမ်းများမှာပါ ရှာဖွေ ဖတ်ရှုရုံမက သိနိုင်နားလည်နိုင်သော လူပုဂ္ဂိုလ်များထံကပါ ဗဟုသုတအမြင်များရှာဖွေစုဆောင်းပြီးတတ်နိုင်သ၍ အမှားအယွင်း အတိမ်းအဆောင်းမဖြစ်စေပဲ ရေးသားထားပါတယ် ။ သို့သော်လည်း သမိုင်းပညာရှင်များကဲ့သို့ အကြောင်းချင်းရာ တစ်ခုကို နှစ်ပေါင်းများလေ့လာ စူးစိုက်ထားတာ မဟုတ်တဲ့ အတွက် အကြောင်းချင်းရာတစ်ခုချင်းစီရဲ့ နက်နက်လှစွာသော အဓိပ္ပါယ်ဖေါ်ဆောင်မှုကိုတော့ တာဝန်ခံနိုင်မည်မဟုတ်ပါ ။ မည်သို့ပင်ဆိုစေ ဒီဆောင်းပါးကို ရေးသားရာမှာတော့ ကျွန်တော့ထံတွင်ခိုင်မာသော ယုံကြည်ချက်တစ်ခုရှိနေပါတယ် ။ အဲဒါကတော့ ကျွန်တော် လေ့လာစုဆောင်းကိုးကားထားသမျှ သမိုင်းဆိုင်ရအချက်အလက်များမှာ ယနေ့ မြန်မာပြည်က လူ့အဖွဲ့စည်းတွေ ကို မောင်းနှင်နေတဲ့ သူသိငါသိ သမိုင်းအချက်အလက်တွေ ထက်တော့ မတိမ်ဘူးဆိုတာပါပဲ ။ တကယ်တော့ ဒီကနေ့ မတည်ငြိမ်နိုင်သေးတဲ့ ဒီမိုကရေစီ အရေး အတွက်၊ ပေါ်ပေါက်မလာသေးတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ၊ သွားလေသော ၊ လာလေသော တိုင်းရင်းသားတွေ နဲ့ ဗမာတွေ အတွက် သာမန် နိုင်ငံသား ဗမာတစ်ယောက် က ပူပန် မှု တစုံတစ်ရာနဲ့နဲ့ ရေးသားလိုက်တဲ့ ဆောင်းပါးပဲဖြစ်ပါတယ် ။

"၂၀၁၅ အလွန် ဗမာ့ လူ့အဖွဲအစည်း အကြား ဖက်ဒရယ် စနစ် မျိုးစေ့ စတင် ပို့ချခြင်း နှင့် ဘေးထွက်ဆိုးကျိုး"

ဖက်ဒရယ် စနစ် ၊ ဖက်ဒရယ် အုပ်ချုပ်ရေး ဆိုတာဟာ တိုင်းရင်းသားတွေ အတွက် ငယ် အိပ်မက် ၊ မရောက် ရောက်အောင် သွားရမယ့် ပန်းတိုင်လိုဖြစ်နေပေမယ့် ဗမာ လူမျိုးတွေအတွက် သိပ်ပြီး ပြင်းပြလှတဲ့ ဆန္ဒ ၊ လိုလားချက်တစ်ခုတော့ မဟုတ်လှဘူးလို့ ပွင့်ပွင့်လင်းလင်းပဲဆိုရပါလိမ့်မယ်။ ဖက်ဒရယ် စနစ်ဟာ တိုင်းရင်းသား တွေက မြန်မာပြည်ကနေ ခွဲထွက်ဖို့ ရည်ရွယ်တဲ့ ကြိုးစားမှုတစ်ရပ် အဖြစ် နှစ်ပေါင်းများစွာ သွန်သင်ခြင်း ခံခဲ့ကြရသလို အာဏာရှင် စနစ်ကို ငြင်းပယ် တွန်းလှန်ရင်း ဒီမိုကရေစီ စနစ်ကိုရည်သန်လာတဲ့ အခါ အမေရိကန် နိုင်ငံလို စံပြ ဒီမိုကရေစီနိုင်ငံတွေ ကို ကြည့်မြင်ရင်း ဖက်ဒရယ် စနစ်ကို ဒီမိုကရေစီ အုပ်ချုပ်ရေး ပုစံတစ်ခု အဖြစ် လက်ခံလာကြတာက များတယ်လို့ဆိုရပါလိမ့်မယ် ။ ဒီကြားထဲမှာ တိုင်းရင်းသားတွေ အပေါ်စာနာစိတ် နဲ့ သူတို့ရဲ့ရပိုင်ခွင့်၊ ဖြစ်တည်နိုင်ခွင့်ကို အသိအမှတ်ပြုပေးရမယ်ဆိုတဲ့ ခံယူချက် နဲ့ ဖက်ဒရယ်ကို လိုလားသဘောတူ တဲ့ ဗမာတွေလည်းရှိပါတယ် ။ သေချာတာကတော့ တိုင်းရင်းသား ခေါင်းဆောင်တွေ အမှန်တကယ် လိုလားတောင့်တသော ဖက်ဒရယ် စနစ် ၊ ဖက်ဒရယ် ပုံစံ ကို ဗမာလူမျိုးများက ဂဃနဏ မသိကြတာတော့အသေအချာပဲဖြစ်ပါတယ်( အဲဒီလိုပဲ သာမန် ဒေသခံ တိုင်းရင်းသားတွေလည်း သိပုံမပေါ်ပါဘူး) ။ ဒီလိုအခြေအနေမှာ တစ်ဖက်မှာလည်းလက်ရှိ တိုင်းပြည်တည်ဆောက်ရေး နဲ့ ဒီမိုကရေစီ စနစ် ပီပြင်စွာဖြစ်ပေါ်လာရေး အတွက် တက်ကြွစွာ ဝိုင်းဝန်း ပါဝင်လှုပ်ရှားနေတဲ့ အဖွဲ့ အစည်းတွေ လူ့ အသိုင်းအဝိုင်းတွေမှာလည်း နိုင်ငံရေး ၊အုပ်ချုပ်ရေး ၊ဥပဒေပြုရေး ၊ လူ့အခွင့်ရေး ၊ အလုပ် သမားလယ်သမား အခွင့်ရေး စသဖြင့် များပြားလှစွာသော ပြုပြင် ထူထောင်ရမယ့် မူဝါဒရေးရာ ရှင်းလင်းမှုတွေ ၊သဘောတရားရေးရာ ပို့ချမှုတွေ ၊ စကားဝိုင်းဆွေးနွေးပွဲတွေ ပိုပြီး လုပ်ဆောင်လာကြပါတယ်၊ အဲဒီ အထဲမှာ ဖက်ဒရယ် စနစ် ဟာလည်း အဓိက ပို့ချ ရှင်းလင်း ဆွေးနွေး ရမယ့် အကြောင်းအရာတစ်ခုအဖြစ်ပါဝင်လာပါတယ် ။ ဒီနေရာ မှာ ဖက်ဒရယ် စနစ် နဲ့ ပတ်သက်ပြီး ဆွေးနွေးပို့ချတဲ့ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုမှာ ကျွန်တော် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကနေ စတင်ပြီး ကျွန်တော် သတိထားမိခဲ့သော ဘေးထွက်ဆိုးကျိုးအကြောင်းကို ပြောပြချင်ပါတယ် ။ အဲဒီ ဖက်ဒရယ် စနစ်နဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့ တဲ့ အလုပ်ရုံဆွေးနွေးပွဲ ဟာ ပြည်သူ လူထုအကြား သြဇာကြီးမားမှုရှိသော စာပေပညာရှင်တွေ အပါအဝင် ပြည်သူလူထု ထံကို ထိထိရောက် ရေးသား တင်ပြနိုင်တဲ့စာရေး ဆရာတွေ ၊ ကာတွန်းဆရာတွေ ၊ဆောင်းပါးရှင်တွေ ကို ဖိတ်ကြား တက်ရောက်စေပြီး နားလည် တက်ကျွမ်းတဲ့ နိုင်ငံရေး နဲ့ ဥပဒေ ပညာရှင်များ က ဖက်ဒရယ် စနစ် အကြောင်းရှင်းလင်း ပို့ချ ပေးဖို့ ရည်ရွယ်ပြီး စီစဉ်ထားတာဖြစ်ပါတယ် ။ ရှင်းလင်းပို့ချပေးတဲ့ ဆရာဆရာမများဟာ နိုင်ငံရေး သိပ္ပံဆိုင်ရာ ဘာသာရပ်များ နဲ့ ဥပဒေ ရေးရာများကို နိုင်ငံရပ်ခြားမှာ လေ့လာသင်ယူတတ်မြောက်လာကြသူများဖြစ်ကြသလို အချို့ဆရာများမှာလည်း သက်ဆိုင်ရာ တိုင်းရင်းသား ဒေသ အသီးသီး ရဲ့ နိုင်ငံရေး နဲ့ ဥပဒေ ပြုရေး နယ်ပယ်များ မှာ ကိုယ်တိုင် ရှေ့တန်းကနေ တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူများလည်းဖြစ်ကြပါတယ် ။ ထူးခြားစွာတိုက်ဆိုင်နေတာ တစ်ခုက ဟောပြောသင်ကြားပို့ချ သူအများစုက တိုင်းရင်းသားတွေဖြစ်နေပြီးလာရောက် လေ့လာ နာယူ သူ အများစုမှာ ဗမာ များဖြစ်နေတဲ့ အချက်ပဲဖြစ်ပါတယ် ။ ဖက်ဒရယ် စနစ်ကျင်သုံးနေကြတဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ အကြောင်းတွေ ၊ မတူညီကွဲပြားတဲ့ ဖက်ဒရယ်စနစ် ပုံစံတွေ အကြောင်းကို ဟောပြောပို့ချနေတဲ့ အချိန်မှာ စိတ်ဝင်တစား နားထောင်ကြပေမယ့် ဗမာ အများစုဖြစ်သော ပရိတ်သတ်မှာ မြန်မာနိုင်ငံရဲ့ အတိတ် ကာလ က ဖက်ဒရယ် အရေးနဲ့ ပတ်သက်ပြီး ယခင် အစိုးရ များ နဲ့ တိုင်းရင်းသားတွေအကြားဖြစ်ပေါ်ခဲ့သော အကြောင်းတွေ အထူး သဖြင့် အတိတ်ကဖြစ်ရပ်များကို ရည်ညွှန်းပြီး ဗမာများ က တိုင်းရင်းသားများ အပေါ် တန်းတူရည်တူအခွင့်အရေး မပေးပဲ ဖိနှိပ်ထားလျှက်ရှိတယ်ဆိုတဲ့ သဘောဆန်တဲ့ ဟောပြောမှုမျိုး ပါဝင်လာတဲ့ အခါမှာတော့ အားလုံးဟာ အတော်လေး အကဲဆတ်လာတဲ့သဘောကို တွေ့လာရပါတယ် ။ အထူးသဖြင့် ၁၉၆၂ ခုနှစ် စစ်တပ် က အာဏာသိမ်းယူပြီးတဲ့နောက် စစ်တပ် ခေါင်းဆောင်တွေ လွှမ်းမိုး ချုပ်ကိုင်ခဲ့သော အစိုးရခေတ် စနစ်များ အဆက်ဆက် တိုင်းရင်းသားများ အပေါ်ပြုမူသမျှ ကို ဗမာ များရဲ့ ပြုကျင့်မှုအဖြစ်သဘောရောက်တဲ့ ပြောဆိုမှုမျိုးကို အများစုက မကျေလည်ကြတဲ့အပြင် အတိတ် သမိုင်းကြောင်းတွေရဲ့ အခြေခံ အကြောင်းတရားတွေ ကို အချိန်တို အတွင်း ကျေညက်မှု မရှိနိုင်တာကြောင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ဗမာတွေက ကိုယ့်နေရာ ကိုယ်နေ ၊ တိုင်းရင်းသားတွေက ကိုယ့်နေရာကိုယ်နေမယ် ၊ ကိုယ့်သယံဇာတ ကို ကိုယ့်ဘာသာ မှီခိုပြီးနေထိုင်မယ် ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ် ဆိုတဲ့ သဘောကို ပြောနေတယ် လို့ ခံစားမိလာကြပြီး ဖက်ဒရယ် ဆိုတာ ခွဲထွက်ရေး လို့ နားထောင်နေသူတွေ ကိုယ်တိုင် ခံစားမိလာစေပါတယ်။ အထူးသဖြင့် ဟောပြောသူ ဆရာ ဆရာမတွေဟာ တိုင်းရင်းသားတွေချည်းဖြစ်နေတာကြောင့် ဖက်ဒရယ်ရေး ဟာ ဗမာ ကိစ္စမဟုတ်ပဲ တိုင်းရင်းသားတွေရဲ့ အရေး ကိစ္စသာဖြစ်ပြီး ဗမာတွေ က သဘောတူလိုက်လျောပေးဖို့စဉ်းစားရမယ့်နေရာမှာပဲရှိနေသလိုဖြစ်လာပါတယ် ။ ဒါကြောင့် အလုပ်ရုံဆွေးနွေးပွဲရဲ့ အမေးအဖြေ ကဏ္ဍကိုရောက်တဲ့ အခါ ကိုယ်တိုင်က ကလောင်သမားတွေလည်းဖြစ်တာကြောင့် နားထောင်နေတဲ့ စာရေးဆရာ ဆရာမတွေ ရဲ့ အမေးတွေဟာ အမေး နဲ့ မတူပဲ ခံစားချက်နဲ့ တုန့်ပြန်တဲ့ သဘောတွေ ရှိလာပါတယ် ။ ဒီနေရာမှာ ကျွန်တော့ အတွက် စိုးရိမ်စရာ အနေအထားတစ်ခု ကိုသဘောပေါက်လိုက်ပါတယ် ။ ဖက်ဒရယ်အရေးဟာ တိုင်းရင်းသားတွေ တင်မက ဗမာတွေ နဲ့ လည်း ဆိုင်တဲ့ (တနည်း ) ဗမာအပါအဝင် တစ်နိုင်ငံလုံး ရဲ့ အကျိုးစီးပွားကို ရှေ့ရှုတဲ့ အမြင်အပေါ်မှာတည်ဆောက်ဖို့လိုပါတယ် ၊ အဲဒီလိုမဟုတ်ပဲ လက်ရှိ ဖက်ဒရယ်အရေး ဟာ တိုင်းရင်းသားတွေက ဗမာတွေဆီကနေ ရရန်ရှိသော အကြွေးကို တောင်းနေတဲ့ ကိစ္စသက်သက်ဖြစ်မယ်နေရင် ဖက်ဒရယ်အရေး ဟာ တိုင်းပြည်ကို ခွဲခြမ်းပြီး ဖဲ့ထုတ်ရေး ဆိုတဲ့ အမြင်ဘက် ကို ရောက်သွားနိုင်ပါတယ် ။ ဒါဟာ စစ်အစိုးရ အဆက်ဆက် က ဝါဒ ဖြန့်နေခဲ့တဲ့ ပြည်ထောင်စုကြီးပြိုကွဲသွား မယ့်အန္တရာယ် ဆိုတဲ့ ဖက်ဒရယ် စနစ်အပေါ် ပုံကြီးချဲ့ဖေါ်ကျူးမှုကို ထောက်ပံ့ အားပေးလိုက်သလိုဖြစ်သွားနိုင်ပါတယ် ။ ဒီ အနေအထား ကို ကျွန်တော်တို့ နားလည်မှု ယူပြီး ပြုပြင်ထိန်းကျောင်းမှု မလုပ်ဖူးဆိုရင် ပြည်ထောင်စုကြီး မပြိုကွဲရေး ဆိုတဲ့ ကြွေးကြော်သံ အနောက်ကို ဗမာတွေအားလုံးရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲအပြီးမှာ ဗမာ လူမျိုး ဖက်ဒရယ် စနစ် လိုလားသူတွေ ပေါ်ပေါက်လာဖို့ တက်နိုင်သ၍စေ့ဆော် အားပေးသလို ဖက်ဒရယ် အရေး စည်းရုံးအားပေး မြှင့်တင် တဲ့ တာဝန်ကို တိုင်းရင်းသားတွေချည်းသက်သက်မလုပ် ပဲ ဗမာတွေ ရှေ့ကနေ ပါဝင်စေဖို့ ကြုံရင် ကြုံသလို အကြံပေးပါတယ် ။ ဖက်ဒရယ်အရေး ဟာ ကြုံသလို ချီတက်နေလို့မဖြစ်တော့ပဲ မဟာဗျူဟာ နည်းဗျူဟာ ပါတဲ့ ချဉ်းကပ်မှုမျိုးကို ဖက်ဒရယ် စနစ် လိုလားတဲ့ ဗမာတွေ နဲ့ တိုင်းရင်းသားတွေ အကြားမှာ နားလည်မှုတစ်ခုထားပြီး ပြင်ဆင်ထားဖို့လိုအပ်လာပါတယ်၊ ကဲဒါဆို ဖက်ဒရယ် စနစ်ကို ညီညီ ညွတ်ညွတ် ဘယ်လိုချဉ်းကပ်ကြမလဲ... ။

" ဗမာ လူမျိုးစွဲ အမြင် နဲ့ ဖက်ဒရယ် ၊ တိုင်းရင်းသား လူမျိုးစွဲ အမြင် နဲ့ ဖက်ဒရယ် "

အားမနာတမ်း ရှင်းရှင်းပြောရရင် ဒီကနေ့တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် စနစ်ဆိုတာ အတိတ်သမိုင်းမှာ တိုင်းရင်းသားလည်း တခါမှ ရဖူး ခဲ့ခြင်းမရှိဘူးလို့ပြောရပါလိမ့်မယ်။ ဖက်ဒရယ် စနစ်ဆိုတာ အင်္ဂလိပ် ကိုလိုနီ လက်အောက်က လွတ်မယ်ကြံတုန်း မက်ခွင့်ရှိခဲ့တဲ့ အိပ်မက်တစ်ခုဖြစ်ပြီး ပင်လုံစာချုပ် နဲ့ ဗမာစစ်ခေါင်းဆောင်တွေ ရဲ့ တော်လှန်ရေး ကောင်စီအာဏာ သိမ်းမှုကြောင့် အဲဒီ အိပ်မက်တွေပျက်ပြယ်ခဲ့ရတာဖြစ်တယ်လို့ဆိုရင်မမှားနိုင်ပါဘူး ၊ ဒီလိုပြောရတဲ့ အကြောင်းကတော့ တိုင်းပြည်ကို ဖက်ဒရယ်စနစ်နဲ့ ပြန်လည်ထူထောင်ဖို့ စဉ်းစားကြတဲ့အခါ အင်္ဂလိပ် လက်အောက်က လွတ်ခါစ က ကြုံကြိုက်ခဲ့တဲ့ ကံကြမ္မာကို ပြန်ပြီး ရည်ရွယ်နေလို့ မဖြစ်နိုင်ဘူးဆိုတာကို ရှင်းလင်းထားချင်တာဖြစ်ပါတယ် ။ မိမိ တို့ လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ ဗမာ ပြည်သူများပင်လျှင် လက်မခံချင်ပါပဲ ကျိတ်မှိတ် လက်ခံထားရတဲ့ ပစ္စုပ္ပန် အခြေအနေထဲမှာ အားလုံး လျှောက်နိုင်တဲ့ လမ်း ၊ အားလုံးမက်နိုင်တဲ့ အိပ်မက်ဖြစ်ဖို့တော့ စဉ်းစားတွေးခေါ်ဖို့ အမျှော်အမြင်ကြီးကြဖို့လိုအပ်လာပါတယ်။ ဒါကြောင့် ဗမာတွေ ရဲ့ သဘောထား ဘယ်လိုရှိသလဲ ၊ ဗမာတွေအားလုံး ဟာ တကယ်ပဲ ဗမာကြီးစိုးရေး ဝါဒ ကိုတိတ်တဆိတ် ဆုပ်ကိုင်ထားကြသလား ၊ တိုင်းရင်းသားတွေကရော တကယ်ပဲ ခွဲ မထွက်ချင်တာသေချာသလား၊ တိုင်းရင်းသားတွေကရော ဗမာ ကြီးစိုးရေး ဝါဒကို တကယ်မရှိစေချင်တာလား၊ ရှိတာကိုပိုကြိုက်သလား ဆိုတာ ကျွန်တော်တွေ့ရှိ နားလည် သဘောပေါက် သလောက်တင်ပြရင်း ဖက်ဒရယ်ရေး အောင်မြင်ဖို့အရေး ဘယ်လိုချဉ်းကပ်ကြမလဲ ဆိုတာ တင်ပြပါရစေ ။

ပြဿနာတွေအားလုံး ရဲ့ အစ ဟာ မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီ ဘဝကိုရောက်သွားခဲ့တဲ့ အချိန် ကစလို့ မြန်မာ နိုင်ငံရဲ့ ပဒေသရာဇ် အုပ်ချုပ်ရေး စနစ် ကို မြေလှန် ပြီး အာလုံး နိုင်ငံရေး အုပ်ချုပ်ရေး စနစ် အသစ်တစ်ခုနဲ့ အစားထိုး ခဲ့ရာက စတင်တယ် လို့ပြောရပါလိမ့်မယ်။ ဒီနေရာ မှာ မငြင်းနိုင်တဲ့ အချက်တစ်ချက် က အင်္ဂလိပ် ဟာ ဗမာ ကို အနိုင်ရသိမ်းပိုက်လိုက်နိုင်တဲ့ အတွက် ကျန်တိုင်းရင်းသား ဒေသတွေကို ပါ ရရှိလိုက်တာပဲဖြစ်ပါတယ် ။ အချို့ တိုင်းရင်းသား ဒေသတွေမှာ ခုခံမှုတွေရှိခဲ့သည် ဆိုသော သမိုင်းဆိုင်ရာ အချက်အလက်တွေ ရှိသော်လည်း လူမျိုးစုတော်လှန်ရေး တစ်ရပ်၊ အချုပ်အခြာ အဏာပိုင် တစ်ခုရဲ့ ခုခံတွန်းလှန်ဖို့ ကြိုးစားမှုတစ်ရပ် အဖြစ် မှတ်ယူနိုင်လောက်တဲ့အနေအထားမဟုတ်ခဲ့ဘူးဆိုတာ သေချာပါတယ် ။ အဲဒီနောက်မှာ မြန်မာနိုင်ငံ ဟာ အင်္ဂလိပ် အစိုးရ အာဏာပိုင်များ ကစီမံတဲ့ အုပ်ချုပ်ရေး ပုံစံ သစ်တစ်ခုအောက်မှာ ပြန်လည်တည်ဆောက်ခြင်းခံရသလို မြန်မာ့အုပ်ချုပ်ရေးမျိုးဆက်လည်းပြတ်သုဉ်းသွားရပါတယ်။ အင်္ဂလိပ် အစိုးရ ရဲ့ မြန်မာပြည် အုပ်ချုပ်ရေးစနစ်သစ် ကို လေ့လာကြည့်မယ်ဆိုရင် ဗမာအများစုနေထိုင်တဲ့ မြေပြန့်ဒေသ တစ်ခုလုံး နဲ့ အင်္ဂလိပ် လက်အောက်ကို အရင်ကျရောက်နှင့်နေပြီးဖြစ်တဲ့ မွန်၊ ကရင် ၊ ရခိုင် ဒေသများ ကို ပေါင်းစည်းပြီး proper Burma အဖြစ် သတ်မှတ်ကြေညာ ကာ ကျန် တိုင်းရင်းသား ဒေသတွေ နဲ့ ခွဲထားခြားထားလိုက်ပါတယ်။ အဆိုပါ proper Burma ကို အိန္ဒိယ ရဲ့ ပြည်နယ် အစိတ် အပိုင်းတစ်ခု အဖြစ် အင်္ဂလိပ် အစိုးရ ရဲ့ တိုက်ရိုက် အုပ်ချုပ်မှု အောက်မှာ သီးသန့် ကိုင်တွယ်အုပ်ချုပ်ဖို့ထားရှိခဲ့ပါတယ်။ ကျန်တိုင်းရင်းသားဒေသတွေကိုတော့ scheduled area အဖြစ် သတ်မှတ်ကာ အုပ်စု၎ စုခွဲပြီး အဆိုပါ တောင်တန်းဒေသတွေမှာ ယခင်ကတည်းက အစဉ်အဆက်ရှိနေပြီး ဖြစ်တဲ့ ပဒေသရာဇ် အုပ်ချုပ်ရေး ကို ဆက်လက်အသိအမှတ်ပြုကာ အင်္ဂလိပ် အစိုးရ က တိုက်ရိုက် အုပ်ချုပ်ပါတယ်။ ဒီနေရာ မှာဘာကြောင့် အင်္ဂလိပ်က အခုလို သိမ်းပိုက်ပြီး နယ်မြေတွေကို proper Burma နဲ့ scheduled ဆိုပြီး ခွဲခြားသတ်မှတ် ခဲ့သလဲ ဆိုတာ ကို အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ရှာဖွေတွေ့ရှိခဲ့ပေမယ့် ဒီနေရာမှာတော့ ထည့်သွင်း ဖေါ်ပြခြင်း မပြုတော့ပါဘူး ။ သို့သော်လည်း Proper Burma မှာ ရခိုင် မွန် ကရင် ပါဝင်နေပြီး Scheduled ဒေသ မှာ ရှမ်း ကို ဖက်ဒရိတ် အုပ်ချုပ်ရေးပေးအပ်ခဲ့တာ ၊ ကရိန်နီ (ကယား) ကို လွတ်လပ်သော ဒေသ အဖြစ် သတ်မှတ်ထားခဲ့တဲ့အပေါ် ထည့်သွင်းသုံးသပ်သင့်တာလေးကိုပဲပြောချင်ပါတယ် ။

မြန်မာ့သမိုင်း စာမျက်နှာတွေနဲ့ ဗမာ နိုင်ငံရေးသမားတွေအုပ်ချုပ်ရေး သမားတွေ တွင်တွင်ပြောကြသလို အင်္ဂလိပ် ကိုလိုနီ အစိုးရ က ဗမာနဲ့ တိုင်းရင်းသားတွေ စိတ်ဝမ်းကွဲစေဖို့ တောင်တန်း နဲ့ မြေပြန့် ကို Divided in rule နဲ့ စနစ်တကျ ခွဲခြားအုပ်ချုပ်သွားခဲ့တယ် ဆိုတဲ့ သုံးသပ်ချက်မျိုး ကို ကျွန်တော့ အနေနဲ့ ဒီနေရာမှာ လိပ်ပြာသန့်သန့်ပြောရန် အကြောင်းမရှိပါ။ အကြောင်းကတော့ ဗမာ မင်းများလက်ထက် ကစုစည်းထားခဲ့သော ဗမာ နိုင်ငံတော် အောက်မှာရှိ တဲ့ တိုင်းရင်းသားများနဲ့ ဗမာ အကြား စည်းလုံး ညီညွတ်မှုကို သံသယရှိလို့ပဲဖြစ်ပါတယ် ။ အင်္ဂလိပ် က နောက်ဆုံး ဗမာ မင်းနေပြည်တော် အထိ ကျူးကျော်သိမ်းပိုက်စေခဲ့တဲ့ ဖြစ်ရပ်တွေကိုပြန်ကြည့်ရင် စစ်တကောင်း နယ် ထဲမှာ ထွက်ပြေးခိုလှုံရင်း ဗမာ ဘုရင်ကို တော်လှန် ပုန်ကန် ဖို့ကြိုးစားနေကြတဲ့ ရခိုင် သူပုန်တွေ ကို အင်္ဂလိပ် ပိုင်နက်ဖြစ်နေတဲ့ စစ်တကောင်းနယ်ထဲအထိ ဗမာ ဘုရင့် စစ်တပ်က လိုက်လံ သုတ်သင်ဖမ်းဆီးရာက ပြဿနာတွေဖြစ်ပေါ်ခဲ့ရတဲ့ အကျိုးဆက်တစ်ခုဟာလည်း အပါအဝင်ဖြစ်ပါတယ်။ ဗမာပြည်လွတ်လပ်ရေး ဆုံးရှုံးသွားတာဟာ အချုပ်အခြာအာဏာ ပိုင်စိုးသော လွတ်လပ်တဲ့ တိုင်းပြည်တွေမှာ ရှိရမယ့် လုံလောက်တဲ့ စစ်အင်အား နဲ့ အဓိက အားဖြင့်ကောင်းမွန်တဲ့ နိုင်ငံရေး အုပ်ချုပ်ရေး စနစ်မရှိခြင်းကြောင့်ပဲဖြစ်ပါတယ် ။ တကယ်တော့ ပုန်ကန်မယ် လို့ကြားလိုက် ၊ အာခံ နေတယ်လို့ သိလိုက်၊ လူသူလက်နက် အင်အား နဲ့သွားပြီးနိမ်နင်းလိုက် ကိုယ့်ကိုသစ္စာခံမယ့်သူကို သစ္စာရည် တိုက်ပြီး အုပ်ချုပ်ရေး အပ်နှင်းခဲ့လိုက် နဲ့ တည်ဆောက်ထားတဲ့ နိုင်ငံဟာ အနောက် ကမ္ဘာ ဘက်က ကိုလိုနီ စနစ်နဲ့ အတူ အုပ်ချုပ်ရေးစနစ်သစ်တွေ ဝင်ရောက်လာတဲ့ အခါ အလွယ်တကူ ကျဆုံးသွားရတာပဲဖြစ်ပါတယ် ။ ဒါကြောင့် တခါက ဗမာ ဘုရင်တွေ သစ္စာရည်တိုက် ပြီး စုစည်းထားတဲ့ တိုင်းရင်းသား ဒေသတွေ ကိုပိုင်စိုးသော ပဒေသရာဇ် စော်ဘွား ၊ နယ်စားများဟာ အင်္ဂလိပ် ကို လည်း ဆက်လက်သစ္စာခံရင်း အင်္ဂလိပ် စီမံခွင့်ပြုပေးတဲ့ အုပ်ချုပ်ရေး ပုံစံအောက်မှာ ပိုင်နက်နယ်မြေ နဲ့ သြဇာ အာဏာ တည်မြဲနိုင်ခဲ့ကြတာပဲဖြစ်ပါတယ် ။ ဒါကြောင့် အင်္ဂလိပ် ကိုလိုနီ အစိုးရက နိုင်ငံရပ်ခြား ပင်လယ်ထွက်ပေါက်လည်းရှိ၊ လူဦးရေ ၊ ယဉ်ကျေးမှု ၊ ကိုးကွယ်ရာဘာသာ၊ နိင်ငံရေး ၊ စီးပွားရေး အခြေခံ ကောင်းတွေ ရှိနေတဲ့ ဗမာ အပါအဝင် မွန် ၊ ကရင် နဲ့ ရခိုင်ကို တစ်စုတည်းထားကာ အိန္ဒိယ နဲ့ အတူ အုပ်ချုပ်ရေး စနစ်သစ် ကို သွပ်သွင်းပြီး မြိုပြ နိုင်ငံတွေ အဖြစ် ထူထောင်ဖို့ကြိုးစားတာပဲဖြစ်ပါတယ် ။ ကုန်းတွင်း ပိတ် ဒေသတွေဖြစ်တဲ့ အပြင်တောင်တန်းထူထပ်သောဒေသတွေက တိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်း၊ ကချင်၊ချင်း၊ကရင်နီ ၊နာဂ နဲ့ ဝဒေသတွေ ဟာ စုစုပေါင်း လူဦးရေအရလည်း မြန်မာ တစ်နိုင်ငံလုံး လူဦးရေ ရဲ့ ၁၆ % သာရှိပြီး အလွန် မတူ ထူးခြားပြီးရှေးကျတဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေပိုင်ဆိုင်ထားကြတာကြောင့် အထူးဒေသအဖြစ် သတ်မှတ်ကာ အင်္ဂလိပ်က သူ့ရဲ့ အုပ်ချုပ်ရေး ပုံစံကို မသွပ်သွင်းပဲ ရှိရင်းစွဲ ပဒေသရာဇ် နယ်စား ပယ်စား အုပ်ချုပ်ရေး ပုံစံ ကို ဆက်လက် ရှင်သန်ခွင့်ပေးခဲ့တာဖြစ်ပါတယ် ။ ဒီနေရာ မှာ ဉာဏ်ကြီးရှင် အင်္ဂလိပ် က အိန္ဒိယ နဲ့ ဗမာ ပြည်မကြီးကို အုပ်ချုပ်ရေး အပြောင်းအလဲတွေ လုပ်ပေးချိန်မှာ Scheduled ဒေသ ထဲက ယဉ်ကျေးမှု နဲ့ အုပ်ချုပ်ရေး သမိုင်း အစဉ်အလာရှိပြီး လူဦးရေ အများဆုံးဖြစ်တဲ့ ရှမ်း ကို ထူးခြားစွာ ဖက်ဒရိတ် အဆင့်ကို တချိန်တည်း တိုးမြှင့်ပေးခဲ့ပါတယ်။ ဒါကြောင့် လေ့လာကြည့်မယ်ဆိုရင် အင်္ဂလိပ် ကိုလိုနီ အုပ်ချုပ်မှုအောက်မှာ တိုင်းရင်းသားတွေဟာ ဗမာတွေလောက် လုံးဝလွတ်လပ်ရေးကို တောင့်တနေတဲ့အနေ အထားမျိုးမဟုတ်ပဲ အတိုင်းအတာတစ်ခု အထိ ဒေသန္တရ အုပ်ချုပ်ရေး ပုံစံ ရဲ့ ကောင်းကျိုးကို ခံစားနေကြရပြီး နိုင်ငံရေး အုပ်ချုပ်ရေး ဒုက္ခဆိုလို့ ရှမ်းပြည်နယ် လို ဖက်ဒရယ် အုပ်ချုပ်ရေး ရရှိထားတဲ့ ဒေသမှာ ဒေသခံတိုင်းရင်းသား ပြည်နယ်သားတွေရဲ့ ဘဝဟာ ပဒေသရာဇ်ဆန်တဲ့ အုပ်ချုပ်ရေးအောက်မှာ ရုန်းကန်ရင်း ပဒေသရာဇ် ဆန်ကျင်ရေး ကို ဦးတည်နေတဲ့ အနေအထားမှာပဲအမှန်တကယ် ရှိနေသေးတာကိုတွေ့ရပါတယ် ။
ကျွန်တော့ ယူဆချက်ကတော့ အင်္ဂလိပ်ဟာ သူသိမ်းယူထားတဲ့ နယ်မြေတွေကို ဘယ်လို နိုင်နင်းအောင် အုပ်ချုပ် စီမံမလဲဆိုတာ မဟာဗျူဟာကျကျ အသေအချာ လေ့လာသုံးသပ် စဉ်းစားပြီး အခုလို စီမံအုပ်ချုပ်ခဲ့တာဖြစ်တယ်လို့ မြင်ပါတယ် ။ ဗမာ နဲ့ တစ်ပေါင်းတည်းထားပြီး စီမံ အုပ်ချုပ်ခံရပေမယ့် မွန်၊ ကရင် ၊ ရခိုင် ဟာ ထူးပြီး ဗမာ နဲ့ ချစ်ခင်ညီညွတ်နေတာ မဟုတ်သလို နှစ်ပေါင်း ၆၀ လောက် ခွဲခြားအုပ်ချုပ်ခံရတဲ့ ရှမ်း ၊ ကချင်၊ ချင်း အပါအဝင် အခြားသော တိုင်းရင်းသားတွေ ကလည်း ဗမာ တွေ နဲ့ လုံးဝ သံယောဇဉ် ပြတ်တောက်သွားတယ်လည်း မဟုတ်ဖူးဆိုတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ တကယ်တော့ ဗမာ နဲ့ တိုင်းရင်းသားတွေအကြားကဆက်ဆံရေး ဟာ လွန်စွာစိတ်ဝင်စားဖို့ကောင်းသလို အခုတည်ဆောက် မယ့် ဖက်ဒရယ်စနစ် ဟာ ရှိပြီးသား သံယောဇဉ်နဲ့ စည်းလုံးမှုကို ပိုမို ခိုင်မာစေတဲ့ စံနစ် ဖြစ်ရမှာဖြစ်သလို ဒီစနစ်ကို ချဉ်းကပ်ရာ လမ်းသည်လည်း ပြိုကွဲရေး ပြတ်စဲရေး ဆိုတဲ့ လမ်းမှားကို ဦးမတည်မိစေ ဖို့ သတိထားသင့်ကြောင်း အလေးအနက်သတိပေးလိုတာဖြစ်ပါတယ် ။ ဒီလိုပဲ ဗမာ ဘုရင် အုပ်စိုးတဲ့ ခေတ် နဲ့ အင်္ဂလိပ်ကိုလိုနီ အုပ်စိုးတဲ့ ခေတ် က တောင်တန်းဒေသ တိုင်းရင်းသား ဒေသတွေ ရရှိခဲ့တဲ့ လွတ်လပ်မှု ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာဟာ အင်အားနဲ့ သြဇာကြီးသူတွေက နားလည်ခွင့်ပြုမှု က ပေးတဲ့ ခံစားနိုင်ခွင့်တစ်ရပ်အဖြစ်သာ ယူဆနိုင်တာဖြစ်ပြီး ပြန်လည်မျှော်မှန်း တမ်းတနေရလောက်သော လွတ်လပ်မှုမျိုး မဟုတ် ဟုဆိုချင်ပါတယ် ။

ဒီနေရာ မှာအားလုံး ထက်ထူးခြားနေတဲ့ ကရင်နီ လွတ်လပ်ရေး အကြောင်းကို အနည်းငယ်ထည့်ပြောလိုပါတယ်။ ကရင်နီ ပြည်နယ် ဟာ ကိုလိုနီခေတ်မှာ အင်္ဂလိပ် သိမ်းပိုက်ခံရခြင်း မရှိခဲ့တဲ့ တရားဝင် အပြည့် အဝ လွတ်လပ်သော ပြည်နယ်တစ်ခုအဖြစ်တည်ရှိခဲ့ပါတယ် ။ သမိုင်းဆိုင်ရာအချက်အလက်အချို့ကို ကိုးကားပြီး ပြောရရင် ၁၄၈၆ ခုနှစ်ကနေ ၁၅၃၁ ခုနှစ်အထိ စောဖျ ခေါ် ကရင်နီ ပဒေသရာဇ် နယ်စားများဟာ ဗမာဘုရင်တွေ ရဲ့ ပုံမှန် ပဏ္ဍာတော်ဆက် သြဇာခံအဖြစ် ရပ်တည်ခဲ့ပြီး ၁၈၄၅ ခုနှစ်အထိ ပြဿနာ တစ်စုံတရာ မရှိပဲ နေခဲ့ကြတယ်လို့ဆိုပါတယ် ။ ၁၈၆၆ မှာ ဗမာဘုရင် မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့ မြင်ကွန်းမင်းသား ဟာ ကရင်နီပြည်နယ် ထဲမှာ အခြေပြုပြီး လူသူ အင်အားစုဆောင်းနေခဲ့တာကြောင့် ဗမာဘုရင့်တပ်များ က ကရင်နီ နယ်စားအကူအညီ နဲ့ သွားရောက်တိုက်ခိုက်နိမ်နင်းခဲ့ပြီး အဲဒီ နောက်ပိုင်း ဗမာတပ်တွေဟာ ကရင်နီနယ်ထဲမှာတပ်စွဲ နေရာယူခဲ့ပါတယ် ။ အဲဒီအချိန်မှာ အောက်မြန်မာပြည် တစ်ခုလုံး သိမ်းပိုက်ရရှိထားပြီး ရှေ့ တစ်လှမ်းထပ်တိုးဖို့ ရည်ရွယ် စိတ်ကူးနေတဲ့ အင်္ဂလိပ် အစိုးရဟာ ဗမာတပ်တွေ ကရင်နီ နယ်ထဲမှာ တပ်စွဲနေခဲ့တာ ကို ကန့်ကွက်ခဲ့ပါတယ် ။ အဲဒီကန့်ကွက်ချက် ရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ၁၈၇၅ ခုနှစ် မှာ အင်္ဂလိပ် နဲ့ ဗမာ ဘုရင် မင်းတုန်းမင်း တို့ အကြား သဘောတူ စာချုပ်တစ်ရပ်ချုပ်ဆိုပြီး အင်္ဂလိပ်နဲ့ ဗမာဘုရင်၂ ဘက်စလုံး က ကရင်နီ ပြည်နယ်ကို မထိပါးရေး နဲ့ကရင်နီပြည်နယ်ရဲ့ လွတ်လပ်ရေး ကို သဘောတူ အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒီလိုနဲ့ ကရင်နီပြည် ဟာ ဗမာဘုရင်ထီးနန်း ပျက်သုဉ်းပြီး ဗမာတွေ လွတ်လပ်ရေး မဆုံးရှုံးခင် ၁၀ နှစ်အလိုမှာ လွတ်လပ်ရေး အရင်ရနေခဲ့တာဟာ စိတ်ဝင်စား စရာ သမိုင်းဖြစ်ရပ်မှန်တစ်ခုပဲဖြစ်ပါတယ် ။သို့သော်လည်း အင်္ဂလိပ်က မြန်မာပြည်တစ်ခုလုံး ကို သိမ်းပိုက်ပြီးနောက် ၁၈၈၈ ခုနှစ်မှာ ကရင်နီ ပြည်နယ် ကန္တာရဝတီ မြို့စား ပြဿနာကြီးထွားလာတာကြောင့် အင်္ဂလိပ် က အခြေအနေ ထိန်းသိမ်းဖို့ ကရင်နီပြည်နယ်ကို တပ်တွေစေလွှတ်ခဲ့တယ်လို့ သမိုင်းဆိုင်ရာအချက်အလက်အချို့မှာတွေ့ရှိရပါတယ် ။ အဲဒီအချက်အလက်တွေအရ အင်္ဂလိပ် တပ်တွေ ဟာ ကန္တာရဝတီရဲ့ လက်ရှိမြို့စား ကို ဖယ်ရှားပြီး ကရင်နီပြည်သူများ ရွေးချယ်တင်မြှောက်တဲ့ မြိုစား အသစ်ကို အင်္ဂလိပ် အစိုးရက ချက်ချင်း ဆိုသလို အသိအမှတ်ပြုပေးခဲ့တယ်လို့ဆိုပါတယ် ။ ဒါကြောင့် လွတ်လပ်သော ကရင်နီပြည် ဆိုသည်မှာလည်း အင်္ဂလိပ် အစိုးရနဲ့ တာဝန်ခံ အရာရှိတွေ ရဲ့ အသိအမှတ်ပြုမှု၊ ကြီးကြပ်မှု ၊ အခွန်ဘဏ္ဍာ ကောက်ခံမှုတွေ ကနေ မလွတ်ကင်းပဲ အင်္ဂလိပ် မျက်နှာကြည့်နေရတဲ့ လွတ်လပ်ရေး ဆိုရင်လည်းမမှားဘူးလို့ပြောရပါလိမ့်မယ်။ သို့သော် အင်္ဂလိပ်အစိုးရ ရဲ့ ကရင်နီ ပြည်သူတွေရဲ့ ဆန္ဒ ကိုအလေးထားမှု ၊ မြန်မာပြည် ကို လွတ်လပ်ရေး ပေးဖို့ စဉ်းစားတဲ့ အချိန်မှာ ကရင်နီ လူထု ရဲ့ ဆန္ဒကို တလေးတစား နားထောင်ပေးမှု စတဲ့လူနည်းစုအပေါ် အလေးစားမှု ကတော့ ဒီကနေ့ တိုင်းရင်းသားအရေးကိုရင်ဆိုင်နေရတဲ့ မြန်မာ အစိုးရတွေ လေ့လာ နာယူသင့်တဲ့ အချက်ဖြစ်တယ်ဆိုတာကတော့သေချာပါတယ် ။ ဒီနေရာမှာ ၁၉၄ရ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ က လွတ်လပ်တဲ့ ကရင်နီပြည် ရဲ့ ရပ်တည်ချက်နဲ့ ဖက်ဒရယ် အိပ်မက်ကို ထည့်ပြောချင်ပါတယ်။ အင်္ဂလိပ်အစိုးရက မြန်မာပြည်ကိုလွတ်လပ်ရေးပေးဖို့ အရေးမှာ တောင်တန်းဒေသ ရဲ့ သဘောထား အမြင်တွေကို စုံစမ်းရေးတွေ ပြုလုပ်ခဲ့ပြီး ဒီအတွက် တိုင်းရင်းသား ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံမေးမြန်းတာတွေပြုလုပ်ခဲ့ပါတယ် ။ ဒီလို စုံစမ်းမေးမြန်းရမှာ ကရင်နီ ပြည်သူတွေ ရဲ့ လိုလားချက် သဘောထားလို့ပြောနိုင်သော ကရင်နီ ကိုယ်စားလှယ်များ အနေနဲ့ တရားဝင်ပြောကြားခဲ့တဲ့ ဖက်ဒရယ် အုပ်ချုပ်ရေး ဆိုင်ရာ မှတ်ချက်တွေထဲမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ၊ ရပိုင်ခွင့်တွေ ကို ရယူ လိုတယ်၊ ပြည်နယ် တွင်း ကျေးလတ် ဖွံဖြိုးမှု ထူထောင်ရေးအတွက် ဗမာ အစိုးရ ရဲ့ အကူအညီကို ရယူလိုတယ်၊ ကရင်နီ ပြည်နယ်တွင်းမှာ ၇ နှစ်ကျော် နေထိုင်အခြေချပြီးသူများကို ကရင်နီ အမျိုးသား အခွင့်အရေး ရထိုက်သူ အဖြစ် တရားဝင် အသိမှတ်ပြုမယ် ဆိုတဲ့ အချက်တွေဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး ၊ ကရင်နီ ပြည်နယ် ဟာ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်နယ် တစ်ခုအဖြစ်ရည်ရွယ်ထားသလို ဗမာတွေနဲ့လည်း ပေါင်းစည်းတည်ဆောက်ဖို့ စိတ်ကူးရည်သန်ထားမှုကို မြင်တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွတ်လပ်ရေး ရယူမယ့် အချိန်ကာလလေးမှာ ကရင်နီပြည်နယ်ဟာလည်း အပေါင်းလက္ခဏာဆောင်နေခဲ့တယ်လို့ပြောနိုင်ပါတယ် ။

ပင်လုံစာချုပ် ချုပ်ဆိုချိန် မှာ တပါတည်း ပြည်နယ်သစ် တည်ဆောက် ရေးပါ လုပ်ဆောင်ခဲ့ရတဲ့ ကချင် အကြောင်းကို ကိုလည်း ထည့်သွင်းသုံးသပ်လိုပါတယ် ။ ဗမာ ဘုရင် ခေတ် အဆက်ဆက်မှာ ကချင် ခေါင်းဆောင်များ နဲ့ နီးကပ်တဲ့ ဆက်ဆံရေး နည်းပါးခဲ့ပေမယ့် ဗမာဘုရင် များဟာ ကချင် စစ်သည်တွေကို ဘုရင့်တပ်မတော်မှာ အစဉ်အဆက် ပါဝင်အမှုထမ်းစေခဲ့တယ်လို့ ဆိုပါတယ် ။ ဗမာ ဘုရင်တွေဟာ အစဉ်အဆက် ကချင်ဒူးဝါးတွေကို အသိအမှတ်ပြု ခန့်အပ်မှုတွေလည်း ရှိခဲ့တယ်လို့လည်းသိရပါတယ် ။ ထူးခြားတာက အင်္ဂလိပ် စစ်တပ်က ၁၉၈၅ မှာ ဗမာမင်းနေပြည်တော်ကို အောင်နိုင်ပြီးတောင်တန်းဒေသတွေကို သိမ်းသွင်းရာ ကချင်က အချိန်အတော်ကြာ ခုခံ ငြင်းဆန်နေခဲ့တယ်လို့ဆိုပါတယ်။ ၁၈၉၅ ခုနှစ်ရောက်မှ ကချင်တောင်တန်းဒေသ ကို ရရှိပြီး အင်္ဂလိပ်အစိုးရ ရဲ့ အုပ်ချုပ်ရေး ပုံစံ အရ Scheduled ဒေသ တစ်ခုအဖြစ် ကချင်တောင်တန်းဒေသ နဲ့ ဗန်းမော် မြစ်ကြီးနား ဒေသ တွေဟာ သီးခြားစီ ခွဲခြား အုပ်ချုပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေ အရ ကချင် ဟာ ကြီးမားကျယ်ပြန့်တဲ့ ပြည်နယ် သီးသန့် နယ်နမိတ်နဲ့ ခိုင်မာတဲ့ အုပ်ချုပ်ရေး သွင်ပြင်လက္ခဏာတွေ မရှိခဲ့ပေမယ့် အင်္ဂလိပ် ဆီကနေ လွတ်လပ်ရေး ရယူတော့မယ့် အချိန်ရောက်မှ ပထမ သီးခြား ကချင် သမ္မတ နိုင်ငံ ၊ ထိုနောက် ဖက်ဒရယ် ပြည်နယ် အသစ် တစ်ခုအဖြစ် ဖွဲ့စည်းရပ်တည်ဖို့ စဉ်းစားဆုံးဖြတ် ကြွေးကြော်ခဲ့ပါတယ် ။ လွတ်လပ်ရေး ရယူရေး ကိစ္စမှာ အင်္ဂလိပ် အစိုးရကိုယ်စားလှယ်အဖွဲ့တွေ နဲ့တွေ့ဆုံပြီး ကချင် ခေါင်းဆောင်များ ရဲ့ ပြောဆိုဆွေးနွေးချက်တွေအရ ဗဟို အစိုးရ ဖြစ်လာမယ့် ဗမာ တွေ က အခြားသော တိုင်းရင်းသား လူမျိုးစုငယ်တွေ အပေါ် တန်းတူရည်တူဆက်ဆံနိုင်ပါ့မလား ဆိုတဲ့ သံသယတွေ ဟာ ကချင်ခေါင်းဆောင်များမှာ ရှိနေတာ အထင်အရှားတွေ့ရ သလို ပထမ ကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေမှာ ကချင်တွေဟာ အင်္ဂလိပ်ဘက်က ဝင်တိုက်ပေးခဲပြီး တကယ်တန်း အင်္ဂလိပ် အစိုးရအောက် နှစ်၆၀ နေခဲ့သော်လည်း ဗမာ နဲ့ ယှဉ်လျှင် နိမ့်ကျနေသေးတဲ့ ကချင်လူမျိုးတွေ ကို အစစအရာရာ ထောက်ထားလို့ ကချင့် လွတ်လပ်ရေး ကိစ္စမှာ အင်္ဂလိပ် ကို တာဝန်ယူ ကြားဝင်ကြီးကြပ်ပေးဖို့ တောင်းဆိုခဲ့တာတွေ့ရပါတယ် ။ တချိန်တည်းမှာ မြစ်ကြီးနား နဲ့ ဗန်းမော် နယ်အချို့ ကို အခြေပြုပြီး ဒေသခံ တွေ (ဒေသခံ ဗမာများ အပါအဝင်) က သူ့တို့ရဲ့ ဒေသတွေ ကို ကချင်ပြည်နယ် ထဲပူးပေါင်းဖွဲ့စည်းမယ့် ကိစ္စကို ဆန့်ကျင် ကန့်ကွက်မှုတွေလည်းရှိခဲ့ပါတယ်။ ကချင်နယ်မြေတွေ ထဲက အထင်ကရ ဒေသအချို့မှာ ရှမ်းတွေအများ အပြားယှဉ်တွဲနေထိုင်နေကြသလို ရှမ်းဟာ နိုင်ငံရေး အုပ်ချုပ်ရေး အရ သမိုင်းကြောင်း အားကောင်းပြီး အင်အားကြီးတဲ့ အိမ်နီးချင်းလည်းဖြစ်နေတာကြောင့် ပင်လုံ သဘောတူညီချက်အကြိုကာလတွေ နဲ့ ပင်လုံအလွန် ဖက်ဒရယ်ရေး ကြိုးပမ်းမှုကာလတွေမှာ ကချင်ဟာ ရှမ်းကို မဟာမိတ်ပြု ရပ်တည်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ့ရပါတယ် ။ ဒါကြောင့်လည်း ကွန်ဖက်ဒရိတ်ဆန်ဆန် ရပ်တည် လိုတဲ့ ကချင်ဟာ ပထဝီ နိုင်ငံရေး အရ ရှမ်း နဲ့ ပူးပေါင်းလှုပ်ရှားရတဲ့ အတွက် ဖက်ရယ်ဘက်ကို ညွတ်တိမ်းသွားတယ်လို့ သုံးသပ်ပါတယ် ။ သို့သော်လည်း ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီး ၁၉၆၃ စက်တင်ဘာလ ၁ ရက်နေ့က နေ ၉ ရက်နေ့ အထိ ကြာမြင့်ခဲ့တဲ့ အာဏာသိမ်း ဗိုလ်ချုပ်နေဝင်း တော်လှန်ရေး အစိုးရ နဲ့ ကချင် လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ တို့ ငြိမ်းချမ်းရေး ဆွေးနွေးကြရမှာ ကေအိုင်အေ ကိုယ်စားလှယ်တွေက လုံးဝ အချုပ်အခြာ အာဏာ လွတ်လပ်တဲ့ ကချင် နိုင်ငံ အဖြစ် ခွဲထွက်ပြီးဖြစ်တာ ကို အသိအမှတ်ပြုပြီး ကမ္ဘာကိုကြေညာပေးဖို့တောင်းဆိုခဲ့ကြောင်း ပုဂ္ဂလိက ထုတ်ဝေတဲ့ မှတ်တမ်း မှတ်ရာတွေမှာတွေ့ ရပါတယ် ( အထောက်တော် လှအောင် ၏ဗမာ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုများ /၁၉၆၃)။ ဒီနေရာမှာကျွန်တော်သတိထားမိတဲ့ အချက်တစ်ခုရှိပါတယ်၊ အဲဒါကတော့ အင်္ဂလိပ် လက်အောက်မှာ နေစဉ် က အိန္ဒိယ နဲ့အပြိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး အတွက် ပြည်မ နိုင်ငံရေး လောကမှာ ဗမာ့ အရေးတက်ကြွသူတွေ လှုပ်ရှား ခဲ့စဉ်က ဗမာတွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန် အချိန်မတန်သေးကြောင်း ကရင်ခေါင်းဆောင် အချို့ မှ အင်္ဂလိပ်ထံစာရေး တင်ပြရန်ကြိုးစားခဲ့ကြသည်ဆိုသော သမိုင်းဆိုင်ရအချက်အလက်တစ်ခုပဲဖြစ်ပါတယ် ။ ဒါကြောင့် ကချင်နဲ့ ကရင် တိုင်းရင်းသား ခေါင်းဆောင်အချို့ ရဲ့ ရင်တွင်းမှာ အင်္ဂလိပ်အောက်မှာ သာ နေချင်နေမယ် ဗမာအောက်မှာတော့ မနေနိုင်ဘူး ဆိုတဲ့ အမြင်တွေ ခံစားချက်တွေ ရှိနေတယ် လို့ သတိထားမိတာဖြစ်ပါတယ် ။ ဒီလိုနဲ့ အင်္ဂလိပ် ရဲ့ တောင်တန်းမြေပြန့်ခွဲခြား အုပ်ချုပ်မှု ရဲ့ အကျိုးရလဒ် ကြောင့် ဒီလို တွေဖြစ်ခဲ့တာလို့ ဗမာတွေ ဘက် အဖြေထုတ်ခဲ့ တာလည်းဖြစ်ပါတယ် ။ မည်သို့ပင်ဆိုစေ အင်္ဂလိပ် လက်အောက်မှာ နေရတာဟာ ဗမာ လက်အောက်မှာနေရတာ ထက်များစွာ သာလွန်ကြောင်း ဒီကနေ့ အဖြေထွက်လာပါတယ် ။ ဒီအချက် ကို လည်း ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေမှာ တွေ့ရနိုင်ပါတယ် ။

တကယ်တော့ လွတ်လပ်ရေး ကာလ ဖက်ဒရယ်အရေးဟာ ဗမာ နဲ့ ရှမ်း ပြဿနာ လို့ ခေါ်ရလောက်အောင် ရှမ်း ဟာ မြန်မာ့နိုင်ငံရေး မှာ ဗမာ နဲ့ အပြိုင် အဓိက ဇာတ်ကောင် လည်းဖြစ်ပါတယ် ။ လွတ်လပ်သော မြန်မာနိုင်ငံ ရဲ့ အစလို့ပြောနိုင်တဲ့ ပင်လုံစာချုပ်ဟာ ဆိုရင် အဓိက ဗမာ နဲ့ ရှမ်း က ဦးဆောင်ပြီး ချုပ်ဆိုထားတာတဲ့ စာချုပ်တစ်ရပ်အဖြစ် ပြောရလောက်အောင် ရှမ်းဟာ ကချင်နဲ့ ချင်း ခေါင်းဆောင်များကို ရှေ့ပြေးညှိနှိုင်းမှုတွေလုပ်ပြီး တောင်တန်းဘက်ကနေ ဦးဆောင်နိုင်ခဲ့ပါတယ် ။ အင်္ဂလိပ် ကိုလိုနီ Scheduled ဒေသ အနေနဲ့ လွတ်လပ်ရေး ယူမယ့်အချိန်မှာ ရှမ်း ဟာ ဖက်ဒရယ် အဆင့် အုပ်ချုပ်ရေး သက်တမ်း၂၅ နှစ် ရှိနေပြီဖြစ် သလို လူဦးရေအားဖြင့် ၁ သန်းခွဲကျော် (ရှမ်း ရ သိန်းခွဲ) ရှိပြီး ဧရိယာ အားဖြင့် စတုရမ်း မိုင်ပေါင်း ၅သောင်း၇ ထောင်ကျော် ပြည်နယ်ကြီး တစ်ခုကို ကိုယ်စားပြုထားပေမယ့် တောင်တန်းဒေသများ အနေနဲ့သာ Scheduled ဒေသ ထဲမှာ ထည့်သွင်းထားခံခဲ့ရတဲ့ ချင်း နဲ့ ကချင် ဒေသတွေ ဟာ လူဦးရေအားဖြင့် ၂ သိန်းလောက်စီ သာ ရှိကြပြီး ဧရိယာ အားဖြင့် စတုရမ်းမိုင် ၁ သောင်းကျော် နဲ့ ၂ သောင်းကျော်သာ ရှိပါတယ် ။ အဲဒီအချိန် က Scheduled ဒေသထဲက ချင်း ၊ ကချင် နဲ့ ရှမ်း ခေါင်းဆောင်တွေဟာ အင်္ဂလိပ်က လမ်းဖွင့် ဖိတ်ခေါ်ပေး လို့ အင်္ဂလိပ် အောက်ကနေ ပုံစံအမျိုးမျိုးနဲ့ လွတ်လပ်ရေး ယူဖို့ စဉ်းစားကြပါတယ် ။ ကချင်တောင်တန်း ဒေသ ဆိုရင် ပြည်နယ် တစ်ခုအနေနဲ့ အသစ်ဖွဲ့စည်းဖို့ နယ်နမိတ်ကအစ စဉ်းစားပြင်ဆင်ရလို့ ဗန်းမော် နဲ့ မြစ်ကြီးနား ဒေသ အချို့က ကချင်ပြည်နယ် ထဲ ပါဝင်လိုခြင်းမရှိကြောင်း ကြေညာကန့်ကွက်ကြတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရပါသေးတယ် ( နောက်တော့ ဗမာခေါင်းဆောင်တွေက အဲဒီဒေသတွေကို ကချင် ပြည်နယ်ထဲ ထည့်ပေးလိုက်ပါတယ်)။ ဒီနေရာမှာ scheduled ဒေသ ရဲ့ အင်အား အကြီးဆုံးရှမ်း က ချင်း နဲ့ ကချင် ကိုယ်စားလှယ် အဖွဲ့တွေကို ကြိုတင်ညှိနှိုင်းပြီး ပင်လုံဆွေးနွေးပွဲ မတိုင်မီ ရှမ်း ၊ကချင် ၊ ချင်း တို့ရဲ့ အကြို ဆုံးဖြတ်ချက်တွေ ကိုတစ်ပေါင်းတစ်စည်းထဲ ပြင်ဆင် ဆုပ်ကိုင်ထားနိုင်ခဲ့ကာ ပင်လုံ စာချုပ်ကို နှစ် ဘက်လက်ခံနိုင်တဲ့ အနေအထား နဲ့ အောင်မြင်စွာ ချုပ်ဆို နိုင်ရေး ဘက်ကို အလေးသာစေ ခဲ့ပါတယ် ။ တိုင်းရင်းသားဒေသတွေထဲမှာ ရှမ်းဟာ ထူးခြားပြီး ဖက်ဒရယ် အုပ်ချုပ်ရေး ရရှိခဲ့ပေမယ့် အင်္ဂလိပ် က အာဏာကို အစဉ်အလာ အရ အုပ်ချုပ်သူ စော်ဘွားများလက်ထဲမှာ ထည့်ပေးထားတာဖြစ်တာကြောင့် လက်တွေ့မှာ ရှမ်း ဒေသခံပြည်သူတွေဟာ ရှမ်း စော်ဘွားတွေ ရဲ့ ပဒေသရဇ် အုပ်ချုပ်ရေး အောက်က နေ တွန်းလှန် ရုန်းထွက်လိုစိတ်ပြင်းထန်နေခဲ့တာဖြစ်ပါတယ် ။ ရှမ်း ဟာ ဖက်ဒရယ် စနစ် နဲ့ နေခဲ့တယ် ဆိုသော်လည်း မြန်မာပြည် ရဲ့ အင်္ဂလိပ် ကိုလိုနီ အုပ်ချုပ်ရေး သမိုင်း တစ်ခုလုံး ကို ခြုံပြီးပြန်ကြည့်တဲ့ အခါ အင်္ဂလိပ် အစိုးရက proper Burma မြေပြန့် ၊ Scheduled ဒေသ တောင်တန်း ဆိုပြီး ပုံစံနှစ်မျိုးနဲ့ အုပ်ချုပ်နေရင်း ဒေသတွင်း နိုင်ငံရေး အုပ်ချုပ်ရေး ရေချိန် ကို ကြည့်ပြီး အချိန်ကာလ အလိုက် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို ဗျူဟာတစ်ခုနဲ့ လုပ်နေရတဲ့ သဘောပဲဖြစ်ပါတယ် ။ သမိုင်းဆိုင်ရာ အချက်အလက်တွေအရ အင်္ဂလိပ်ဟာ ပဒေသရာဇ် ရှမ်း ပြည်နယ်စု ဆိုတဲ့ အမည်နာမအောက်မှာ စော်ဘွားနယ် ၃၃ နယ် ကိုစုစည်းပြီး ဖက်ဒရယ်အုပ်ချုပ်ရေး ကို ၁၉၂၂ ခုနှစ် proper Burma ပြည်မ ကို ဒိုင်အာခီ အုပ်ချုပ်ရေးမပေးခင်တစ်နှစ်အလိုမှာ စတင်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန် ကနေ ၁၉၃၅ အထိ လက်ရှိ အုပ်ချုပ်နေတဲ့ စော်ဘွားတွေ နဲ့ ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းကာ အင်္ဂလိပ် ကော်မရှင်နာမင်းက ဥက္ကဋ္ဌ အဖြစ် ကြီးကြပ်ပြီး ဖက်ဒရယ် အုပ်ချုပ်ရေး ကို စမ်းသပ်ကြည့်တဲ့ ကာလ အနေနဲ့ သတ်မှတ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ် ။ အဲ့ဒီနောက် ၁၉၃၅ မှာသီးခြား ဥပဒေ ပြဋ္ဌန်းလို့ မြန်မာပြည် ကို အိန္ဒိယ အောက်ကနေ ခွဲထုတ်ပြီး ၉၁ဋ္ဌာန အုပ်ချုပ်ရေး ကို ပြဋ္ဌန်းလိုက်တဲ့ အခါ ၁၉၃၅ Burma Act အောက်မှာ proper Burma ဗမာပြည်မ နဲ့ အတူ ရှမ်းပြည်နယ် ဟာ ဖက်ဒရိတ် ပြည်နယ်တစ်ခုဖြစ်လာတာဖြစ်ပါတယ် ။ သို့သော်လည်း ဖက်ဒရိတ် ရှမ်းပြည်နယ် ဟာ လူထု ဆန္ဒ ကနေ ဆင်းသက်လာတဲ့ အုပ်ချုပ်ရေး မဟုတ်သေးပဲ အင်္ဂလိပ် သြဇာ နဲ့ လွှမ်းမိုးချယ်လှယ်မှု အောက်က ပဒေသရာဇ် စော်ဘွားတွေ ရဲ့ ဦးဆောင်မှု နဲ့ အုပ်ချုပ် စီမံကြ တဲ့ ဖက်ဒရိတ် ပြည်နယ်ပဲဖြစ်ပါတယ်။ ပဒေသရာဇ် ရှမ်းပြည်နယ် ကို စော်ဘွားများ က ကိုယ်ပိုင် လွတ်လပ်စွာ အုပ်ချုပ်ခွင့် နဲ့ စီရင် ပိုင်ခွင့် ရှိတယ် ဆိုသော်လည်း ဖက်ဒရိတ် ရှမ်း နယ်နမိတ် ထဲမှာ တည်ရှိ ပြီး အင်္ဂလိပ် ရုံးစိုက်နေတဲ့ တောင်ကြီး ၊လားရှိုး ၊ ကလော ၊ လွိုင်လင် မြို့တွေမှာတော့ သက်ဆိုင်ရာ စော်ဘွားများ က အုပ်ချုပ် ပိုင်ခွင့် မရှိပဲ အင်္ဂလိပ် အရာရှိများက ပြည်မ Proper Burma မှာ ကျင့်သုံးတဲ့ ဥပဒေ တွေ နဲ့ စီမံ အုပ်ချုပ်ပါတယ်။ ဒီအချက်တွေ ဟာ လည်း ရှမ်းနဲ့ ဗမာ အတူ ပူးပေါင်းပြီး လွတ်လပ်ရေးကြိုးပမ်းလိုစိတ် ကိုဖြစ်ပေါ်စေခဲ့တယ်လို့ ပြောနိုင်ပါတယ် ။ တကယ်တော့ ရှမ်းနဲ့ ဗမာ ဟာ မတည့် အတူနေ လို့ပြောရလောက် အောင် ပြဿနာတွေ အကြားက နေ သံယောဇဉ်ကြီးလွန်းတဲ့ လူမျိုး တွေပဲဖြစ်ပါတယ် ။ မြန်မာ ဘုရင် အုပ်ချုပ်ရေး သမိုင်း မှာ ရှည်လျှားတဲ့ မိတ်ဖက်ရန်ဖက် ဆက်ဆံရေးတွေရှိခဲ့သလို မြန်မာ ဘုရင် အုပ်ချုပ်ရေး စနစ်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါ ဘုရင် ဟာ ရှမ်းသွေး တစ်ဝက်ပါတယ် လို့ ဆိုပါတယ်။ သမိုင်း အစဉ်အဆက်တစ်လျှောက် လက်လှမ်းမီသလောက် ထူးခြားတဲ့ အချက်အလက် အချို့ ကို တင်ပြရ ရင် ၊ ၁၈၄၅ မှာ ကရင်နီတွေ က ကျေးကျွန်စုဆောင်းဖို့ ရှမ်းပြည်ကို ကျူးကျော်ပြီး ဝင် တိုက်ခဲ့ရာ မြန်မာ ဘုရင်က သူ့တပ်တွေကို ရှမ်းပြည် ကို စေလွှတ်ပြီးကာကွယ် တိုက်ခိုက်စေခဲ့ပါတယ် ။ ၁၉၄၆ ခုနှစ် ဒုတိယ ကမ္ဘာစစ်အပြီး မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာ ခေါင်းဆောင်တွေ က တနှစ် အတွင်း တပြည်လုံး လွတ်လပ်ရေး ရရမည် ဆိုတဲ့ သန္နိဋ္ဌာန် နဲ့ အင်္ဂလိပ် အစိုးရ ကို လွတ်လပ်ရေးပေးဖို့တောင်းဆိုရာမှာ ရှမ်းစော်ဘွားတွေက သူတို့ သဘောထား မပါကြောင်း အင်္ဂလိပ် အစိုးရ ကို ကြေးနန်းပို့ အကြောင်းကြား ကန့်ကွက် ခဲ့ပေမယ့် ပဒေသရဇ် ဆန့်ကျင်ရေးစိတ် ပြင်းထန်ပြီးလွတ်လပ်ရေး ကို လိုလားတောင့်တနေသော ရှမ်းလူငယ်တွေက တောင်ကြီးမြို့မှာ လူထု စည်းဝေးပွဲ လုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကို ထောက်ခံခဲ့ကြပါတယ် ။ လွတ်လပ်ရေး အကြို လှုပ်ရှားမှု ကာလ မှာ ပေါ်ပေါက်လာတဲ့ ရှမ်း ဗမာ ချစ်ကြည်ရေးလှုပ်ရှားမှု ဟာ လွတ်လပ်ရေး အတွက် အင်အားတစ်ခုဖြစ်စေခဲ့ပါတယ် ။ ဒီလိုပဲ ၂၀၀၀ ခုနှစ် အောက်တိုဘာလ မှာ SSA ရှမ်းတပ်မတော် စစ်ဦးစီးချုပ် က သူ့ရဲ့ တပ်ဖွဲ့တွေ အလေးအနက်သိရှိလိုက်နာဖို့ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ရာမှာ SSAအနေနဲ့ နအဖ စစ်အာဏာကို သာ တွန်းလှန် တိုက်ခိုက်နေတာတာဖြစ်ပြီး ဗမာ လူမျိုး နဲ့ အမိန့်ကို နာခံရသော ဗမာစစ်သားများကို လူမျိုးရေး စိတ်နဲ့ တိုက်ခိုက်နေခြင်းမဟုတ်ကြောင်း၊ ဖမ်းမိတဲ့ သုံ့ပန်းတွေကို နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းမလုပ်ဖို့ ဖေါ်ပြထားတာတွေ့ရပါတယ် ။ ခွဲထွက်ရေး ဆိုတာကို တခါတလေမှာ စကားလုပ်ပြောနေပေမယ့် ရှမ်း နဲ့ ဗမာ ဟာ တကယ်တမ်း ခွဲမရနိုင်တာ သမိုင်းကြောင်း နောက်ခံတစ်ခုလုံးက သက်သေခံနေပါတယ် ။ ရှမ်းတွေ က ဗမာ နဲ့ ပတ်သက်ရင် ဂရုဏာဒေါသော ပေးတတ်တဲ့ မှတ်ချက်အချို့ ကိုပြောချင်ပါတယ် ။ ဒီမှတ်ချက်ဟာ လည်း မြန်မာပြည်ကို ဖက်ဒရယ် နိုင်ငံတစ်ခုအဖြစ်တည်ဆောက်ရေးမှာ ဗမာတွေအနေနဲ့ တိုင်းရင်းသားအရေးနဲ့ပတ်သက်ရင် ဘယ်လို ပြုပြင်ပြီး တွေးခေါ်လုပ်ဆောင်ရမလဲဆိုတာကိုလည်း မီးမောင်းထိုးပြနေပါတယ် ။

ရှမ်းသူပုန်အဖြစ် ၂ရ နှစ်ကြာ လက်နက်ကိုင် တော်လှန်ရေး မှာပါဝင်ခဲ့ပြီး သျှမ်း သံတော်ဆင့် သတင်းဋ္ဌာန ရဲ့ အယ်ဒီတာတစ်ဦး ဖြစ်လာတဲ့ ခွန်းဆေ ရေးသားသော ကျွန်တော် သူပုန်ဖြစ်လာပုံ ( The Making of Rebel ) စာအုပ်မှာ အင်္ဂလိပ် လက်အောက်က လွတ်မြောက်ရေး ကြိုးပမ်းမှုကာလကနေ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်း ပြီး ဒီမိုကရေစီ ရော ဖက်ဒရယ်အိပ်မက် ပါ ဆိတ်သုဉ်းသွားခဲ့ရတဲ့ ကာလများ ကို ဖြတ်သန်းခဲ့ကြတဲ့ ရှမ်းနိုင်ငံရေးမျိုးဆက်တွေ က ဗမာ ခေါင်းဆောင်တွေ နဲ့ ပတ်သတ်ပြီး ပြောကြားခဲ့သော မှတ်ချက်တွေကို စုစည်းတင်ပြထားပါတယ် ။ အဲဒီ စာအုပ်ထဲမှာ စာရေးသူခွန်းဆေ ကိုယ်တိုင်က ဗမာအသိုင်းအဝိုင်းကြားထဲမှာ ကျင်လည်ပြီး ကိုယ်တိုင်က ဗမာဆန်ခဲ့ပေမယ့် ဗမာ စစ်ခေါင်းဆောင်တွေ ရဲ့ အစိုးရိမ်လွန်ပြီး ရှမ်း တိုင်းရင်းသားတွေ ရဲ့ အမျိုးသားရေး နိုးကြားမှုကို သင်းသတ်ဖို့ ကြိုးစားလာခြင်းကြောင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ တွန်းလှန်ဖို့ကြိုးစားရင်း သူပုန်ဖြစ်လာရတယ်လို့ ရေးသားထားပါတယ် ။ ရှမ်းစာ သင်ရမှာ စိတ်မပါ ၊ ရိုးရာ ရှမ်းဘောင်းဘီကိုလည်း မဝတ်ချင်တဲ့ရှမ်းတစ်ယောက် က ရှမ်းစာ ကို အစိုးရကျောင်းမှာ သင်ကြားခွင့်ပိတ် ရှမ်းဘောင်းဘီ အစား ကျောင်းမှာ လုံခြည်ပဲဝတ် ဖို့ ဖိအားပေးခံရတဲ့ အခ်ျိန်မှာ လူမျိုးရေး အရ ဖိနိပ်ခံရတယ် လို့ခံစားလာရတဲ့ အတွက် မခံချင်စိတ်တွေ ပေါက်ဖွားလာပြီး တော်လှန်ဆန့်ကျင်လိုစိတ်တွေဖြစ်လာကြောင်း စာရေး သူရဲ့ သူပုန်စိတ်ဝင်သွားရတဲ့ အကြောင်းရင်းခံ အဖြစ်ရေးသားထားပါတယ်။ ဗမာ ခေါင်းဆောင်တွေ ဟာ အုပ်ချုပ်ရလွယ်ကူတဲ့ ရှမ်းကို အင်္ဂလိပ်တွေ လို သိက္ခါရှိရှိ လိမ္မာပါးနပ်စွာ အကိုင်အတွယ်မတတ်ပဲ အမြဲလို အကြမ်းပတမ်း ကိုင်တွယ် နှိပ်ကွပ်နေတာကြောင့် ရှမ်း လက်နက်ကိုင် တော်လှန်ရေး တွေ ပေါ်ပေါက်လာရသလို ရှမ်းပြည်နယ် ဟာလည်း လူမျိုးရေးနာကျည်းချက်တွေနဲ့ မငြိမ်းချမ်းနိုင်ဖြစ်ရတယ် ဆိုတဲ့ သဘော နဲ့ မှတ်ချက်တွေ ကို ရှမ်းအမျိုးသားခေါင်းဆောင်အများစုက ပေးခဲ့ကြောင်းဖေါ်ပြထားပါတယ် ။ နာမည်ကျော် MTA ခေါင်းဆောင် ခွန်ဆာက " ဗမာလောက်ကောင်းတဲ့လူလည်းမတွေ့ဖူးဘူး ဗမာလောက်ဆိုးတဲ့ လူလည်းမကြုံဖူးဘူး "လို့ပြောကြားဖူးကြောင်းရေးသားထားပါတယ်။ ကျွန်တော်သူပုန် ဖြစ်လာပုံစာအုပ်ပါ မှတ်ချက်တွေ အရ အင်္ဂလိပ် အောက်မှာ နေခဲ့ရတဲ့ ရှမ်းတွေရော လက်ရှိ ပစ္စုပ္ပန် ကာလ တရုတ်ပြည်ထဲမှာ နေထိုင်လျှက်ရှိတဲ့ ရှမ်းမျိုးနွယ်စုတွေရော ဘာပြဿနာမှာ မရှိပဲအေးချမ်းစွာနေထိုင်နိုင်ကြတဲ့ သာဓကတွေ ရှိပြီး သူတို့ အနေနဲ့ ဒီလို ရှမ်းတွေကို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်တာဟာ အင်္ဂလိပ်အစိုးရရော တရုတ်အစိုးရ ကပါ ရှမ်း အပါအဝင် လူမျိုးစုတွေ အပေါ် ထားရှိတဲ့သဘောထား ကောင်းမွန်ပြီး လူမျိုးစုအခွင့်အရေးရရှိမှုဟာလည်း ဗမာ အစိုးရ တွေအောက်မှာနေရတာထက် အများကြီးသာလွန်တာကြောင့်ဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ်တွင်း လွတ်လပ်ရေး ကာလ ကနေ ဒီကနေ့ အထိ နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ စစ်ရေး ၊ တိုင်းရင်းသား လူမျိုးရေး ဖြစ်စဉ်များ ကို ခြုံကြည့်ရင် ပြည်ထောင်စုက နေ ခွဲထွက်သွားမှာစိုးရိမ် လို့ ခွဲထွက်မသွားအောင် တိုင်းရင်းသားတွေ ရဲ့ စိတ်နှလုံးကို စည်းရုံး ဖြောင်းဖျ ဖို့ မကြိုးစားပဲ တိုင်းရင်းသားတွေ ရဲ့ ခြေလက်တွေကို တုတ်နှောင်ပြီး မျက်စိ နဲ့ နား ကို ကို ပိတ်ဖို့ကြိုးစားရာကနေ လက်နက်ကိုင် တုန့်ပြန်သည် အထိ ရုန်းကန်မှုကြီးဖြစ်ပေါ်လာရခြင်းဖြစ်တယ် လို့ သုံးသပ် ဆုံးဖြတ်နိုင်ပါတယ် ။ ဒါကြောင့် ဒီကနေ့ တိုင်းပြည် ကို ဦးဆောင် နေကြတဲ့ ဗမာ ခေါင်းဆောင်တွေအနေနဲ့ ပြည်တွင်းစစ် ငြိမ်းချမ်းရေး ၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကို ဦးတည်ရာမှာ ဒီလို သင်ခန်းစာတွေကို စေ့စေ့စပ်စပ် လေ့လာ သုံးသပ် ပြီး အမှားဟောင်းတွေ ထပ်မမှားရအောင် ပြင်ဆင်ဖို့လိုပြီလို့ပြောချင်ပါတယ် ။ ဒီလိုပဲ တိုင်းရင်းသားတွေ ဘက်ကလည်း ပြင်ဆင်ရမယ့် အပိုင်းတွေ ဆင်ခြင်ရမယ့်အပိုင်းတွေ ရှိနေသေးတယ် ဆိုတာထောက်ပြချင်ပါတယ် ။

အပိုင်း (၂) သို့......

ဖက်ဒရယ်ဂျာနယ် အတွဲ(၂၆) အောက်တိုဘာ ၂၀၁၉

No comments:

Post a Comment