Monday, September 23, 2019
X2O အမှုမှာ မတရားအစီရင်ခံခဲ့ရတဲ့ အပြစ်မဲ့တပည့်အတွက် သူ့ဆရာ ရင်ဖွင့်ပြီ ...
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ဘာတွေလွဲနေလဲ ...
X2O အမှုမှာ မတရားအစီရင်ခံခဲ့ရတဲ့ အပြစ်မဲ့တပည့်အတွက်
သူ့ဆရာ ရင်ဖွင့်ပြီ ...
"လက်ညိုးထိုးသိပ်လွယ်သူတွေ ရဲ့ ကြားထဲ" ...
...
ဗစ်တိုးရီးယားအမှုရဲ့ တရားခံဆိုတဲ့ အောင်ကြီးအကြောင်း ဆူညံနေတာတွေ့တော့ လွန်ခဲ့တဲ့နှစ် ၂၀ကျော်ဆီကို စိတ်ရောက်သွားရပြန်ပါတယ်...အမှတ်တရတွေကများသလောက် ပြောစရာတွေကလည်းများ ဆိုတော့ စာနည်းနည်းရှည်မှာမို့ ရင်နင့်ဖွယ် ဖြစ်ရပ်မှန်ဝတ္ထုတိုလေးတပုဒ်..လို့သာ သဘောထားပြီး ဆုံးအောင်ဖတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်...
၁၉၉၆ခုနှစ် အစ,ဦးလောက်မှာပဲ အေးသာယာGTIက ကျနော်အလုပ်ထွက်ခဲ့တယ် ဘာရယ်ကြောင့်မဟုတ်ပါဘူး ၀န်ထမ်းအလုပ်နဲ့ကျနော့်စိတ် ဘယ်လိုမှအဟပ်မမိနိုင်တာကြောင့် အရှည်မျှော်တွေးပြီး လက်ပြနှုတ်ဆက်ခဲ့ခြင်းပါပဲ တတ်မြောက်စ အီလက်ထရွန်းနစ်ပညာလေး လက်တွေ့လုပ်ငန်းခွင်ထဲကနေပဲ သင်ယူရင်းသက်မွေးဝမ်းကြောင်း ပြုတော့မယ်ဆိုတဲ့ ခံယူချက်နဲ့ပေါ့...
ရည်မှန်းထားခဲ့သလို အိမ်မှာပဲ သင်ရင်းပြင်ရင်းနဲ့ အလုပ်နဲ့လက်မပြတ် လုပ်ရပါတယ် မချမ်းသာပေမဲ့ နေပျော်တဲ့ဘ၀လေးပေါ့လေ. ဒီလိုနဲ့ တနေ့တော့...
မှတ်မှတ်ရရ ကလောသား စိုးလွင်ဆိုတဲ့ကျောင်းသားတယောက် အိမ်ပေါက်ဝရောက်လာပြီးမေးတယ် "ဆရာဦးအောင်လွင်မိုးတို့အိမ် ဟုတ်ပါသလား?"တဲ့ "ဟုတ်ပါတယ်"ပေါ့ "ဆရာရှိလားခင်ဗျ" "ရှိပါတယ် ကျနော်အောင်လွင်မိုးပါ ဘာကိစ္စပါလိမ့်"ဆိုတော့ သူအံ့သြတကြီးဖြစ်သွားတယ် အဲ့တုန်းက ကျနော့်အသက် ၂၆,၂၇ သူက ၃၀ကျော်ပြီ ပြီးတော့ ကျနော့်အိမ်နေရင်း အပေါ်အောက် အတိုလေးနဲ့ဟာကိုး "ကျနော့်ကို ဆရာဦးကျင်ညွန့်လွှတ်လိုက်တာပါ လက်တွေ့လုပ်ငန်းခွင်လေ့လာချင် ဆရာ့ဆီသွားဆိုလို့ပါ".. တဲ့ ဒါနဲ့ပဲ ကလောသားကိုစိုးလွင်ကအစ,ပြုလို့ သူရို့ကျောင်းသားအချင်းချင်းလမ်းညွှန်တာရော E.Pက ဆရာဦးကျင်ညွန့်တို့ ဆရာဦးအောင်မောင်းတို့တွန်းပို့တာရောနဲ့ လခစားဆရာဘ၀ကနေ ထွက်ပြီးကာမှ အိမ်ကထမင်းပါချက်ကျွေးရတဲ့ လခစိုက်ဆရာဘ၀ပြောင်းသွားလိုက်တာ ၂၀၀၀ပြည့်နှစ်လယ် ကျနော် ဆိုက်ခေါင်ပြောင်းသွားတဲ့အထိဆိုပါတော့...
အဲ့လိုနဲ့ ကျောင်းပုရ၀ဏ်ပြင်ပရောက်ပြီးမှ သင်ပေးခဲ့ရတဲ့တပည့်တွေထဲမယ် ကျနော့်ရင်ထဲအရောက်ဆုံးတပည့်တယောက်ရှိတယ် ဟင်္သာတသား"ဖြိုးဝေအောင်"တဲ့ အစ္စလာမ်ဘာသာဝင်တယောက်ပါ ဆရာဆိုတာမျိုးက ဆိုးတဲ့တပည့်တွေရယ် တော်တဲ့တပည့်တွေရယ်ကို ပိုမှတ်မိတာ ဓမ္မတာပါပဲ...
ဒီကလေးကျ တော်တဲ့အပြင် ကျနော်နဲ့ နှလုံးသားချင်းနီးစပ်တယ်ဆိုရမယ် ကျောင်းစာပြင်ပ သုတ,ရသ ကျနော်နဲ့ထပ်တူကျ အပြန်အလှန်ဆွေးနွေးနိုင်တယ် အစ္စလာမ်ဆိုပေမဲ့ အယူသီးဖို့ဝေး ကျနော့်အိမ်မယ် အလျဉ်းသင့်တဲ့အခါ အိပ်,စား ပညာသင်ရင်း လောကဓမ္မအကြောင်းတွေပါ ပြောကြဆိုကြနဲ့ နောင်အခါ ဆရာတပည့်ဆက်ဆံရေးဆိုတာထက် သွေးချင်းဆက်ဆံရေးလိုဖြစ်လာခဲ့တာမှ တခါသား သူ ကျနော့်ကိုပြောရှာတယ် "ဆရာ ဗုဒ္ဓဘာသာဝင်တွေ ပြောသလိုဆို ဆရာနဲ့ကျနော် အရင်ဘ၀က သားအဖတော်ခဲ့သလားပဲနော်"... တဲ့ မျက်ရည်လေး အ၀ဲသားနဲ့...
ကျောင်းအားတဲ့တရက်မှာတော့ ကျနော့်အိမ်ကို ကောင်မလေးတယောက်နဲ့အတူ ရောက်လာတယ် ကျနော့်ရှေ့အတူလာထိုင်ပြီး မိတ်ဆက်ပေးရှာတယ် "ဆရာ သူ့နာမည် ဌေးဌေး...တဲ့ ကျောက်တံခါးက" ဆိုပြီး ပြုံးစိစိလုပ်နေသေးတာ ဆရာဆိုတော့ ဘာပြောရမှာလဲ အေးအေး ဘယ်year ဘာ major? အဲ့လောက်ပဲပေါ့ သူက "ဒီနေ့တော့ကျနော်တို့ ကျောင်းစာအတူကျက်မလို့ ဆရာ့အိမ်ဆိုတော့ နားအေးပါအေးလေ နော့" ဒါနဲ့ အိမ်ရှေ့ဝရံတာမှာ ဖျာလေးတချပ်ခင်း စားပွဲသေးလေးချပေးထားလိုက်တယ် အိမ်တွင်းကျတော့ ကျောင်းသားတွေ စက်လာပြင်,လာရွေးသူတွေနဲ့ဟာကိုး သူတို့လည်း စာကျက်လိုက် သဖန်းသီးစားလိုက်နဲ့ နေ့ခင်းပိုင်းကျ နှုတ်ဆက်ပြီးပြန်သွားကြလေရဲ့...
နောက်ရက်ကျတော့ လာပါပြီစပ်ဖြီးဖြီးနဲ့ "ဘယ်လိုမြင်လဲဆရာ?" "အေး အချောသားပဲ မင်းနဲ့တောင်မတန်ဘူး"ဆိုတော့ "ဟာ.. ဆရာကလည်း.." တဲ့ "ကျနော်ပြောတာက သူ့typeလေးနဲ့ကျနော် အဟပ်မိ,မမိမေးတာ"ဆိုတော့ "အေး မင်းဟတ်ထိနေတာမလား ပြီးရောပေါ့ကွ ပေါင်းရမှာကမင်းတို့" "ဆရာသဘောတူပါတယ်နော်"တဲ့ ရင်ထဲ လှိုက်ခနဲဖြစ်သွားတယ် သူကကိုယ့်ကို အဖနေရာထားပြီး သူ့ကောင်မလေးခေါ်လာပြရှာတာကိုး... ဒါနဲ့ပဲ "အေးပါကွာ ဘာသဘောမတူစရာရှိလဲ မင်းတို့ ဘာသာတူ ပညာအဆင့်အတန်းလည်းတူ နှစ်ယောက်သားလည်း နားလည်ချစ်ခင်နေကြတာကို" ဆိုတော့ သူ့မျက်နှာအပြုံးလက်ခနဲ "အိမ်ကသဘောမတူရင် ဆရာလိုက်တောင်းပေးရမှာ အဲ့လိုသာဆို ကျနော်တို့ ဟိုဖက်လည်းမနေဘူး ဒီဖက်လည်းမနေဘူး ဆရာ့အရိပ်အောက် လာနေမှာဗျ"တဲ့ အရည်အချင်းရှိတဲ့ကလေး သူ့ကြောင့်ကျနော့်မှာ ၀န်ပိုမယ်လို့ကို တွေးမထားပါဘူး နှုတ်၏စောင်မခြင်းနဲ့ကို အထက်ရောက်မယ့်ကောင်မျိုးမို့ စိတ်ရောကိုယ်ပါ ခေါင်းညိတ်ခဲ့ပါတယ်...
ပြောရအုံးမယ် ဒီကောင်ကစကားပြော သိပ်မြန်တာရယ် သူပြောတဲ့စကား ကယားမကို စကားပြန်ထားပြီး နားထောင်ရတာကခပ်များများ အပြင်စာအကြောင်းတွေပြောလို့ သူစိတ်အားသန်လာရင်ပိုဆိုး ကျနော့်မှာ တဟမ်ဟမ်နဲ့ ပြန်ပြန်မေးနေရတာကတလုပ် တခါတလေတော့လည်း နားလည်ချင်ဟန်ဆောင်ပြီး "အင်း"လိုက်ပေး နားအေးရော ဆိုတော့ သူနဲ့ကျနော့်အိမ်သူရော သားသမီးတွေပါ မိသားစုလိုဖြစ်နေတာပေါ့..
သူကလည်း နောက်ပိုင်းနှစ်တွေကျနော့်အိမ်လာတယ်ဆိုတာ သင်ရတာကနည်းနည်း ဆရာတပည့်နှစ်ယောက်သား စကားတပြောပြောနဲ့ ကျနော့်အပ်ထည်တွေ ထိုင်ပြင်ကူနေကျ အားတဲ့အချိန်ဆို ကျနော်ကပုလင်းကိုင် သူကတခွက်တလေ ကလေးထိန်းကူရင်းလိုက်မော့ ဟန်ချက်ကို ညီလို့ရယ် ခု ပုံတင်တင်နေတဲ့ အသည်းကျော်လေးရဲ့အမေ ကျနော့်သမီးကြီးဆို သူ့လက်ပေါ်များများပေါ့...
ဒီလိုနဲ့ ၂၀၀၀ခုနှစ်ထဲကျတော့ အေးသာယာအိမ် ဟောင်လောင်းထားခဲ့ပြီး တမိသားစုလုံး ဆိုက်ခေါင်ပြောင်းဖြစ်ရော ဟိုရောက်တော့လည်း ရုန်းရကန်ရနဲ့ပေါ့လေ...
တနေ့သား ဖုန်းဆိုင်ဖွင့်ထားတဲ့(အဲ့တုန်းက ဆိုက်ခေါင်တရွာလုံးပေါင်း ဖုန်း၂လုံးပဲရှိတယ် အခပေးဆက်ကြရတာပေါ့လေ ကိုယ်ကဆက်လည်းပေး ဟိုကခေါ်လာလို့ သွားနားထောင်လည်းပေး ဘာပဲပြောပြော ဆက်သွယ်မှုဧရိယာပြင်ပ မရောက်ခဲ့ရတာလေး ကျေးဇူးတင်ရပါတယ်) ဦးသန်းထူးအိမ်ကကောင်မလေးတယောက် ဈေးထဲစက်ပြင်ဆိုင်ဖွင့်ထားတဲ့ကျနော့်ကိုလာခေါ်တယ် ဘယ်သူခေါ်တာတုန်းဆိုတော့ "နာမည်မပြောဘူး ဆရာဖြူ့တပည့်လို့ပြောပေးပါ"တဲ့ ဇဝေဇ၀ါနဲ့ထလိုက်သွား ဟိုရောက်တော့ "ဟဲလို ကျနော်ကိုဖြူပါ"ဆိုတာနဲ့ "ဆရာ ကျနော်ငဖြိုးပါ"တဲ့ "ဟ ငဖြိုး မင်းဘယ်ကဆက်နေတာလဲ ဒီဖုန်းနံပါတ် ဘယ်ကရတာလဲ" အဲ့အချိန် သူကျောင်းပြီးသွားတာ ၂နှစ်ကျော်ပြီထင်ပါရဲ့ ဒါကြောင့်တအံ့တသြနဲ့မေးမိတာ ဆိုက်ခေါင်ဖုန်းနံပါတ်တွေက ကျနော့်အမျိုးတွေပဲသိတာကိုး သူက"ခုကျနော် တောင်ကြီးရောက်နေတာဆရာ ညခင်းကျ ဆရာ့ဆီဆင်းလာတွေ့မလို့ လမ်းညွှန်ပေးပါအုံးဆရာ" ..
ပြောပြရတယ် ဟိုမှာကကျနော်လူပျိုဘ၀နဲ့ အိမ်ထောင်ဦးကာလတွေမှာလည်း နေခဲ့ဖူးတာဆိုတော့ လူသိများပါတယ် စက်ပြင်ဆိုင်ကလည်းနည်း ဆိုတော့လေ.... အဲ့ညခင်းက သူရောက်မလာဖြစ်သလို သူ့ရဲ့စကားသံကြားရခြင်းဟာ အဲ့ဒီစကားလုံးတွေက နောက်ဆုံးဖြစ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိပါဘူး...
ဘ၀ဇာတ်ခုံပေါ် ထင်သလိုက,ရင်းနဲ့ မမျှော်လင့်ပဲ အေးသာယာမှာ ဒုတိယမ္ပိအခြေချမိပြန်တော့ တနေ့သား ဆရာဦးစောသာထွန်းက ဖိတ်စာတစောင် အိမ်အရောက်လာပေးတယ် ကလော/အေးသာယာ ဂျီတီအိုင်ကျောင်းသူ/ကျောင်းသားဟောင်းများရဲ့ အာစရိယပူဇော်ပွဲတက်ရောက်အပူဇော်ခံဖို့... တဲ့ ကလောမြေမှာကျင်းပတဲ့ ၂၅ကြိမ်မြောက် K/Aအာစရိယပူဇော်ပွဲအတွက်ပါ...
ဒိုင်းခနဲဝမ်းသာသွားတယ် ကိုယ်က ကျောင်းအသိုက်အ၀န်းပြင်ပ ရောက်နေခဲ့တာကြာပြီကိုး လုပ်ဖော်ကိုင်ဖက် ဆရာ/ဆရာမများနဲ့လည်းပြန်ဆုံခွင့်ရ တပည့်ဟောင်းများနဲ့လည်း ပြန်တွေ့ခွင့်ရ တဆက်ထဲ ပထမဆုံးသတိရမိတာက အဲ့ကောင်"ငဖြိုး" တပည့်မက,သားသမီးလိုပါ ချစ်ခင်ခဲ့ရသူကိုး...
ဒီလိုနဲ့ ကလောမြေကိုနင်းမိတော့ ၀မ်းသာအားရ နှုတ်ဆက်ကြ "ငဖြိုး"မေးဖို့ကျ ဘယ်သူ့ဆီမေးရမယ်မသိဖြစ်နေတာ သူက ကျနော်ကျောင်းဆရာဘ၀ကတပည့်မဟုတ် အိမ်မှာလာသင်တဲ့ တပည့်တွေထဲကယောက်ဆိုတော့ အဲ့လိုတပည့်တွေထဲက မှတ်မိနိုင်သလောက်လေးစဉ်းစားနေတုန်း ကံအားလျော်စွာပဲ "ကျော်စွာဝင်း"ဆိုတဲ့တပည့်လေးတယောက် လာနှုတ်ဆက်တယ်...
"ကျော်စွာရေ မင်းက ဖြိုးဝေအောင်နဲ့တနှစ်ထဲမလား အဲ့ကောင်လာလား? ဆရာအရမ်းတွေ့ချင်လို့"ဆိုတော့ ၀မ်းနည်းမျက်နှာနဲ့ "ငဖြိုးဆုံးပြီလေဆရာ ဆရာသတင်းစာ/ဂျာနယ်တွေ မဖတ်ဖြစ်ဘူးလား?"တဲ့ ရင်ထဲ အောင့်ခနဲဖြစ်သွားရတဲ့အထဲ တချက်ကြောင်သွားပြန်တယ် သတင်းစာ/ဂျာနယ်နဲ့ ငဖြိုးဆုံးတာ ဘာဆိုင်လဲပေါ့ ကားပေါ်ကဆင်းဆင်းချင်း ဆရာ/ဆရာမတွေကို အတီးအမှုတ်တွေနဲ့ ကြိုဆိုရေးလုပ်နေတဲ့နေရာ ရပ်စကားပြောနေတာဆိုတော့ လူနည်းနည်းရှင်းတဲ့နေရာခေါ်သွား သေချာမေးကြည့်တော့ "ရန်ကုန်သင်္ကြန် X2Oမဏ္ဍပ် ဗုံးကွဲတဲ့ကိစ္စ တရားခံဆိုပြီး အဖမ်းခံရတာဆရာ"တဲ့လေ..
"ဟာ.. ဒီကောင် ဒီအစားမဟုတ်ဘူး မဖြစ်နိုင်ဘူး"ဆိုတော့ "ကျနော်လည်း အဲ့လိုပဲယူဆပါတယ်ဆရာ"တဲ့ ..."ဒါနဲ့ ငဖြိုးက အိမ်ထောင်ကျခဲ့သေးလား? ဌေးဌေးနဲ့ပဲလား?"ဆိုတော့ "ဟုတ်တယ်ဆရာ ဌေးဌေးနဲ့ပဲ သမီးလေးတယောက် သားလေးတယောက် ကျန်ရစ်ခဲ့တယ်"တဲ့လေ.. ရင်နင့်နေတဲ့ကြား စိတ်သက်သာရာတချက်ပေါ့ ကလေးမကို အိမ်ခေါ်လာပြတုန်းက သူ့မျက်နှာပေါ်ကအပြုံး ကျနော်အတိအကျ ဘာသာပြန်တတ်ခဲ့တာကိုး..
စကားရှင်းအောင်ထပ်မေးချိန်မရပါဘူး ဆရာတွေကို စာရင်းအလိုက် ဟိုတယ်တွေမှာနေရာချထားပေးဖို့ လာခေါ်နေတာနဲ့လိုက်သွားရ ရင်ထဲ တအုံနွေးနွေးနဲ့ ဗုံးကွဲတဲ့ကိစ္စနဲ့ငဖြိုး ဘယ်လိုမှကို တွဲစပ်စဉ်းစားလို့မရခဲ့တာ ဒီနေ့ထိပါပဲ...နောက်ထပ် သူ့အပေါင်းအသင်းများနဲ့ဆုံတိုင်းမေး ဘယ်သူမှလည်း ရေရေရာရာမပြောနိုင် အာစရိယပူဇော်ပွဲဆိုတော့လည်း ကိစ္စများမြောင်ဟာကိုး.. နော့
ဒီလိုနေလာရင်း အေးသာယာမှာကျင်းပတဲ့ ၂၇ကြိမ်မြောက် K/Aအာစရိယပူဇော်ပွဲကျတော့ နေ့ခင်းစာအပြီး အိမ်ပဲအစောပြန်လာမိတယ် အိမ်ရောက်ပြီးတအောင့်နေ ဖုန်းဝင်လာတယ် "ဆရာဖြူ့ဖုန်းလားဗျ"တဲ့ "ဟုတ်ပါတယ်"ဆိုတော့ " ဆရာ ကျနော်ဇော်ဇော်အောင်ပါ ဆရာ့တပည့်မ,ဌေးဌေးက ဆရာနဲ့တွေ့ချင်လို့ပါ ဆရာ့ကိုကျောင်းထဲလိုက်ရှာနေတာ မတွေ့လို့ ဖုန်းဆက်ကြည့်တာပါ"တဲ့ "အေးဟ ဆရာက အိမ်ပြန်ရောက်နေပြီ အိမ်ပဲလိုက်လာလိုက်ကြ ဆရာလည်း သူ့တွေချင်နေတာ အတော်ပဲကွာ"ဆိုပြီး ခဲရာခဲဆစ်လမ်းညွှန် ရောက်လာကြ သမီးဌေးနှယ် ငိုပါလေရော့ပေါ့... နောက် အကြောင်းစုံမေးကြည့်တော့ သိရတာက ဒီလို...
အခင်းဖြစ်နေ့မှာ ငဖြိုးဘယ်နေရာမှာရှိပြီး ဘာလုပ်နေတယ်ဆိုတာ နာရီပိုင်းအလိုက်ကို အလီဘိုင်ပြနိုင်တယ် လူသက်သေတွေလည်းရှိတယ် သူ့ကိုလာဖမ်းတာက ၂၀၁၀ ဧပြီ ၂၂ရက်ညပိုင်း အခင်းဖြစ်ပြီး တပါတ်အကြာဆိုပါတော့ ဖမ်းပြီဆိုတာနဲ့ အောင်သပြေစစ်ကြောရေးကိုပို့လိုက်တယ် ဌေးဌေးပြန်ပြောပြတဲ့ နှိပ်စက်နည်းတွေကြားရတော့ "တောက်"ခေါက်မိတယ် ...
ဘယ်... ဖက်ဆစ်ကင်ပေတိုင်က အဘခေါ်ရမယ့်နည်းတွေ လူစိတ်မရှိတဲ့ကောင်တွေမို့သာ အဲ့လိုနည်းတွေစိတ်ကူးရက် စိတ်ကူးရဲမှာကိုး...ဖက်ဆစ်ရဲ့အဘ စစ်ဖက်.. အောင်သပြေမှာချည့် ၉ရက် ဒီအတွင်း ငဖြိုးအလီဘိုင်ပြတဲ့လူသက်သေတွေကို နည်းမျိုးစုံနဲ့ခြိမ်းခြောက် သက်သေမလိုက်ရဲအောင်ပေါ့ ...
နောက် လှိုင်မြို့နယ်တရားရုံးခေါ်သွားပြီး ဖြောင့်ချက်ပေးခိုင်း ပြီးတာနဲ့အင်းစိန်ထောင်မှာ သီးသန့်တိုက်ပိတ်ထား နောက်၂လနေမှ အမှုရုံးတင်ပါသတဲ့...၂၀၁၀ ဂျူလိုင်လောက်မှာ စွဲချက်စတင်တယ် အမှုစစ်ဆေးချိန် ၂နှစ်နီးပါးဆိုပါတော့ ၂၀၁၂ မေ ၈ရက်မှာမှ အမိန့်ချတယ် အမိန့်ချပြီးနောက်တရက်မှ ဆေးရုံတင်ပေးပါသတဲ့...
အဲ့အချိန်ကျတော့ ငါ့သားတပည့်လေးငဖြိုး(ဖြိုးဝေအောင်)ခမျာ ခါးအောက်ပိုင်းချည့်သွားရှာပြီ လူပွေ့ထူ ဆေးရုံရောက် သံခြေကျင်းမဖြုတ်ပေးပါတဲ့လေ.. နောက် ကုလကိုယ်စားလှည် မစ္စတာကင်တားနားတို့ရောက်လာ မေတ္တာရပ်ခံပါမှ ခြေကျင်းဖြုတ်ပေး သူ့ဇနီးဌေး အနီးကပ်ပြုစုခွင့်ရခဲ့ပါတယ်...
..
ပြစ်ဒဏ်လား?
ဗုံးခွဲတယ်ဆိုတော့ သေ,နာ,ကျိုး,ကန်း
၃၀၂အတွက် သေဒဏ်, ၃၂၆က ၁၀နှစ်, ၃၂၄က ၆နှစ် ပြစ်ဒဏ်စု သေဒဏ်အဖြစ် တပေါင်းတည်းကျခံစေ... ဒါက ပြစ်မှုတအုပ်စု
နောက်ဆက်တွဲက ဖောက်ခွဲ(၃)အတွက် တသက်တကျွန်း မတရားသင်း၁ရ(၁)အတွက် ၃နှစ် နယ်စပ်ဖြတ်ကျော် ၆နှစ်...
သေဒဏ်အပြင်ကို တပျော်တပါးချထည့်လိုက်တာများ အားရစရာပေါ့..
နိုင်ငံတော်တည်ငြိမ်ရေး,တရားဥပဒေစိုးမိုးရေးကို ဦးတည်ပါသည်ပေါ့...
ခက်တာက ကျနော့်တပည့် နယ်စပ်လည်းမရောက်ဖူးဘူး ကရင်ဖောက်ခွဲရေးတာဝန်ခံဆိုတဲ့ကောင် သူ့သူငယ်ချင်းကမိတ်ဆက်ပေးလို့ လက်ဖက်ရည်ဆိုင်မှာ တခါဆုံဖူးတယ် နောက်တပါတ်အကြာ တခါထပ်ကြုံတယ် သွားရင်းလာရင်း မိတ်ဆက်ခံရဖူးသူတယောက်နေနဲ့ အလ္လာပသလ္လာပပြောမိခြင်းလောက်ပါပဲ...
ဒီအချက်အပေါ်ခြေကုတ်ယူပြီး ဇွန်းခက်ရင်းနဲ့ အထိုးခံလိုက်ရတာ.....
X2Oဗုံးကွဲတယ်ဆိုတော့ တရားခံရှာ ကရင့်ဖောက်ခွဲရေးတာဝန်ခံ ရန်ကုန်ရောက်နေတယ်ဆိုတာကလည်း MIတွေသိနေသားပဲ ဗုံးကွဲပီးနောက်ရက် အဲ့ကောင်ကလစ်ပြီ တကယ်ငါကြားရသလောက် အက်ကောင်နဲ့ဒီကိစ္စ ဘာမှမဆိုင်ပါဘူး...
ရဲနဲ့MI ပေါင်းပြီးတရားခံရှာကြ ငဖြိုး ထိုးကျွေးခံလိုက်ရတယ်...
ငါ့ရဲ့ဘဝနဲ့စက် ကျိန်ဆိုနိုင်ပါတယ် ငဖြိုးသည် တရားခံမဟုတ် လုပ်ပိုင်ခွင့်များပေးရင် အဲ့တုန်းကတရားခံ ခုချိန်မှာကို လက်ဆွဲထုတ်ပြလိုက်ချင်တယ်...
၂၀၁၂ မေ၈ အမိန်ချ နောက်ရက်ဆေးရုံတင် သြဂုတ်လ ၃ရက်မှာ သမ္မတဦးသိန်းစိန်အမိန့်နဲ့ သူ့တဦးတည်းလွတ်လာတယ် ထူးဆန်းတယ်နော်...
ကျနော့်တပည့် သူရို့ပြောသလို ဒီပြစ်မှုကျူးလွန်ရိုးမှန်ရင် သတ်ပစ်လိုက် ၅ကြိုးလောက်ဆက်ပေးပလိုက် ဝမ်းနည်းစရာအကြောင်းကိုမရှိတာ...
ဒီ့လောက်ကြီးတဲ့ပြစ်မှု ဒီလိုအပြစ်ဒဏ်ချပြီး ၃လအကြာ ကွင်းလုံးကျွတ်လွတ်လာတယ်...
ဒါပေမဲ့ ငဖြိုးခမျာ လွတ်လူဘဝနဲ့ဆေးရုံပေါ်ပက်လက် မှတ်မှတ်ရရ ၂၀၁၃ ဇန်နဝါရီ၎ မြန်မာ့လွတ်လပ်ရေးနေ့မှာ တဘဝစာလုံးအတွက် လွတ်မြောက်သွားခဲ့ရှာပါတယ်...
မောင်သန်းရွှေဆင်းကာနီး သူ့မြေးလဒကောင်ရဲ့မဏ္ဍပ်မှာ စ,လိုက်တဲ့အမှု ..
ငဖြိုးရေ... မင့်ကြမ္မာငင်ချင်လို့ဟ...
အဲ့နှစ်က သူ့အိမ်သူဌေးဌေးကို တဖွဖွပြောနေပါသတဲ့ ငါတို့ ဆရာဖြူ့အရိပ်ဆီပဲ သွားခိုပြီးလုပ်စားရအောင်လေ...တဲ့
ခွေးလေး... လွမ်းနင့် ကျန်ရစ်အောင်လုပ်တာ အရောက်လာဖြစ်ခဲ့မယ်ဆိုရင်လည်း ဒီလိုခွေးထိုးလောက်ကိုက် ခံရမှာမဟုတ် ငါဘယ်လိုဖြေရမှာလဲငဖြိုးရာ...
...
သူ့ဆန်စား ရဲရမယ်...တဲ့
တော်ရုံဆို ငါနားလည်ပေးပါတယ် ဒါပေမဲ့...
မင်းတို့ တလုပ်တဆုပ်အတွက် တွေ့ကရာလူဆွဲသွင်း တရားခံစာရင်းထဲ မထည့်လိုက်ကြပါနဲ့...
အပြစ်ရှိသူအယောက်တရာ လွတ်သွားပါစေ
အပြစ်မဲ့သူတယောက် တရားခံမဖြစ်စေရ... ဆို?
မင်းတို့က တယောက်သာဆွဲသွင်းတယ်ဆိုပေမဲ့
သူ့နောက်မှာ ဘဝများစွာကျန်ရစ်တယ်
နောင်တ,နောင်မှရသတဲ့
မင့်တို့နောင်တရမယ့်အချိန် ဘဝတွေကြွေလွင့်ကုန်ပေါ့....
ခု နေပြည်တော် 'အောင်ကြီး' ကြည့်လုပ်ကြ
ငါ ဒလိုရေး သောက်ပုဒ်မနဲ့တရားလာစွဲ
ယိတောင် ဂုစိုက်မယ်မထင်နဲ့
ငါ့တပည့်ဖြစ်ရပ်မှန်ကိုအခြေခံ မတရားစွတ်စွဲခံရသူများအတွက် ငါရေးတယ် လာခေါ်လှည့် ပျော်ပျော်ကြီးလိုက်မယ်...
ငတို့နိုင်ငံတော် ကြီး တရားဥပဒေ စိုးမိုးနိုင်စေသောဝ်....
Saya O Phyu
X2O အမှုမှာ မတရားအစီရင်ခံခဲ့ရတဲ့ အပြစ်မဲ့တပည့်အတွက် သူ့ဆရာ ရင်ဖွင့်ပြီ ...
Reviewed by timeayeyar
on
8:18 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment