Wednesday, May 29, 2019
ဒီပဲရင်းအပြီး စစ်ကြောရေး ....
"မျိုးမင်း၊ တိုးလွင်၊ အောင်ကျော်မြင့် ထစမ်း"
မနက်တိုင်း ဒီအသံပေါ်လာတိုင်း ကြောက်ကြောက်နဲ့ နိုးထခဲ့ရတယ်။ ကိုယ်မပိုင်တဲ့ အလုံပိတ် တိုက်ခန်းလေးထဲမှာ အေးစက်နေတဲ့ သံမံတလင်းပေါ်မှာ လက်ပြန်ကြိုး နောက်ပြန် တုပ်ထားလျှက်အိပ်ရတာ ၁၀ရက်ဝန်းကျင် ရှိလာပြီ။
ခနနေဆို လာခေါ်ထုတ်တော့မယ်။ တနေကုန် တကိုယ်လုံးအနှံ့ မနားတမ်း ရိုက်နေမယ်။ ဒီစစ်ကြောရေး ဘယ်တော့မှများ ပြီးပါတော့မလဲ။
ရေလဲ တစ်စက်မှ မချိုးရ။ ပုပ်စော်လဲ နံနေပြီ။ အိမ်သာတက်စရာ ခွက်ပေးထားပေမယ့် သုပ်စရာ ဘာမှ ပေးမထား။
ရှပ်..ရှပ် ရှပ်....
ဂျလောင်း ဂျောင်း
ခြေသံတွေ ဆူလာပါပြီ။ တခြားအခန်းတွေက သံတခါး ဖွင့်သံတွေ ဆူလာပါပြီ။
"ဟေ့ကောင်၊ ထ။ ရှေ့ကသွား"
စစ်ကြောရေး စစ်ဆေးတဲ့နေရာကို သွားရပါတယ်။ အမျိုးသမီးတွေမရှိတဲ့ အမျိုးသမီးဆောင်ရဲ့ အပြင်ဘက် ဒေါင့်တစ်နေရာမှာပေါ့။
"ပြသနာဖြစ်တဲ့နေရာမှာ မင်းက ဘယ်နား ရှိတာလဲ"
"ဒေါ်အောင်ဆန်းစုကြည်ကားဘေးမှာပါ"
"ဘာလုပ်နေတာလဲ"
"လုံခြုံရေးယူနေတာပါ။ ကားမှန်ဘေးက ကာပေးထားတာပါ။"
"သူတို့လာရိုက်တော့ မင်းက ဘယ်လို ပြန်လုပ်လဲ"
"ဘယ်လိုမှ ပြန်မလုပ်ပါဘူး။ အန်တီ စီးတဲ့ ကား မထိအောင် ကာပေးထားတာပါ။ သူတို့က ရိုက်တာပါ။ ကျွန်တော့် ကျောကို အချက်ပေါင်းများစွာ ရိုက်ခံရတာပါ"
"မင်းရိုက်ခံရတော့ ဘယ်လို ပြန်လုပ်လဲ"
"ဘယ်လိုမှ ပြန်မလုပ်ပါဘူး။ ကျွန်တော်တို့ခေါင်းဆောင်က ဘယ်အခြေအနေဖြစ်ဖြစ် ဘာမှ ပြန်မလုပ်ဖို့ မှာထားပါတယ်"
"ဟာ ဒီကောင်.."
ပြန်မလုပ်ဘူး ပြောလေ ရိုက်ခံရလေ။ တခြားလဲ ဖြေစရာမရှိ။ ဒီမေးခွန်းတွေပဲ နေ့တိုင်း မေးနေတာ။ ဖြေတာလဲ နေ့တိုင်း ဒီအဖြေတွေပဲ။
တခြားလူကို စစ်နေတဲ့ SB တစ်ယောက် ရောက်လာတယ်။ သူက မေးတယ်
"ဟေ့ကောင်၊ လုံခြုံရေးယူတယ်ဆိုတာ ဘာလဲ သိလား"
"အစ်ကိုတို့ သိတဲ့ လုံခြုံရေးရဲ့ အဓိပ္ပါယ်ကို ကျွန်တော်တို့ မသိပါဘူး၊ ကျွန်တော်တို့သိတာက လူတိုးတာ ခံရမှာ စိုးလို့ လက်ချင်းချိတ်ပြီး ကာကွယ်ပေးတဲ့ လုံခြုံရေး ကို လုပ်တာပါ"
"တစ်ယောက်ယောက်က အန္တရာယ်လာပေးရင် ဘယ်လို လုပ်မလဲ၊ ဓားနဲ့ လာထိုးမယ်၊ သေနတ်နဲ့ လာပစ်မယ်ဆို ဘယ်လို လုံခြုံရေးယူမလဲ။ မင်းတို့. လက်ကာထားတာနဲ့ လုံခြုံမလား"
"ကျွန်တော်တို့က ကိုယ့်ခန္ဓာကိုယ်နဲ့ပဲ ကာကွယ်ပေးတာပါ။ ကျွန်တော်တို့မှာ လက်နက်မရှိပါဘူး။ တစ်ခုခုဆို ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ အရင် ခံမှာပါ"
"ဘာကွ။ မင်းတို့က အသေခံတွေလား" ကဲကွာ ကဲကွာ".
အသေခံတွေလား မေးပြီး အားရပါးရ ဂျိုစောင်းတွေကို ရိုက်သွားပြန်သည်။
အပေါ့သွားချင်လာတော့ အပေါ့သွားခွင့်တောင်းသည်။ အပေါ့သွားရာလမ်း တခြားလူတွေကို စစ်နေတာ တွေ့ရသည်မှာ ကိုယ့်ထက် ဆိုးသည်။ ကိုမြင့်ကျော်၊ ကိုမြင့်ငွေတို့ကို ရိုက်နေသည်မှာ မရပ်တမ်း။ ကိုမိုးသော်ကိုလဲ နားနားရိုက်နေသည်။ ကြားမိသလောက်တော့ မေးတဲ့မေးခွန်းတွေက မကွာ။
"ဆိုင်ကယ်စီးစမ်း ဟေ့ကောင်"
ဆိုင်ကယ်စီးထိုင်နေတော့ ညို့သကြီးများကို ကြိမ်လုံးဖြင့် ထိုင်ရိုက်နေပြန်သည်၊
ခနနေတော့ ကျွန်တေိာ့အား ဒေါင့်တစ်ခုကို သွားခိုင်းသည်။
စစ်ကြောရေးခေါင်းဆောင် စစ်ထောက်လှမ်းရေးမှ ဗိုလ်ကြိးက သစ်သားဒုတ်တစ်ချောင့်းဖြင့် ဒေါသတကြိး ဝင်လာသည်။
"မင်းတို့က ဘာလဲ၊ အသေခံတွေလား၊ ပြန်မလုပ်တတ်တဲ့ကောင်တွေလား။ ကွ ။ မင်းတို့ကြောင့် ငါ အထောင်းခံနေရပြီ။ မဖြေချင်ဦးကွာ။ ကဲကွာ"
အော်ရင်း ကြိမ်းရင်း မိုးသော်ကို စရိုက်သည်။ ခောင်းကိုချည်း ရိုက်နေခြင်း ဖြစ်သည်။ တစ်ယောက်ချင်းလိုက်ရိုက်နေသည်။ စစ်နေသော အရာရှိများလဲ လန့်နေကြသည်။ မင်းလွင်ကို ရိုက်တော့ ဗိုက်တွေကိုပါ ဆောင့်ထိုးရာ ပါးစပ်မှ သွေးများပင် ထွက်လာသည်။
မင်းလွင်ပြီးလျှင် ကျွန်တော့်အလှည့်။ စောင့်ရင်း ရင်တထိတ်ထိတ်။ ခနကြာတဲ့ထိ ရောက်မလာ။ ကျွန်တော့်ကို မမြင်လို့ ကျော်သွားပြီ။ တော်ပါသေးရဲ့။
ထမင်းစား ဆိုတော့ ထုံးစံအတိုင်း ထမင်း မဲမဲကို ဥကန်စွန်းရွက်ရေ ဆမ်းထားသည်။ ငပိပင်မပါ။ ထမင်း တစ်လုပ်စာကို ရေကြည့်သည်။ ကျောက်ခဲ ၅ လုံး၊ စပါးလုံး ၁၇ စေ့။ အလုပ်တိုင်း ထိုအတိုင်း။
ငါ ထောင်ထဲမှာ သေသွားလို့မရဘူး။ စားမှ ရမှာ။ ကိုယ့်ကိုယ်ကို အားပေးရင်း အစာဝင်အောင် စားရသည်။ ညနေ ၆နာရီလောက်ရောက်တော့ တိုက်ခန်းထဲ ပြန်ထည့်ပြီး ပိတ်ထားပြန်သည်။
ဒီပဲရင်းအပြီး။ စစ်ကြောရေး တစ်ရက်တာ အမှတ်တရ။
ခန္တီးထောင်
.........
မြန်မာ့ ဒီမိုကရေစီအရေးအတွက် ခေတ်အဆက်ဆက် အသက်ပေးခဲ့ကြသူများ၊ ဘဝပေးခဲ့ကြသူများ၊ စီးပွားပျက်ခဲ့ကြသူများ၊ ပညာရေးတပိုင်းတစဖြစ်ခဲ့ရသူများ၊ မိသားစု ပျက်စီးခဲ့ကြသူများကို အလေးထားလျှက် တစ်နေ့ တစ်ရက်တာမှအစ မိမိတို့ တတ်နိုင်သလောက် ပါဝင်ခဲ့ကြသူများအားလုံးအား လေးစား တန်ဖိုးထားလျှက်ပါ။
ကျွန်တော်ကတော့ ကျွန်တော့ပါတီဝင်များရဲ့ ကျေးဇူးကြောင့် လုထုကိုယ်စားလှယ်တစ်ယောက်ဖြစ်ခွင့်ရပြီး တိုင်းပြည်တည်ဆောက်ရေးမှာ တဒေါင့်တစ်နေရာမှ ပါဝင်ခွင့် ရနေပါသည်။ အများစုကတော့ ပေးဆပ်ရုံသက်သက် ဒီမိုကရေစီရေးအတွက် ဆက်လက်ပံ့ပိုးပေးလျှက်ပါ။
မျိုးဇော်အောင်
ဒီပဲရင်းအပြီး စစ်ကြောရေး ....
Reviewed by timeayeyar
on
11:00 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment