Latest News

Sunday, February 3, 2019

တိုင်းရင်းသား လက်နက်ကိုင်များ အရေးအပေါ် ပျားပန်းခပ်လာနေသော တရုတ်


ယခု တင်ပြမည့် အကြောင်းအရာသည် South Asia Analysis Group (SAGG) ဆိုသည့် တွေးခေါ်မျှော်မြင်ရေး အဖွဲ့ကြီးမှ ထင်ဟတ်သုံးသပ်ထားခြင်း ဖြစ်ပြီး လေ့လာသိရှိထားသင့်သည် ထင်၍ တင်ပြလိုက်ရပါသည်။

ရန်ကုန်ရှိ တရုတ် သံအမတ်ကြီး နှင့် အာရှ ရေးရာ အထူး သံတမန် ဖြစ်သူ ဆန် ဂေါင်ဆီယန် တို့ ပျားပန်းခပ်မျှ လှုပ်ရှားနေသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်၏ တိုင်းရင်းသား လူနည်းစု ပြဿနာ အား ဖြေရှင်းရန် အလောသုံးဆယ် ဖြစ်လာနေကြပုံရှိသည်ဟု ယူဆရပေသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်များအား မြန်မာပြည် လွတ်လပ်ရေး ရပြီးချိန်မှစ၍ တရုတ်တို့ကပင် အားပေးအားမြှောက် ပြုကာ လက်နက်တပ်ဆင်ပေးခဲ့ကြခြင်းလည်း ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်အား မြန်မာပြည်အပေါ် နိုင်ကွက်ရထားရန် ရေနွေးအိုး ကြီး အား ပွက်သည်ထက် ပွက်အောင် မီးထိုးပေးနေခဲ့ခြင်း သာ ဖြစ်ပေသည်။

သို့သော်လည်း ၂၀၁၉ တွင် စတင်ရန် ရှိနေသည့် Belt and Road ခါးပါတ်လမ်း စီမံချက် ၂၄ ခုတွင် မြန်မာပြည်ထဲ အကောင်အထည်ဖေါ်ရမည့် လုပ်ငန်းကြီး ၆ ခု ပါရှိလာခဲ့၍ မြန်မာအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုရရန် မရှိမဖြစ် လိုအပ်လာခဲ့သောကြောင့် ယခုကဲ့သို့ မဟာဗျုဟာ ပြောင်းလဲလာရခြင်းလည်း ဖြစ်သည်။

အဆိုပါ လုပ်ငန်းကြီးများတွင် ကီလိုမီတာ ၁၇၀၀ ရှည်လျားသည့် ယူနန် မှ မန္တလေး အဝေးပြေးလမ်းမကြီး၊ ထိုမှတဆင့် ရန်ကုန်၊ ၎င်းတို့၏ အထင်ကရ ပရိုဂျက် ဖြစ်သည့် ကျောက်ဖြူ ဆိပ်ကမ်း နှင့် အထူး စီးပွားရေးဇုံ၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်အတွင်းရှိ လမ်းမကြီး များကို ပြန်လည် ပြင်ဆင် မွမ်းမံရေး တို့လည်း ပါဝင်သည်။

အဆိုပါ စီမံကိန်း များ အကောင်အထည်ဖေါ်ရေး အတွက် တရုတ်တွင် လျပ်စစ်ဓါတ်အားများ လိုအပ်လာသဖြင့် ကချင်ပြည်နယ် အတွင်း မြစ်ဆုံ အပါအ၀င် အခြား ရေအား လျပ်စစ်လုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် စိတ်အား ထက်သန် လာခဲ့ကြသည်။ ထိုအရေးသည် ယခုနှစ် ကုန်ပိုင်းတွင် ပြန်လည် စတင်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

ယခုအခါ မြန်မာသည် နိုင်ငံတကာမှ စီးပွားရေး ဒဏ်ခတ်မည်ဟု ခြိမ်းခြောက်လာခြင်းများနှင့် အတူ နိုင်ငံတကာ မျက်နှာစာတွင် တရုတ် ကို မှီခိုလာနေရပြီ ဖြစ်ပြီး ဘယ်မှ ထွက်ပေါက်မရှိဟု လည်း တရုတ်တို့ဖက်မှ မှန်ကန်စွာ သုံးသပ်နိုင်ကာ ရလာသည့် အခွင့်အရေး ကို လက်လွှတ်မခံပဲ အမိအရ အသုံးချနိုင်ရန် ကြံစည်လာခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံအား ထိုသို့ တရုတ် ရင်ခွင်ထဲ ရောက်အောင် တွန်းပို့ခဲ့သည့် ဖြစ်ရပ်၏ တရားခံသည် အနောက်နိုင်ငံများနှင့် နိုင်ငံတကာ အေဂျင်စီများပင် ဖြစ်သည်။ ဥပမာ ဆိုရက ကုလသမဂ္ဂမှ ခန့်ထားသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ပြန်လည် တည့်မတ်ရေး အထူး သံတမန် ယန်ဟီလီးသည် သူမ၏ သက်တမ်း တ၀က်မျှပင် ရှိသေးချိန်တွင် နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး များသည် အထိ ပျက်စီး ယို့ယွင်းလာနေသည်ဟု ပြောဆိုခဲ့သည်။ ဤသည်ကား သူမ၏ လုပ်ပိုင်ခွင့်ကို ဘောင်ကျော် ပြောဆိုလာခြင်း ဖြစ်ပြီး မြန်မာအစိုးရ ဖက်ကလည်း ဓမ္မဓိဌာန် ကျမှုမရှိ၊ ကျင့်ထုံးစည်းကမ်းများကို ချိုးဖေါက်သည် ဆိုကာ သူမနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခဲ့ခြင်းသည်လည်း မှန်ကန်သော လုပ်ရပ်ဟု ဆိုရမည် ဖြစ်သည်။

တပ်မတော်မှ ဒီဇင်ဘာ ၂၁ ရက်တွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့(AA မပါ) အား လေးလကြာ တဖက်သတ် အပစ်အခတ် ရပ်စဲပေးမည်ဟု ကြေငြာလာခဲ့သည်။ ဤသည်ကလည်း တရုတ်၏ ဖိအားပေးမှု ကို လိုက်လျောပေးခဲ့ရခြင်း ဖြစ်သည်မှာလည်း သေချာလှသည်။

တရုတ် သံအမတ် သည် ဒီဇင်ဘာ ၂၈ နှင့် ၂၉ တွင် ကချင်ပြည်နယ်သို့ ရောက်လာခဲ့ပြီး အနောက်တိုင်း သံတမန် များ နှင့် မိတ်ဆွေမဖွဲ့ရန် အပြင် မြစ်ဆုံဆည် စီမံကိန်း အပါအ၀င် တရုတ် လုပ်ငန်းများကို မဆန့်ကျင်ရန် သတိပေးခဲ့သည်။ ၎င်း ရောက်မလာမီ တပါတ်က အမေရိကန် နှင့် ဗြိတိန် သံတမန် များ ရောက်ရှိလာခဲ့ခြင်းကို ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။

ကချင် နိုင်ငံရေး ခေါင်းဆောင်ပိုင်းကမူ မြစ်ကြီးနား တွင် တရုတ် ကြားခံ ဆက်သွယ်ရေး ရုံး လာဖွင့်ရန် ဖိတ်ကြားခဲ့သည်။

ဇန်န၀ါရီ ဒုတိယ ပါတ်ထဲတွင်မူ ရန်ကုန်ရှိ တရုတ်သံရုံးမှ ကချင်ဒေသခံများသည် မြစ်ဆုံဆည် တည်ဆောက်ရေး ကို ကန့်ကွက်ခြင်း မရှိကြောင်းနှင့် လူပုဂ္ဂိုလ်အချို့နှင့် ပြင်ပမှ လူမှုရေး အဖွဲ့အစည်းများက သာ ဆန့်ကျင်နေကြခြင်း ဖြစ်သည်ဟု ကြေငြာချက် ထုတ်ပြန်လာခဲ့သည်။ ထို့ကြေငြာချက်အား နိုင်ငံရေး ပါတီ အများစု နှင့် လူမှု အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြသည်။

ဇန်န၀ါရီ ၁၁ ရက်တွင် တရုတ် အထူးသံတမန် ဆမ် ဂေါင်စီယန်သည် လိုင်ဇာရှိ ကေအိုင်အို ဌာနချုပ်သို့ ရောက်ရှိလာခဲ့ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ထိုဖြစ်စဉ်တွင် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံအတွင်း ကေအိုင်အေ စစ်သား ရာပေါင်းများစွာက လမ်းတလျောက် တရုတ် အလံများ နှင့် ကေအိုင်အို အလံများ ဝှေ့ရမ်းကာ ကြိုဆိုခဲ့ကြသည် ကို တွေ့ခဲ့ကြရသည်။ တရုတ် ကိုယ်စားလှယ်က ကေအိုင်အို တို့အား သည်းငြည်းခံရန် နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အတွက် လမ်းဖွင့်ထားရန် တိုက်တွန်း ဖျောင်းဖြခဲ့သည်။ ထိုအစည်းအဝေးသို့ ကေအိုင်အို ဥက္ကဌ လဘန်လ လည်း တက်ရောက်ခဲ့သည်။

ဇန်န၀ါရီ ၂၅ တွင် ဆမ် ဂေါင်စီယန် ဦးဆောင်သော တရုတ် ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ မျိုးဝင်းနှင့် ငြိမ်းချမ်းရေး တိုင်းပြည်တည်ငြိမ် ဖွံ့ဖြိုးရေး များ နှင့် ပါတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုအမတိုင်မီက လည်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ်ကြီး မင်းအောင်လှိုင်မှ ဆမ် အား နေပြည်တော်တွင် လက်ခံ တွေ့ဆုံခဲ့ပြန်သည်။ နှစ်ဖက်စလုံးက မြန်မာပြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှင့် တရုတ် မှ အကူအညီပေးရေး တို့ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲ တွင် ဆမ် မှ AA အဖွဲ့၏ နယ်ခြား ရဲကင်းများ ၀င်ရောက်တိုက်ခိုက်မှု အပေါ် အပြင်းအထန် ရှုတ်ချခဲ့သည်။ တကယ်တမ်းတွင် အဆိုပါ ဖြစ်ရပ်များက အိန္ဒိယ နယ်ခြားတွင် ဖြစ်ပွားနေခြင်းသာ ဖြစ်၍ တရုတ်တို့က အရေးစိုက် စာနာမှု မရှိလှပေ။

ကူမင်းတွင်လည်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဒုတိယ ၀န်ကြီး ဦးခင်မောင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်ချုပ် ဂွမ်းမော် ဦးဆောင်သော အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံခဲ့ကြပြန်သည်။

နှစ်ပေါင်း ခုနှစ်ဆယ်ကျော်ကြာ ပဋိပက္ခ တခုကို အစည်းအဝေး အကြိမ် အရည်အတွက် အနည်းငယ်မျှ ပြုလုပ်ယုံဖြင့် ဖြေရှင်းနိုင်ဖို့ကား မဖြစ်နိုင်ပေ။ စစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကလည်း ငြိမ်းချမ်းရေး နှင့် အပြန်အလှန် လက်ခံရေး ကို အလောသုံးဆယ် ပြုလုပ်လိုစိတ် မရှိကြပြန်ပေ။ အပြစ်အခတ် ရပ်စဲရေး ကြေငြာခဲ့သည်မှာ တလကျော်မျှ ကြာမြင့်လာပြီ ဖြစ်သော်လည်း နှစ်ဖက်စလုံး က ဆွေးနွေးပွဲများ အတွက် အမည်စာရင်း တင်သွင်းသည့် အဆင့်သာ ရှိပေသေးသည်။

စစ်တပ်ဖက်ကလည်း ဆွေးနွေးပွဲများ ကို အပြုသဘော နည်းလမ်းဖြင့် စတင်ရန်လည်း ပံ့ပိုးခဲ့ခြင်း မရှိပြန်ပေ။ ဆွေးနွေးပွဲများ မစတင်ရသေးမီမှာပင် လက်နက်ကိုင် အဖွဲ့များ အနေဖြင့် နယ်မြေချဲ့ထွင်ခြင်း မပြုရန် သတိပေးလာခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်း တိုက်ခိုက်လာခြင်းဖြင့် ဒေသအတွင်း မတည်မငြိမ် ဖြစ်ရန် ကြံဆောင်လာနေသည်ဟု ပြောဆိုလာခဲ့သည်။

၎င်းတို့ ကြေငြာထားသော အပြစ်အခတ် ရပ်စဲရေး အား လည်း တိုင်းရင်းသား လက်နက်ကိုင်များက လေးစား လိုက်နာခြင်း မရှိဟု စစ်တပ်မှ ကြေငြာခဲ့သည်။ လက်နက်ကိုင် အဖွဲ့များက ၎င်းတို့ နယ်မြေ ပြင်ပတွင် ၁၆၈ ကြိမ်မျှ လှုပ်ရှားလာခဲ့ခြင်း၊ အရပ်သား များထံမှ ၁၀ ကြိမ်မျှ ဆက်ကြေးများ အဓမ္မကောက်ယူခြင်း၊ အကြိမ် ၂၀ မျှ လူသစ်များ စုဆောင်းခြင်း၊ တပ်မတော် စစ်ကြောင်းကို ဆယ်ကြိမ်ခန့် ခြုံခိုတိုက်ခိုက်ခြင်း နှင့် နှစ်ကြိမ်ခန့် မြေမြုပ်မိုင်းများ ချခြင်း တို့ ကျုးလွန်ခဲ့ကြသည်ဟု ဆိုသည်။ ဤသည်တို့ကား အောင်မြင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး အတွက် ကောင်းသော အလားအလာ များ မဟုတ်ပေ။

တိုင်းရင်းသားများ နှင့် ရင်ကြားစေ့ရေး ရှေ့မတိုး နောက်မဆုပ် ဖြစ်လာသည့်အတွက် NLD မှ ၎င်းတို့၏ ဦးစားပေး အစီအစဉ် ကို ပြောင်းလဲလာခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်နိုင်ရန် စတင်ကြိုးပမ်းလာကြပေသည်။ သို့သော်လည်း ထိုသို့ ပြင်ဆင်ရန် ပါလီမန် ထဲတွင် ရှိနေကြသော စစ်တပ် ကိုယ်စားလှယ် ၂၅% ၏ သဘောတူညီမှု ရရန် လိုနေပေသည်။

ထိုအရေး အား စစ်တပ်မှ မည်သို့မျှ အလျော့ပေးမည့် ပုံ မတွေ့ရသေးပေ။
လှစိုးဝေ

No comments:

Post a Comment